Breaking News

မောင်စွမ်းရည် - တို့ဗမာမူ လှူကြမယ်၊ ကူကြမယ်

မောင်စွမ်းရည် - တို့ဗမာမူ လှူကြမယ်၊ ကူကြမယ်

(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၀၂၂


ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတခုကတော့ အလှူအတန်း၊ အပေးအကမ်း ရက်ရောတာပဲ။ ကျနော်တို့နိုင်ငံဟာ သယံဇာတကြွယ်ဝချမ်းသာတာကြောင့် တကြောင်း ဖြစ်နိုင်ပါတယ်။ နောက်တကြောင်းကတော့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာက ဗုဒ္ဓဘာသာဖြစ်ပြီး ဒီဘာသာက လှူဒါန်းပေးကမ်းခြင်းကို အားပေးချီးမြှောက်တဲ့ ဘာသာဖြစ်လို့ ဆိုတာလည်း အကြောင်းတခု ဖြစ်နိုင်ပါတယ်။ နိုင်ငံခြားသားတွေက မြန်မာလူမျိုးတွေဟာ အမြဲတမ်း ပျော်ပျော်ပါးပါးနဲ့ လှူတန်းပေးကမ်းပြီး တီးမှုတ်ကခုန်နေကြတာကို မြင်တွေ့နေရတာကို ချီးမွမ်းအံ့ဩကြပါတယ်။

မြန်မာပြည်မှာ လစဉ်လတိုင်း အထူးဘုရားပွဲတော်များ ရှိပါတယ်။ တနိုင်ငံလုံး ကျင်းပကြတဲ့ လစဉ် ပွဲတော်များအပြင် ဒေသအလိုက် အထူးတရားပွဲတော်များလည်း ရှိပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က ကျောင်းမှာ ၁၂ ရာသီပွဲအကြောင်းကို သင်လည်း သင်ရတဲ့အပြင် စာစီစာကုံးအဖြစ်လည်း ရေးခဲ့ကြရဖူးပါတယ်။ တန်ခူးလ- ရေသဘင် သင်္ကြန်ပွဲ၊ ကဆုန်လ- ညောင်ရေသွန်းပွဲ၊ နယုန်လ - စာပြန်ပွဲ၊ ဝါဆိုလ - ဝါဆိုပွဲ စသည်ဖြင့် ဖြစ််ပါတယ်။

ဒီပွဲတော်တွေမှာ နိုင်ငံသားတိုင်း ပါဝင်ဆင်နွှဲကြပါတယ်။ ပေးကမ်းလှူတန်းကြပါတယ်။ အဆို၊ အက၊ အတီးအမှုတ်တွေနဲ့လည်း ပါဝင်ကခုန် ဆင်နွှဲကြပါတယ်။ မြန်မာပြည်ကို အလည်အပတ် ရောက်လာခဲ့ကြတဲ့ နိုင်ငံခြားသားတွေနဲ့ အထူးသဖြင့် မြန်မာပြည်ကို သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုးတွေက မြန်မာလူမျိုးတွေအကြောင်းကို ရေးသားကြတဲ့အခါမှာ မြန်မာလူမျိုးတွေဟာ ၁၂ ရာသီ ပေးကမ်း လှူတန်းပြီး ပျော်ပျော်ရွှင်ရွှင် သီဆိုကခုန်နေလေ့ရှိတာကို တအံ့တဩ ရေးသား မှတ်တမ်းတင်ခဲ့ကြပါတယ်။

မှန်ပါတယ် မြန်မာလူမျိုးတွေကိုယ်တိုင်က ‘တမူး ရလို့ တပဲလှူ’ တဲ့ လူမျိုးလို့ ဆိုရိုးရှိပါတယ်။ နေ့စဉ်နေ့တိုင်း အိမ်ရှေ့တံခါးဝမှာ သူတောင်းစားကနေ သီလရှင်၊ ဘုန်းတော်ကြီးများအထိ အလှူခံပုဂ္ဂိုလ်တွေ ရှိနေတတ်ပါတယ်။ အလှူရေစက် လက်နဲ့မကွာ ဆိုတဲ့ စကားနဲ့လည်း အမြဲ ဂုဏ်ယူ‌ ပျော်ရွှင်နေလေ့ရှိပါတယ်။

မြန်မာလူမျိုးတွေဟာ နေ့စဉ် ပေးကမ်းစွန့်ကြဲနေရုံနဲ့ အားမရပါဘူး။ ဘဝမှာ တခါတော့ အလှူကြီးတခု ပေးလှူဖို့ ရည်မှန်းထားမြဲ ဖြစ်ပါတယ်။ အထူးသဖြင့် သားသမီးရှိသူများက ရှင်ပြု နားသ မင်္ဂလာပွဲ ပြုလုပ် ကျင်းပဖို့ဆိုတာ ဘဝရည်မှန်းချက် ဖြစ််ပါတယ်။ 

အဲသလို အလှူဒါနများနဲ့ တွဲပြီး ဘုရားတည်၊ ကျောင်းဆောက်ဖို့လည်း ရည်မှန်းကြပါတယ်။ ဘုရားဒါယကာ၊ ကျောင်းဒါယကာ၊ ဇရပ်ဒါယကာ ဆိုတဲ့ ကိုယ်ပိုင်ဂုဏ်ပုဒ်၊ ကိုယ်ပိုင်ဘွဲ့ကို ခံယူဖို့ ရည်မှန်းလေ့ရှိပါတယ်။ ဘုရားတည်၊ ကျောင်းဆောက် လှူတန်းပြီးရင် မိမိတို့ကို သူတပါးက ပေးပို့တဲ့ ဖိတ်စာမှာရော မိမိတို့ကိုယ်တိုင် ပေးကမ်းတဲ့ ဖိတ်စာတွေမှာရော ‘ဘုရားဒါယကာ’၊ ‘ကျောင်းဒါယာ’ ဆိုတဲ့ ဘွဲ့ထူး, ဂုဏ်ထူးများ ထည့်သွင်း ရေးသားရရင် သေပျော်ပြီ ဖြစ်ပါတယ်။

ခုခေတ်မှာ ထူးခြားလာတဲ့ အသံတသံကတော့ ဆရာတော် ဘုန်းတော်ကြီးများကိုယ်တိုင်က အလှူ့ဒါယကာ မြန်မာလူမျိုးတွေကို ‘ဘုရားတည်၊ ကျောင်းဆောက် လှူဒါန်းကြတာ တော်ပါတော့၊ ရွှေပြားကပ်တာ၊ ရွှေချတာတွေ ရပ်ကြပါတော့။ ခုလို ပေးကြ လှူကြမယ့်အစား အိုးမဲ့အိမ်မဲ့၊ ဝတ်ရမဲ့ စားရမဲ့ ဆင်းရဲသားပြည်သူတွေကိုပဲ ဝတ်စရာ၊ စားစရာတွေ ပေးကြ လှူကြပါတော့’လို့ လမ်းညွှန် တိုက်တွန်း နှိုးဆော်လာကြပါတယ်။

ကျွန်တော်တို့ဟာ မြင်းခြံနယ်မှာ မွေးဖွားလာခဲ့ပေမဲ့ မန္တလေးမှာ ပညာသင်ရတဲ့အချိန်က ပိုများပါတယ်။ ကဗျာဆရာ တင်မိုးနဲ့အတူ ကျွန်တော်တို့တတွေဟာ စာပေဝါသနာရှင်တွေ ဖြစ်ကြတဲ့အတွက် လူထုဦးလှ၊ လူထုဒေါ်အမာတို့နဲ့ မိဘသဖွယ် ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ လူထုမိဘများနဲ့ နွယ်ပြီး အရှင်ဇနကာဘိဝံသကျောင်း၊ မဟာဂန္ဓာရုံကို ရောက်ခဲ့ကြရပါတယ်။

အရှင်ဇနကာဘိဝံသဆရာတော်ကြီးက မြန်မာလူမျိုးတွေဟာ ဘုရားတည်၊ ကျောင်းဆောက်တာတွေ လိုတာထက် ပိုနေပါပြီတဲ့။ ဘုန်းကြီးတွေကို လှူတန်းတွေလည်း များလှပါပြီတဲ့။ မြန်မာပြည်မှာ အိုးမဲ့အိမ်မဲ့၊ ဝတ်ရမဲ့ စားရမဲ့ ပြည်သူတွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့သားသမီးတွေမှာလည်း ပညာမသင်နိုင်ကြ၊ ကျောင်းမနေနိုင်ကြလို့ မြန်မာပြည်မှာ ပညာမဲ့ ပြည်သူတွ ပိုများပြားနေပါတယ်တဲ့။ ဒါကြောင့် ဘုရားတည်၊ ကျောင်းဆောက်မယ့်အစား၊ ဘုန်းတော်ကြီးတွေကိုပဲ လှူတန်းကြမယ့်အစား၊ ဆင်းရဲသား ပြည်သူတွေကိုလည်း ကျွေးပါ၊ မွေးပါ၊ ပေးပါ ကမ်းပါ၊ လှူတန်းကြပါဦး ... တဲ့။ မရှိသူတွေကို ပေးတာ ကမ်းတာ၊ စားရမဲ့ သောက်ရမဲ့သူ၊ လူဆင်းရဲတွေကို ပေးတာ ကမ်းတာ၊ လှူတာ တန်းတာက ပိုပြီးအကျိုးရှိပါတယ်တဲ့။

ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ပြောတဲ့၊ ရေးတဲ့ စာတွေ မကြာမီက အင်တာနက်၊ ဖေ့စ်ဘွတ်တွေမှာ တက်လာတာ ပြန်ဖတ်ရပါတယ်။

“ဘုရား မတည်နဲ့တော့၊ ဘုန်းကြီး မလှူနဲဲ့တော့လို့ ပြောလို့ ကျုပ်ကို ကွန်မြူနစ်လို့ ပြောတာ ခံရပါတယ်”တဲ့။

ခုလို ဖတ်ရတော့ ကွန်မြူနစ်နဲ့ ဆရာတော်ကြီးနဲ့ ဒီနေရာမှာ သဘောတိုက်ဆိုင်နေပါလားလို့ အံ့ဩဖွယ် သိရှိမှတ်သားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီသဘောထား၊ ဒီတရားကို ပြန်လည်ဖြန့်ချိတာတွေ မလုပ်ရဲ၊ မလုပ်ဝံ့ပါ။ ဆရာတော်ကြီးကိုတောင် ကွန်မြူနစ်လို့ ပြောမှတော့ သာမန်လူတွေ ပြောရင်း ဘာမြူနစ်လို့ ပြောမယ် မဆိုနိုင်ပါ။

ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ခုခေတ်မှာ မြန်မာလူမျိုးတွေအနေနဲ့ အလှူဒါနလမ်းကြောင်း ပြောင်းလာတာကို အံ့ဩဖွယ် သတိပြုမိလိုက်ပါတယ်။

ခုကြည့်၊ ကျောင်းသား လက်နက်ကိုင်တွေ (သူပုန်ကျောင်းသားတွေ)ကို လက်နက်တပ်ဖို့တဲ့ ငွေလှူနေကြပါတယ်။ ဒီလက်နက်တွေနဲ့ ကျောင်းသားသူပုန်တွေက ဘယ်ရန်သူကို တိုက်မှာလဲ။ အများသိကြတဲ့အတိုင်း အာဏာလု၊ အာဏာသိမ်းစစ်တပ်ကို တွန်းလှန်တိုက်ခိုက်မှာ ဖြစ်ပါတယ်။

ဒီလို ဘာကြောင့် လှူကြသလဲ။ အာဏာသိမ်းစစ်တပ်ဟာ အကုသိုလ်ကောင်တွေလို့ သတ်မှတ်လို့ ဖြစ်ပါတယ်။ စစ်ခွေးတွေကို သတ်ရင် ကုသိုလ်ရတယ်လို့ ယုံကြည်လို့သာ ဗုဒ္ဓဘာသာ မြန်မာပြည်သူတွေက ကျောင်းသားသူပုန်တွေကို ငွေကြေး၊ အစားအစာ စသည် လှူကြတာ ဖြစ်ပါတယ်။ ဘုရားတည်ဖို့၊ ကျောင်းဆောက်ဖို့ မဟုတ်ပါ။ အာဏာလု၊ အာဏာသိမ်းစစ်တပ်ကို တွန်းလှန်တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရင် ကုသိုလ်ရတယ်လို့ ယုံကြည်လို့ လှူကြတာ ဖြစ်ပါတယ်။ 

အာဏာလု၊ အာဏာသိမ်း၊ စစ်ခွေးတွေ ကျဆုံးပါစေ။

မြန်မာပြည်သူတွေ ပိုမိုလှူနိုင် တန်းနိုင်ကြပါစေ။


မောင်စွမ်းရည်

(ခေတ္တ-နယူးယောက်)

၂၀၂၂၊ စက်တင်ဘာ ၂၈



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar