Breaking News

ကိုဗစ်တကျော့ပြန်လှိုင်း၊ မြန်မာကျပ်ငွေတွေ ဘယ်မှာထား၊ ကိုယ်ထူကိုယ်ထ ဖယ်ဒရယ် ဗမာပြည်နယ်


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၈ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၂


ကိုဗစ်တကျော့ပြန်လှိုင်း၊ မြန်မာကျပ်ငွေတွေ ဘယ်မှာထား၊ ကိုယ်ထူကိုယ်ထ ဖယ်ဒရယ် ဗမာပြည်နယ်

စစ်ကောင်စီ သတင်းထုတ်ပြန်ချက်နဲ့  ဒီဗီဘီသတင်းကောက်နုတ်ချက်အရ မြန်မာပြည်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်ဖြစ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အယောက် ၃၈၀ ကျော် ထပ်မံပြီးတော့ စံချိန်တင်စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စက် တင်ဘာ ၂၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၂ ယောက်ရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၅၇ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆေးရုံနဲ့ စာရင်းကောက်ထားတာက ၃၈၀ ဆိုရင် ပုံမှန်သည်ထက် ပိုများနိုင်ပါတယ်။ အနည်းဆုံး ၁၀ ဆ ပိုနိုင်တာမို့ သူတို့ကောက်ခံတဲ့ ပတ်ဝန်းကျင်မှာ လူနာပေါင်း ၄၀၀၀ လောက် ကူးစက်မှု ရှိနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ရန်ကုန်မြို့တွင်းမှာ မိသားစုအလိုက် အားလုံး ဖျားနာကြပြီး ၅ ရက်နဲ့ တပတ်အတွင်း သက်သာကြတယ်လို့ ပြောပါတယ်။ သက်ကြီးသူတွေက တုပ်ကွေးဖျားနာသလို ဒဏ်ပိုခံရတယ်၊ လူငယ်တွေကတော့ နှာစေး ချောင်းဆိုး ခေါင်းကိုက် နည်းနည်းနဲ့ အဖျားဒဏ်ကို ခံကြရတယ်လို့ ဆရာဝန်တဦးက မှတ်ချက်ပေးပါတယ်။ 

ကမ္ဘာမှာ တရုတ်ပြည်ကလွဲရင် ကျန်နိုင်ငံတွေက ကိုဗစ်ကို ခံနိုင်ရည်ရှိအောင် ဒဏ်ခံပြီး ရင်ဆိုင်ဖြတ်သန်းနေကြပါပြီ။ တရုတ်ကတော့ ခုချိန်ထိ ကိုဗစ်စစ်ဆေးမှုနဲ့ လော့ဒေါင်းချတာ လုပ်နေဆဲ ဖြစ်ပါတယ်။ ယခင်က ကာကွယ်ဆေးထိုးဖို့ ထက်သန်ကြပေမယ့် ကိုဗစ်က မျိုးဆက်ပြောင်းတာ အလွန်မြန်တာမို့ ကိုဗစ်ဆေးလည်း စိတ်မဝင်စားကြတာလည်း ဖြစ်ပါတယ်။ ယခင်ကလောက်လည်း သေနှုန်းက မမြင့်မားတော့ပါ။ လူတွေက ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားကြရပါတယ်။ မျက်နှာဖုံးတပ်တဲ့ ကြိုတင်ကာကွယ်မှုကို လူတိုင်းက ဆက်လက်စွဲကိုင်ထားဖို့လိုတယ်လို့ ကျန်းမာရေးဌာနတိုင်းက အကြံပေးပါတယ်။

NUG အစိုးရက ကိုယ်ပိုင် ဘဏ္ဍာရေးစနစ်တွေ စီမံကိန်းတွေ ထုတ်ပြီး ရန်ပုံငွေတွေ စုဆောင်းတာကို လုပ်နေပါတယ်။ အခြားသော ထောက်ပို့အစုအဖွဲ့တွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ ရန်ပုံငွေ ရှာဖွေ စုဆောင်း ဖြန့်ချိနေကြပါတယ်။ စစ်ကောင်စီ ချုပ်ကိုင်ထားတဲ့ ဗဟိုဘဏ်နဲ့ အွန်လိုင်းဘဏ်စနစ်တွေထဲက ဝေ့ပေးနဲ့ ကေပေးဟာ လက်ရှိအချိန်မှာ စားသုံးသူတွေနဲ့ အဆင်မပြေမှုတွေ စစ်ကောင်စီ၏ စွက်ဖက်ပိတ်ဆို့မှုတွေ ခံစားနေရပါတယ်။ စစ်ကောင်စီကိုယ်တိုင်က တရုတ်ငွေစက္ကူ ရုရှားငွေစက္ကူကို အမေရိကန် ဒေါ်လာနေရာမှ အစားထိုးချင်နေသလို မြန်မာပြည်သူတွေဘက်ကတော့ ဒေါ်လာနဲ့ပဲ တိုက်ရိုက် စျေးတွက်အလုပ်လုပ်ဖို့ ပိုအလေးသာလာပါတယ်။ 

နိုင်ငံတကာမှာ ဒေါ်လာငွေစျေးက အလွန်မာနေပြီး အမေရိကန်နဲ့ နိုင်ငံအားလုံးက ငွေကြေးဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ ယူကေက ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဖို့ ဝင်ငွေခွန်တွေ လျှော့ကောက်မယ်ပြောပြီးနောက် သူတို့ ငွေစျေးထိုးဆင်းသွားတကြောင့် သူတို့၏ ငွေချေးစာချုပ်တွေ အတိုးကြီးပေး ပြန်ဝယ်ပြီး အဖတ်ဆယ်နေရပါတယ်။ စစ်ကောင်စီက ဒီငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးနှေးကွေးမှုတွေ မတိုင်ခင်ကတည်း သူ့ဆေးခါးကြီး သူဖော်ပြီး ဒေါ်လာကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကြောင့် ကမ္ဘာငွေကြေး ဖောင်းပွမှု အကျပ်အတည်းမှာ အခုထက်ပိုပြီး ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရလိမ့်မယ်လို့ ကုန်သည်ရပ်ကွက်က ခန့်မှန်းပါတယ်တဲ့။ အဲဒါကြောင့် ပြည်သူတွေက မြန်မာငွေစက္ကူကို စုဆောင်းထားတာထက် အခြားအရင်းအမြစ်တွေကို ဝယ်ထားကြတယ်လို့ ဆိုပါတယ်။ အဲသည်လို အရင်းအမြစ်တွေထဲမှာ NUG က ထုတ်လုပ်တဲ့ Bond တွေ EoD Project တွေ Share တွေ NUG DMMK ကျပ်တွေလည်း ပါပုံရတယ်လို့ သူတို့က မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီကတော့ သူတို့၏လမ်းပြမြေပုံအတိုင်း ဆက်လက် လျှောက်နေဆဲ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေနဲ့ NCA မူဘောင်တွေပေါ် အခြေခံပြီး နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထိန်းချုပ် ကန့်သတ်ထားဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နေပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ သူတို့ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA/မိုင်းလား) နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ကိုယ်စားလှယ်တို့က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး တွေ့ဆုံနေပါတယ်။ ဆွေးနွေးပွဲကာလမှာ “ဝ” ပြည်နယ်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ဖို့ မူအားဖြင့် သဘောတူညီတယ်လို့ သတင်းလည်း ထွက်လာပါတယ်။ 

စစ်ကောင်စီဘက်က သူတို့နည်းသူတို့ဟန်နဲ့  သူတို့လက်ဝေခံဖယ်ဒရယ်ယူနစ်တွေ ထူထောင်တာ ချဲ့ထွင်တာတွေ လုပ်ဆောင်နေချိန်မှာ နွေဦးတော်လှန်ရေးသမိုင်းအလှည့်အပြောင်းကနေ တော်လှန်သောပြည်သူတွေ၏ ကျောထောက်နောက်ခံနဲ့ သစ်လွင်သော ဖယ်ဒရယ်ယူနစ်တွေ ထွက်ပေါ်လာတာကို ဥပေက္ခာပြုထားပုံရပါတယ်။ ဖယ်ဒရယ်အဟောင်းအမြစ်တွေကနေ လူထုလက်ခံတဲ့ ဖယ်ဒရယ်ယူနစ်အသစ်တွေ ထွက်ပေါ်နေတဲ့အထဲမှာ ကချင်၊ ကရင်၊ ကယားနဲ့ ချင်းဒေသတွေအပြင် ဗမာလူမျိုးအများစု၏ ကျောထောက်နောက်ခံနဲ့ စစ်ကိုင်း မကွေး အခြေပြု ဗမာဖယ်ဒရယ်ယူနစ် လို့ ဆိုရမယ့် ဗမာပြည်နယ်သစ်တွေ ပေါ်ထွက် ခြေကုပ်ယူနေပြီလို့ ဆိုနိုင်ပါတယ်။ 

NUG ၏ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ်က ကျေးလက်ကို အခြေခံ မြို့ကိုပတ်ဝိုင်းပြီး တရားသောစစ်ကို ဆင်နွှဲသွားရမယ်လို့ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ရေဒီယိုမိန့်ခွန်းပြောကြားရာမှာကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ်က ဆိုပါတယ်။ တောင်တန်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေက နေရာယူထားပြီးတဲ့နောက် မြေပြန့်ဒေသက ကျေးလက်ဒေသအခြေခံဆိုတာဟာ ဗမာလူမျိုးတွေ အများစုရဲ့ တော်လှန်သော အညာဒေသကနေ ဖြန့်ကြက်သွားလိမ့်မယ်လို့ ယူဆနိုင်မယ် ထင်ပါတယ်။

ယခင်ကာလတွေတုန်းက တိုင်းရင်းသားတွေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုအတွက် ယူနစ်တွေ ဆွေးနွေးကြတော့ တိုင်းရင်းသားအခြေခံ ပြည်နယ်တွေလိုပဲ ဗမာလူမျိုးတွေအတွက် ပြည်နယ်တခု သတ်မှတ်သင့်တယ်လို့ ဆွေးနွေးခဲ့ကြဖူးပြီး ယခုအချိန်မှာ တော်လှန်ရေးရဲ့ လှိုင်းများ ရုန်းကန်မှုများကနေ တွန်းပို့မှုနဲ့ ဗမာပြည်နယ်ယူနစ်တခု ရုပ်လုံးပေါ်လာပြီလို့ ဆိုရမည်လား မသိပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar