Breaking News

တူမောင်ညို - မင်းအောင်လှိုင်ကိုတောင် ထိုးကျွေးပစ်နိုင်သေးတယ်


တူမောင်ညို - မင်းအောင်လှိုင်ကိုတောင် ထိုးကျွေးပစ်နိုင်သေးတယ်

(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၂

၂၇-၉-၂၀၂၂ မှာကျင်းပတဲ့ (စကစ) အစည်းအဝေး (၈/၂၂) မှာ မင်းအောင်လှိုင်က အောက်ပါ အချက် ၃ ချက် ကို အသေဆုပ်ကိုင်ထားပြီး အလျှော့မပေးစတမ်း ပြောနေပါတယ်။

- “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို မျက်ကွယ် ပြု၍မရကြောင်း”

- “ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးအပ်မည် ဖြစ်ကြောင်း” 

- “လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလမ်းကြောင်းများမှ ဆောင်ရွက်၍မရကြောင်း”

တကယ်တော့ ၂၀၀၈ အခြေခံဥပဒေနဲ့ (NCA) ဘောင်ထဲမှာ ဘာမှမရှိပါဘူး။ လှည့်ဖြားမှုနဲ့ အကြမ်းဖက်မှုကလွဲပြီး တခြားဘာမှ မရှိဘူးဆိုတာ “၂၀၁၁ ခုနှစ်ကနေ ယနေ့ကာလအတွင်းမှာ” ခင်ဗျားတို့ ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ ခါးခါးသီးသီး ရင်ဆိုင်တွေ့ခဲ့ကြရပြီးပြီပဲ မဟုတ်လား။ စစ်အုပ်စုက သူ ပေးချင်သလောက်ပေးမယ်၊ သူတို့ ပေးချင်တာပေးမယ်။ သူတို့ ပေးချင်တာထက် ကျော်သွား၊ လွန်သွား၊ ပိုပါသွားမယ်ဆိုရင်၊ သူတို့ မပေးချင်တာပဲ ပါသွားမယ်၊ ဖဲ့ယူသွားမယ် ဆိုရင်တော့ မလုပ်ရဲတာမရှိဘူး ဘာမဆိုလုပ်မှာပဲ။ “မျိုးစုံလုပ်တယ်” လို့လည်း ဗြောင်အကျဆုံး ပြောနေတာပဲမဟုတ်လား။

၁-၂-၂၀၂၁) မှာ မင်းအောင်လှိုင်က အာဏာသိမ်းတာရဲ့ အနှစ်သာရက အဲဒီချက်ပါပဲ။ ဒီလောက်ရှင်းတာကို ကိုယ့်ဟာကိုယ် ရှုပ်အောင် ကြည့်မနေသင့်ကြဘူး။ “မဲမသမာမှု” ဆိုတာ လုပ်ကြံလီဆယ်ထားတဲ့ အကြောင်းပြချက် သက်သက်ပဲဖြစ်တယ်။ ဗိုလ်နေဝင်းက ၁၉၆၂ မှာ အာဏာသိမ်းတုန်းကလည်း “ဖက်ဒရယ်မူ” ဆိုတာ လုပ်ကြံလီဆယ်ထားတဲ့ အကြောင်းပြချက်ပဲလေ။ အာဏာသိမ်းဖို့အတွက် အကြောင်းပြချက်တစ်ခုခုတော့ လိုတယ်။ အဲဒီအကြောင်းပြချက်က ရှေ့ နောက် ညီဖို့တို့ - ဆီလျော်ဖို့တို့ဆိုတာတွေ မလိုပါဘူး။ “ငါတို့ သိမ်းချင်လို့ သိမ်းတယ်ကွာ” ဆိုတဲ့ စကားကို တိုက်ရိုက် မပြောချင်လို့ အဲဒီစကားလုံးတွေအစား အခြားစကားလုံးတွေနဲ့ ပြောတာမျိုးသာ ဖြစ်ပါတယ်။ 

အခုလည်းကြည့်လေ ဒီကောင်တွေ ပြောတော့ ကြိုတင်ကန့်သတ်ချက် မထားဘဲ ဆွေးနွေးမှာတဲ့။ အခုတော့ “၂၀၀၈ အခြေခံဥပဒေနဲ့ (NCA) ဘောင်” ဆိုတာကို အသေဆုပ်ကိုင်ထားတယ်။ ဗိုလ်နေဝင်းတုန်းကလည်း “၁၉၇၄ အခြေခံဥပဒေ” ကို အသေကိုင်ထားပြီး “မဆလ”တစ်ပါတီမှ အပ အခြားပါတီတွေ တည်ရှိခွင့်ကို လုံးဝပယ်ချထားခဲ့တယ်။ 

အခု “၂၀၀၈ အခြေခံဥပဒေ” ဆိုတာက စစ်အုပ်စုရဲ့အကျိုးစီးပွားကို ကြီးကြီးမားမား ဆိုးဆိုးရွားရွားမထိခိုက်သရွေ့ “နိုင်ငံရေးပါတီတွေ တည်ရှိခွင့်ရှိတယ် - ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုနိုင်တယ် - ရွေး/ကော်(UEC) တည်ရှိနိုင်တယ်”။ အဲဒီလိုမှ မဟုတ်ဘဲ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှု - ရွေးကောက်ပွဲရလဒ် နဲ့ ရွေးကော်(UEC) တို့ရဲ့လုပ်ဆောင်ချက်တွေက စစ်အုပ်စုရဲ့အကျိုးစီးပွားကို ထိရှပွန်းပဲ့လာပြီဆိုရင် စစ်အုပ်စုက အားလုံးကို တစမကျန် ဖျက်သိမ်းပစ်မှာဖြစ်တယ်။ 

အခုလည်း မင်းအောင်လှိုင်က “ဖက်ဒရယ်” နဲ့ပတ်သက်လို့ အပြတ်ပဲပြောလာပြီ။ “ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ် အခွင့်အရေးများကိုသာ ပေးအပ်မည်” တဲ့။ “ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်အခွင့်အရေး” ဆိုတာကို တခြားဘယ်သူကမှ အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူး။ စစ်အုပ်စုကပဲ အဆုံးအဖြတ်ပေးမှာဖြစ်တယ်။ ဒီကောင်တွေ အဓိကပြောချင်တဲ့ စကားကတော့ “ငါတို့ ပေးသလောက်ပဲ မင်းတို့ရမယ်” ဆိုတာပါပဲ။ ဒီစကားကို တုံးတိ မပြောချင်သေးလို့ ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်အခွင့်အရေးများကို ပေးအပ်မည်” လို့ပြောတာပါ။ 

ကျနော်တို့ဟာ တကယ့်ဒီမိုကရေစီနဲ့တကယ့် ဖက်ဒရယ်၊ တကယ့်တန်းတူရေးနဲ့ တကယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အမှန်ပဲ လိုလားတယ်ဆိုရင် “စစ်အုပ်စု - စစ်အစိုးရ- စစ်အာဏာရှင်စနစ်” – “၂၀၀၈ အခြေခံဥပဒေ နဲ့ (NCA) စာချုပ်” တို့ကို အကုန်စင်သုတ်သင်ပစ်နိုင်ဖို့လိုအပ်တယ်။ ဒီလိုမှ မဟုတ်ဘဲ “၂၀၀၈ အခြေခံဥပဒေ နဲ့ (NCA) စာချုပ်”ဆိုတဲ့ဘောင်ထဲကပဲ သွားမယ်ဆိုရရင်တော့ စစ်အုပ်စုက စွန့်ကြဲသလောက်ပဲရမယ်။ အဲဒီအချက် ၂ ချက်ကို ဘယ်လိုသဘောထားကြသလဲ ဘယ်အချက်ကို လိုက်ပါလုပ်ဆောင်ကြမလဲဆိုတာက အားလုံးအတွက် အဆုံးအဖြတ်ပါပဲ။ မင်းအောင်လှိုင်တို့ စစ်အုပ်စုအဖို့ အခုအချိန်ကာလဟာ ဘယ်တုန်းကမှနဲ့မတူအောင် ပြည်တွင်း ပြည်ပ အကျပ်အတည်းဆိုက်နေတာပါ။ သူတို့ အကျပ်အတည်းအပေါ် မူတည်ပြီး ဒီနေ့”အပေးအယူ” စကားတွေ ပြောလာနေတာပါ။ မင်းအောင်လှိုင်တို့ ပြောနေတဲ့ အပေးအယူစကားက “၂၀၀၈ အခြေခံဥပဒေ နဲ့ (NCA) စာချုပ်”ဆိုတဲ့ ဘောင်ထဲကနေ ပြောနေတာ မဟုတ်လား။ 

တကယ်တော့ အဲဒါဟာ ပေးနေတာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ “နိုင်ငံရေးနဲ့လွတ်လပ်မှု” ဝိညာဉ်ကို နုတ်ယူဖို့ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ “တပ်နဲ့နယ်မြေ” ကို စုပ်ယူဝါးမျိုပစ်ဖို့ ဖြစ်တယ်။ ခင်ဗျားတို့လည်း “လူအ” တွေမှ မဟုတ်တာ။ ဒီလောက်တော့ “ပါးနပ်” ကြပါတယ်။ ဟုတ်တယ် - မဟုတ်လား။ 

စစ်အုပ်စုက လက်ရှိရင်ဆိုင်နေရတဲ့ သူတို့အခက်အခဲတွေ ဒီထိထက်ပိုပြီး ကြီးမားကျယ်ပြန့်လာပြီဆိုရင် သင်းတို့ ထုံးစံအတိုင်း ဘာမဆိုလုပ်မှာ/ မျိုးစုံလုပ်ကြမှာ ဖြစ်တယ်။ စစ်အုပ်စုအတွက် သေရေရှင်ရေး အရေးအပေါ် လိုအပ်လာပြီဆိုရင် "မင်းအောင်လှိုင်"ကိုတောင် ထိုးကျွေးပစ်နိုင်သေးတယ်။ "ဗိုလ်စောမောင်နဲ့ ဗိုလ်ခင်ညွန့်" တို့ဟာ စစ်အုပ်စုရဲ့ မတူတဲ့ လိုအပ်ချက်ပေါ်ကနေ ထိုးကျွေးပစ်လိုက်တဲ့ 'နယ်ရုပ်တွေ'သာ ဖြစ်တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar