Breaking News

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ မှတ်တမ်းတင် ထုတ်ဖော်ခြင်း၊ ခြေကုပ်ယူနေတဲ့ NUG Pay



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၆ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၂


စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ မှတ်တမ်းတင် ထုတ်ဖော်ခြင်း၊ ခြေကုပ်ယူနေတဲ့ NUG Pay 

စက်တင်ဘာ ၂၆ မှာ NUG အစိုးရသတင်းစာရှင်းလင်းပွဲကနေ လက်ယက်ကုန်း လုပ်ကြံမှုကို သက်သေအထောက်အထားနဲ့ ပြည်သူတွေကို တင်ပြလိုက်ပါတယ်။ ကုလအထွေထွေညီလာခံနဲ့ အနောက်အုပ်စုနိုင်ငံများက မြန်မာ့အရေးကို စိတ်ဝင်စားကြောင်း ထုတ်ဖော်နေချိန်မှာ မင်းအောင်လှိုင်တို့ စစ်ကောင်စီက လက်ယက်ကုန်းလို အရပ်သား လက်နက်မဲ့ပြည်သူတွေကို ကုန်းတပ်၊ လေတပ်နဲ့ ချီပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တိုးပြီး လုပ်နေချိန်လည်း ဖြစ်ပါတယ်။ 

NUG အစိုးရက မြေပြင်က အခြေအနေတွေကို ပိုင်ပိုင်နိုင်နိုင် ကောက်ယူ စုစည်းမှုအပြင် ကိုယ်ထိလက်ရောက် ကူညီဆောင်ရွက်နိုင်မှုရှိတဲ့အကြောင်း ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲကနေ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို မျက်မြင်သက်သေတွေ အထောက်အထားတွေနဲ့ ထုတ်ဖော်တာဖြစ်လို့ အများကလည်း စိတ်ဝင်စားကြမယ် ထင်ပါတယ်။

စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၁ နာရီအချိန်မှာ လက်ယက်ကုန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့တွဲလျက်ရှိတဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုရဲ့ MI 35 ရဟတ်ယာဉ်တစီးက ဝေဟင်မှ၊ ခြေလျင် တပ်ရင်း ၃၆၈ က မြေပြင်မှ နေ၍ တနာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲသည်လို စစ်ရာဇဝတ်မှု ဖြစ်စဉ်တွေကို ပြန်လည် ကောက်နုတ်ပြထားရမယ် ဆိုရင် - 

၂၀၂၁ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ တောင်ပေါက်ရွာ၊ ကြက်ချောင်းတောတိုက်ရွာ၊ ယင်းရွာ၊ ကုန်းသာရွာတို့တွင် လူ (၄၀) ကျော် သတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ  ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာမှာ ၁၄ နှစ်မှ ၁၇ နှစ် အကြား ကလေးသူငယ် လေးဦး အပါအဝင် ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့ခြင်း၊

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်  ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ၌ အမျိုးသမီး၊ ကလေးငယ်နဲ့ Save the Children မှ ဝန်ထမ်းနှစ်ဦး အပါအဝင် ၄၉ ဦးအား မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ 

၂၀၂၂ ဇန်နဝါရီလ ၆ ရက်မှာ ချင်းပြည် နယ် မတူပီမြို့နယ်မှာ သတင်းထောက်တဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင်  (၁၁) ဦးကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်း၊ 

၂၀၂၂ ဧပြီလ ၁၉ ရက်မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံ ပဲရင်းတောင်ရွာမှာ အမျိုးသား ၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ၊ 

၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ ၂၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း၊ 

 စတဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်ထားတယ် ဆိုတာ အချက်အလက်တွေအရ တွေ့ရပါတယ်လို့ ဖော်ပြထားပါတယ်။

သည်တခါ ဖြစ်စဉ်မှာ အဆိုပါဒေသတွင်း တော်လှန်ရေးအဖွဲ့များ၊ ဒေသခံ ပီဒီအက်ဖ်များ၊  ပြည်သူ့အုပ်ချုပ်ရေး ကာကွယ်ရေးအဖွဲ့များနဲ့ NUG တို့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေတာကြောင့် အကူအညီတွေ ပေးနိုင်တဲ့အထဲမှာ - အကြမ်းဖက် စစ်တပ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနဲ့ လုံခြုံရေးအရတိမ်းရှောင်ရန်လိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက ကူညီထောက်ပံ့တဲ့အကြောင်း၊ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာ လှလှစိုးကပြောကြားခဲ့ပါတယ်။ "ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို ကျမတို့ ဆေးကုသစရိတ်တွေပို့ပေးတယ်။နောက် ခရီးစရိတ်တွေပေါ့။ ဆက်တိုက်ပို့ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။

စစ်ကောင်စီ၏ စစ်တပ်၏ လက်နက်မဲ့ အရပ်သားများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီး နှီပ်စက်ခြင်းနဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးနေမှုတွေကို သည်ထက်ပိုပြီး မှတ်တမ်းတင်တာ၊ ထုတ်ဖော်တာအပြင် ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ NUG အစိုးရနဲ့ ပူးပေါင်းပြီး ပိုမိုအားထုတ်နိုင်လိမ့်မယ်လို့ မျော်လင့်မိပါတယ်။ နိုင်ငံတကာ၏ ကူညီမှုတွေ ဝင်ရောက်အရေးယူမှုတွေကို မြန်မာပြည်သူတွေနဲ့ NUG ဘက်က အများကြီး မျော်လင့်မထားဘဲ မိမိတို့ဘာသာ မိမိတို့ လုပ်သင့်လုပ်ထိုက်တာ လုပ်ကြတာ၊ ပြောသင့်ပြောထိုက်တာ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေကို ထုတ်ဖော်ကြတဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။

နောက်သတင်းတခုကတော့ - ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ   ၂၅   ရက် နေ့စွဲနဲ့  NUGPay ၏ Pilot Project ကာလပြီးဆုံးကြောင်း အသိပေး ထုတ်ပြန်ကြေညာလိုက်ပါတယ်။ NUG ၏ MoPFI စီမံဘဏ္ဍာဝန်ကြီးဌာနက ထုတ်လုပ်သုံးစွဲဖို့ စတင်နေတဲ့ NUG Pay စနစ်နဲ့ ဒီဂျစ်တယ်ကျပ် ငွေကြေးလည်ပတ်မှု စမ်းသပ်ကာလ ပြီးဆုံးပြီလို့ ဆိုလိုက်တာပါ။ K Pay တို့ Wave အေးဂျင့်တို့လို NUG Pay Agent တွေနဲ့ Agent တွေက တဆင့် ဒီဂျစ်တယ်ကျပ် ပိုက်ဆံအိတ် Mobile Wallet App ဖွင့်လှစ်တဲ့သူ ၁ သောင်း ပြည့်ပြီလို့ ကြေညာလိုက်ပါတယ်။ မြန်မာပြည်တွင်းက “နတ်ပေးငွေအိတ်” ဖွင့်ထားသူအများအပြားဟာ NUG နဲ့ အချိတ်အဆက်ရှိသူ ထောက်ပို့တွေ ပီဒီအက်ဖ်တွေ သူတို့၏ စိတ်ချရသော အေးဂျင့်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ 

အဲသည်ကနေ ငွေပေး ငွေချေ လုပ်ကိုင်ကြတာအပြင် အေးဂျင့်ကနေ ငွေသားအဖြစ် ပြောင်းလဲ ပေးပို့တာလဲ လုပ်လို့ရတယ် ဆိုပါတယ်။ ဒီဂျစ်တယ်ငွေကြေးစနစ် ဖြစ်တာကြောင့် အကောင့်တွေအားလုံးဟာ လူအမည်တွေ လိပ်စာတွေ တိုက်ရိုက်မဟုတ်တာက တကြောင်း၊ ငွေကြေးကိုယ်တိုင်က စစ်ကောင်စီ တိုက်ရိုက်ချုပ်ကိုင်တဲ့ ဗဟိုဘဏ်နဲ့ မသက်ဆိုင်တာကတကြောင်း တဖြည်းဖြည်းနဲ့ တွင်ကျယ်လာမယ်လို့ ယူဆကြပါတယ်။ 

လက်ရှိမှာတော့ စစ်အုပ်စုကိုယ်တိုင်ကလည်း နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ကြွေးကြော်သံချင်း တူနေပုံရပါတယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်” ဆိုတာ ငါတို့မှာ အခြား အားကိုးစရာ မရှိဘူးလို့ ဆိုတဲ့ သဘောပေါ့။ ယူအန်တွေ အာဆီယံတွေ နိုင်ငံတကာတွေ ဘာတွေကို စစ်အုပ်စုကိုယ်တိုင်က ကျောခိုင်းထားပြီး သူတို့စစ်တပ်ကို အစွမ်းကုန် စစ်တိုက်ဖို့ လူသတ် ဓားပြတိုက်ဖို့ တွန်းအားပေးနေပြီ ဖြစ်ပါတယ်။

NUG အစိုးရနဲ့ နွေဦးတော်လှန်ရေးအင်အားတွေကလည်း ဘယ်သူမှ အားကိုးနေလို့မဖြစ်ဘူးဆိုတာ သိနေပြီဆိုတော့ တော်လှန်နေတဲ့ ပြည်သူတွေနဲ့အတူ မိမိအားမိမိကိုးပြီး အစွမ်းကုန် ခုခံစစ်ကနေ တွန်းလှန်စစ် ဆက်ဆင်နွှဲဖို့ ဆက်လက်ချီတက်နေကြတယ်လို့ ဆိုလိုက်ချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar