Breaking News

လင်းလက်နွေဦး - ခေတ်သစ်ဝေသာလီ

ခေတ်သစ်ဝေသာလီ
လင်းလက်နွေဦး
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၂
 
တနေ့ကပေါ့၊ ကျနော့်အိမ်က အဲကွန်ပရပ်ဆာကြီး လူမ’သွားတယ်။ လူမစွမ်း နတ်မ’ မဟုတ်ဘူး၊ နတ်တွေ မစွမ်းလွန်းလို့ လူတွေ မ’သွားတာ။ ဟုတ်တယ်လေ၊ ဘာလေးညာလေးမှ မဆက် သရင် ကိုင်လိုက်မယ်၊ ဖမ်းစားလိုက်မယ်နဲ့။ ခုတော့ အိမ်လေးတောင် ကြည့်ပေးဖော်မရဘူး။ ဖြူးဆရာတော်ပြောသလို ကိုယ့်အုန်းသီးတောင် ကိုယ် သယ်မပြေးနိုင်တဲ့နတ်တွေမဟုတ်လား။ ခုလည်း နေ့ခင်းကြောင်တောင်ကြီးဗျာ၊ လူတွေ လေးငါးယောက် ခြံထဲခိုးဝင်ပြီး၊ ဒီ ‘ကွန်ပရပ်ဆာနဲ့ မော်တာ’အတွဲလိုက်ကြီးကို ခိုးထုတ်သွားတာ။ ဘေးခြံတွေကလည်း ကျနော်တို့ခိုင်းထားတာထင်လို့တဲ့။ ထင် ထင်ပါစေအုံး၊ ခေါင်းလေးဘာလေး ထောင်ကြည့်ကြပေါ့။ အဲလိုလည်း မဟုတ်ကြပါဘူး။ ကြောက်ကြတာလည်း ပါမှာပေါ့။ ခုခေတ်က လူဆိုးသူခိုးဆိုတာ အုံနဲ့ ကျင်းနဲ့။ အိမ်ရှင်မရှိတဲ့ခြံထဲ ပျော်ပွဲစားထွက်လာကြတယ်ထင်ပါ့။ CDM ဆိုတော့ လင်ရော မယားပါ အလုပ်ထွက်လုပ်၊ ကလေးတွေက တိတ်တိတ်ပုန်း စာသင်သွားနေတော့၊ တနေကုန် ဒီအိမ်မှာ လူမရှိဘူးလေ။ အရင်ကဆို ကျနော့်မိန်းမက အခန့်သား၊ ဆရာကတော် ဆရာကတော်နဲ့၊ မမ...မမနဲ့၊ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကတောင် တမတည်း မနေကြတာ။ ခုတော့ ကျနော့်မိန်းမခမျာ...။

ဒီလောက်တောင် အားမကိုးရသူတွေ၊ သူတို့လည်း အခိုးခံရပါစေလို့ ကြိတ်ဆုတောင်းနေမိတယ်။ ‘အရှင်ဘုရား တပည့်တော်ကို ပိန်အောင် လုပ်မပေးနိုင်ရင်၊ သူငယ်ချင်းတွေကိုတော့ ဝ’အောင် လုပ်ပေးပါ’ ဆိုသလိုပေါ့။ ဒါပဲ ရှိတယ်လေ။ ဘယ်သူ့အဖေခေါ်ရမှန်းမသိတဲ့ခေတ်ကိုး။ ‘အမေပျောက်ပြီး ပထွေး ခြောက်နေတယ်’ ပြောရ အောင်လည်း ကိုယ်က ခွေး အဖေမတော်ချင်။ အမေကလည်း ထန်းပလက်နဲ့ လာရိုက်လိမ့်မယ်။ အုပ်ချုပ်ရေးမှူးလည်း သွားမတိုင်ဘူး၊ သူတောင် အိမ်ခေါင်းထဲက ထွက်ရဲတာ မဟုတ်ဘူး။ ရဲတိုင်ဂတ်တိုင် ရအောင်လည်း ကိုယ့်ကောင်တွေက တုတ်တုတ်မျှ မလှုပ်။ ဗြောက်ကိုင်ပြီး ဂွကြောက်နေတဲ့ကောင်တွေ ထင်ပါရဲ့။ ဒင်းတို့က လက်နက်မဲ့တွေရှေ့မှာသာ လက်နက်ကြီး တကားကားနဲ့ လုပ်ရဲတာလေ။ ‘လေးဂွ’လည်း ဟုတ်ချင်မှဟုတ်မှာ၊ ‘ပြူ’တွေဖြစ်နေရင် နားကားမှာလေ၊ ဟိုက တေနတ်တွေက ရှယ်ဆင်ပေးထားတာကိုး။ ဒါနဲ့ ဗေဒင်မေးကြည့်တယ်၊ ပျောက်တဲ့နေ့နဲ့ တွက်ရတာ ထင်ပါ့၊ လုံခြုံတဲ့နေရာ ရောက်သွားပြီတဲ့။ ဒန်းပန်းကိုဇောက်ထိုးထား ‘သူ့နေရာ သူ ပြန်ထား... သူ့နေရာ သူ ပြန်ထား’လို့ (၇)ခေါက် ရွတ်၊ (၇)ခေါက် ရိုက်။ တော်သေးတယ်၊ ဗေဒင်ဆရာက အသိမို့လို့။ မဟုတ်ရင် ဆန်အပိုကုန်သွားအုံးမယ်။

ပေါ်ပူဆိုင်(အဟောင်းဆိုင်)တွေ ပတ်ရှာတယ်။ ဘယ်လာရောင်းတယ် ပြောမလဲ။ လာရောင်းလည်း မရောင်းဘူးပေါ့။ တစစီတောင်ဖြုတ်ပြီးလောက်ပြီ။ ဘေးအိမ်က အဒေါ်ကြီးက အားပေးတယ်၊ သူ့တူတယောက် ‘ဒိုင်နမို’ပျောက်တုန်းကတော့ မေမြို့က တွေ့လာတာတဲ့လေ။ ကံဆိုးချင်တော့ သူခိုးက ပိုင်ရှင့်အမျိုးတွေဆီ သွားရောင်းမိသား ကြုံတယ်။ အဲကလူတွေကလည်း စက်ကိုမြင်ဖူးလို့လား၊ စက်မှာ နာမည်များပါနေလို့လားမသိပါဘူး။ ရွာကို လှမ်းဖုန်းဆက်တော့၊ ဒီကလူ သွားကြည့်၊ သူခိုးဈေးနဲ့ ပြန်ယူလာခဲ့တယ်။ ကံကောင်းချင်တော့ ကွက်တိပါလားနော်။ ဒို့များတော့ ဘယ်ကမှဖုန်းမဆက်သေးပါဘူး။ ဒါတောင် လယ်တီဆရာတော်ကြီး မသိလို့၊ မဟုတ်ရင်၊ ‘ဒကာနှယ် ကိုယ် ခိုးဖူးမှန်း လူသိကုန်ပါ့မယ်’လို့ မိန့်လိမ့်မယ်။ ယတြာ လည်း မစွမ်း၊ ရေမန်းလည်း မအောင်။ ဒါပေမယ့် ဘုရားကတော့ ‘မ’ရှာတယ်။

ဆုတောင်းထားတာလေး ပြည့်ပြီပေါ့။ အသိတယောက်က ‘ခင်ဗျား အဖော်ရပြီ’တဲ့။ ဝမ်းသာအားရကြီး။ ‘ဟုတ်လား၊ ဘာလဲ’လို့မေးကြည့်တော့ ဟိုနားက အိမ်ကလည်း ‘ရေမော်တာ’ ပါ သွားပြီတဲ့လေ။ ကဗျာကယာ ဝမ်းနည်းသွားတယ်၊ သူလည်း CDM နဲ့ အိမ်မကပ်နိုင်ရှာဘူး။ သူခိုးတွေက သိတယ်၊ လူမရှိတဲ့ အိမ်၊ ရဲတွေ ဘာတွေနဲ့ အဆက်အသွယ် မလုပ်နိုင်တဲ့ အိမ်မျိုး ရွေးခိုးတာကိုး။ ထင်ချက် မှားသွားပြန်တယ်၊ ‘မအလ’လို၊ ရခ၊ စခတွေလို လူမရွေးဘူးဗျ။ ‘ကျောသားရင်သား မခွဲခြား’ ဆိုတာ သူတို့မှ စစ်တာ။ ကြည့်လေ၊ သူဌေးမို့လည်း မချန်ဘူး၊ ဆင်းရဲသားလည်း မကျန်ဘူး၊ သင်္ဃန်းကြီးနဲ့ ဘုန်းကြီးမို့လည်း အလွတ်မပေးဘူး၊ ‘တစ်ဇွန်းဆန်ကို ဂျွမ်းပြန်အောင်ခံရပါတယ်’ဆိုတဲ့ သီလရှင်တွေကိုလည်း ချမ်းသာမပေးဘူး။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမပြောနဲ့ စေတီပုထိုးလည်း ဖျက်ဆီးတာပဲ။ ကိုယ်ဒွေက ချက်ကျောင်းတို့ ဗလီတို့ပဲ တွယ်တယ် အောက်မေ့တာ။

လူမဆန်လိုက်ပုံများ၊ ဟိုတနေ့က စာသင်ကျောင်းကို လေယာဉ်တွေနဲ့ တစ်နာရီလောက် ဝင်ပစ်တယ် တဲ့။ ကျနော် စဉ်းစားမရဘူး။ ဒီကကြီး ခခွေးလေးတွေက ဘာများ လုပ်နိုင်မှာမို့လဲ။ ဘယ်သူ့ကိုများ ဒုက္ခပေးနိုင် မှာ မို့လို့လဲ။ ‘ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့’ ဆိုရအောင်လည်း စစ်ဖြစ် တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ ပြီးတော့ ကြည့်မိတယ်၊ စာသင်ကျောင်းက ဘုန်းကြီး ကျောင်းဝိုင်းထဲက ‘ကိုယ်ထူကိုယ်ထ’ ကျောင်းလေး။ ကလေးငယ်တွေ၊ ဘာမှမသိသေးတဲ့ကလေးလေးတွေ၊ အမေစုလည်းမသိ မင်းအောင်လှိုင်လည်း မသိတဲ့ကလေးလေးတွေ ... အများကြီး၊ ကြွေလွင့်ကုန်တယ်။ အခုစဉ်းစားကြည့် အခု မျက်ရည်ဝဲတယ်။ ခင်ဗျားတို့ဟာ စစ်သားတွေမဟုတ်ဘူး၊ ငရဲသားတွေ။ ခင်ဗျားတို့ဟာ ရဲသားတွေမဟုတ်ဘူး၊ ခွေးရူးတွေ။ နိုင်ငံတကာ စစ်ဥပဒေ ရှိတယ်တဲ့၊ စာသင်ကျောင်းတို့ ဆေးရုံတို့ ဘာသာရေးအဆောက်အအုံတို့ ဒုက္ခသည်စခန်းတို့ စတဲ့ နေရာတွေကိုမတိုက်ခိုက်ရဘူး။ ကျည်တစ်တောင့် မကျရဘူး။ ခင်ဗျားတို့ မသိဘူး။ မဟုတ်ဘူး၊ သိသိကြီးနဲ့ကို ရမ်းကားနေတာလေ။ ဒါကြောင့် ပြောတာ၊ ‘သူခိုး ဓမြထက် ဆိုးတဲ့ရန်သူ’ပါလို့။

ဦးလေးတယောက်ကတော့ ပြောတယ်၊ သူခိုးတွေ သောင်းကျန်းနေတာ ‘PDF’ မရှိလို့တဲ့။ ဟုတ်တယ်ဗျ၊ စစ်ကိုင်းတို့ မကွေးတို့ သွားကြည့်ပါ့လား၊ ဒေသခံ ကာကွယ်ရေးတပ်နဲ့ ပြည်သူ့လုံခြုံ ရေးနဲ့ ပြည်သူ့တရားစီရင်ရေးနဲ့၊ ခဗျားလူတွေ အမြီးကုတ်နေရမယ်။ အမြီးကုတ်ရုံမဟုတ်ပါဘူးလေ၊ အနားတောင် ကပ်ရဲမယ် မထင်ဘူး။ ဒီရွာမှာတော့ PDF ကလည်း အားမကောင်း၊ ရဲစခန်းကလည်း လမ်းကြေးလောက် တောင်းရဲတာ။ စစ်သားဆိုတာကလည်း ဒလန်သေမှ ခြေစွမ်းပြကြတာ၊ မဟုတ်ရင် ဒင်းတို့လည်း ဘယ်အောင်းနေတယ်မသိ။ ဒီတော့ ရွာလေးဟာ ‘ဇော်ကန့်လန့်’ ဖြစ်နေတာပေါ့။ မည်းမယ်ဆိုလည်း မည်းလိုက်၊ မဟုတ်ဖူးလား။ ဖြူမယ်ဆိုရင်လည်း ဆွတ်ဆွတ်ဖြူလိုက်ပေါ့၊ ခုဟာက ‘အညိုရောင်နယ်မြေ’။

ဒီတော့ ကြောင်မရှိတဲ့အရပ် မြူးလိုက်တဲ့ ကြွက်တွေ...။ ညရောက်ပြီဆို ဆိုင်ကယ်တွေ တဝေါဝေါ၊ ရှေ့ကနေ နောက်၊ တောင်ကနေ မြောက်။ လက်ခေါက်တွေ မှုတ်၊ ဟွန်းတွေ တီး။ ကျီးတွေလိုပေါ့၊ အသံပေးအချက်ပေးနေကြတာ။ လူခြေက နေဝင်တာနဲ့တိတ်ပြီ၊ ခြံဝန်းတံခါးပိတ်ကိုယ့် အိမ်ထဲကိုယ် ကုတ်နေကြတာမဟုတ်လား။ အရင်လို သွားဟယ် လာဟယ်၊ လည်ဟယ် ပတ်ဟယ်ဆိုတာ (၂၀၂၁) ဖေဖော်ဝါရီ (၁)ရက်နေ့က တည်းက ပျက်သုန်းသွားပြီ။ ညနေခင်း ခြေညောင်းလက်ဆန့် အိမ်နီးနားချင်းတွေ လည်ကြ စကားပြောကြ၊ မိုးအကြောင်း လေအကြောင်းပေါ့လေ၊ မရှိတော့ဘူး။ သူ့ရှိ သူစား၊ ကိုယ့်ရှိ ကိုယ်စား၊ သူစိမ်းတရံတွေ ဖြစ်သွား ကြပြီ။ မယုံရတော့ဘူးလေ။ ဒလန်မှန်းမသိ၊ ဘာမှန်းမသိ။

ရွာသားတွေ တစ်ယောက်နဲ့တစ်ယောက်၊ မယုံမရဲ ဖြစ်နေ၊ အစေးမကပ်ဖြစ်နေ။ ခေတ်ကြပ်ကြီးထဲမှာ ‘သားတောင် ချနင်း’ ရတဲ့အခြေအနေမို့ စည်းလုံးမှုကလည်း လျော့နည်းနေပြီလေ။ ငါ မဟုတ်ရင် ပြီးတာပဲ၊ ငါ့ မိသားစုမဟုတ်ရင် ပြီးတာပဲ၊ ငါ့ဆွေမျိုး မဟုတ်လို့ တော်သေးရဲ့ ဆိုတာမျိုးတွေကြောင့် သူခိုးဓမြတွေ အခွင့် ကောင်း ရနေကြပါတယ်။

ကျနော့်အိမ်ကျဉ်းကျဉ်းလေးထဲကနေ အပြင်ထွက်ကြည့်လိုက်ပါတယ်။ မျှော်ကြည့်လိုက်တော့၊ အားပါးပါး... တနိုင်ငံလုံးပါပဲ၊ ဝေသာလီပြည် ဘီလူးစီးနေသလိုပါပဲ။ နိုင်ငံ့အထက်ပိုင်း ‘ကချင်၊ ချင်း’မှာလည်း သတ်ဟယ် ဖြတ်ဟယ် မီးရှို့ဟယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ပိုဆိုးတယ်၊ ရွာလုံးချွတ် မီးရှို့ခံရ၊ အရှင်လတ်လတ် မီးရှို့သတ်သတဲ့နော်။ အောက်ပိုင်းက မြောင်ကလည်း မခေဘူးနော်၊ အမျိုးသမီးတပ်တောင် ရှိနေပြီ။ မြန်မာပြည် မြောက်ပိုင်းက ဆူပွက်နေတော့၊ အရှေ့ပိုင်းများ ငြိမ်းသလားဆိုတော့၊ မငြိမ်း။ ကရင်နီပြည် မှာလည်း ထိုနည်းလည်း ကောင်း၊ လေယာဉ်ပစ်ကူတဲ့လေ၊ ပြည်တွင်း စစ်ကြီးဖြစ်နေသလား အောက်မေ့ ရတယ်။ တောင်ပိုင်းက ရခိုင်မှာလည်း တခြိန်းခြိန်း ဆော်၊ စကစကောင်တွေက တယ်တော်၊ ဘင်္ဂလားပြည် အထိ ရောက်သတဲ့၊ လက် နက်ကြီးကျည်က။ နိုင်ငံ့အောက်ပိုင်းမှာရော...၊ ရန်ကုန်သားတွေ လက်သံ ပြောင်တယ်နော်။ စိန်မွတ္တားကြီးလို ‘တတိန်တိန်’နဲ့ တီးပြနေတယ်။ အလင်္ကာကျော်စွာဘွဲ့ ပေးသင့်တယ်။ တခြား တခြားတွေမှာလည်း ဒီလိုပါပဲ။ သူဆော် ကိုယ်ဆော်ပဲ။

သူဆော်သလို ကိုယ်လည်း ဆော်ရင်တော့ တော်ပါသေးရဲ့။ မဟုတ်ရင်တော့ ဘီလူးတွေရော သရဲ သဘက်တွေရော တစ္ဆေမင်စာပါမကျန် ရောက်လာပါလိမ့်မယ်။ ကျနော်တို့ ရွာလေးလိုပေါ့။ အဲလိုဖြစ်မှ ညဉ့်သုံးယံလုံး ရတနာ့ပရိတ်ရွတ်နေလည်း ထူးမထင်ဘူး။

လင်းလက်နွေဦး
၂၆.၉.၂၀၂၂ ညနေ ၂နာရီ ၁၉မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar