Breaking News

‌မောင်ရစ် - NAC စင်တာက ဦးဝင်းတင်ရိပ်သာသို့ အလည်သွားခြင်း


‌မောင်ရစ် -  NAC စင်တာက ဦးဝင်းတင်ရိပ်သာသို့ အလည်သွားခြင်း
(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၉

မတ်လ ၂၃ ရက်နေ့မှာ ကိုရာဇာ့ကျေးဇူးနဲ့ တောင်ဒဂုန်က NLD Aids Center ကို ရောက်ပါတယ်။ NAC လို့ ခေါ်ကြပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်များကတည်း HIV AIDS ဝေဒနာသည်တွေ ကလေးသူငယ်တွေရဲ့ ခိုကိုးရာရိပ်သာလေးပါ။ အခုတော့ မိဘမဲ့ ဝေဒနာရှင် ကလေးသူငယ်တွေကို စောင့်ရှောက်မှုပေးတဲ့ ရိပ်သာအဆောက်အအုံကြီး ဖြစ်လို့နေပါပြီ။ ဟိုးအရင်က အိမ်ကလေး၊ ထမင်းစားဆောင်၊ လူကြီးဝေဒနာသည် မိသားစုဆောင်၊ စိုက်ပျိူးခင်းတို့တွေလည်း တဝင်းတဝိုင်းကျယ်ကြီးထဲမှာ ဆက်လက်တည်ရှိနေပါသေးတယ်။ အခု ဒီနှစ်ထဲမှာ ထူးခြားတာကတော့ အင်န်အေစီရိပ်သာရဲ့ ရှေ့ မြေကွက်လပ်မှာ ဦးဝင်းတင်နောက်ဆုံးနေထိုင်ခဲ့တဲ့ အိမ်ကလေးကို မူလပုံစံအတိုင်း ပြန်လည်ဆောက်လုပ်နေတာပဲ ဖြစ်ပါတယ်။ ဦးဝင်းတင်အိမ်ကလေးကို အမှတ်တရအဖြစ် အင်န်အေစီရိပ်သာမှာ စိုက်ထူနေကြတာ။

ပြန်စဉ်းစားကြည့်လိုက်တော့ ရေစက်ပဲလို့ တွေးမိပါတယ်။ ဒေါ်ဖြူဖြူသင်းတို့ ကိုရာဇာတို့ အေအိုင်ဒီအက်စ်အဖွဲ့နဲ့ ၂၀၀၈ စက်တင်ဘာမှာ ပြန်လည်လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်တို့ ကို တတွဲတွဲ တောက်လျောက်တွေ့မြင်ခဲ့ကြရတာပါ။ အခုလည်း သူတို့ရဲ့ အင်န်အေစီရိပ်မြုံလေးမှာ ဦးဝင်းတင်အိမ်ကလေး လာရောက် အခြေချနေပါပြီ။

သူတို့အဖွဲ့တွေနဲ့ ကျနော်နဲ့ကကော ဘယ်လိုရေစက်တွေလဲ။ ၂၀၀၇ ဝန်းကျင်ကတည်းက သူတို့ကို သတင်းတွေကနေ သိလာတာ။ ၈၈ မျိုးဆက်တွေနဲ့အတူတူ လှုပ်ရှားခဲ့ကြတဲ့ ၂၀၀၇ ရွှေဝါရောင်။ အဲသည်တုန်းက သတင်းတပုဒ်မှာ သည်လိုမျိူးရေးသားခဲ့ဖူးပါတယ်။

မဖြူဖြူသင်းသည် လုပ်ဖော်ကိုင်ဘက်များနှင့်အတူ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ ပညာပေးရေးလုပ်ငန်းများကို ၂၀ဝ၂ ခုနှဈမှစပြီး တစိုက်မတ်မတ် လုပ်ကိုင်နေသူ ဖြစ်သည်။ ၈ နှစ်အတွင်း လူနာပေါင်း ၁၈၀ဝ ကျေ်ာကို ကူညီခဲ့သည်ဟု သိရသည်။
တိမ်းရှောင်နေချိန်အတွင်း သူ၏လူနာအချို့တည်းခိုနေထိုင်သည့် ရန်ကုန်မှ မဂ္ဂင်ကျောင်းတိုက် ချိတ်ပိတ်ခံခဲ့ရပြီး၊ ဖခင်ဖြစ်သူလည်း ရုတ်တရက် ကွယ်လွန်ခဲ့သည်။
လွန်ခဲ့သည့်မတ်လက မဖြူဖြူသင်းသည် Czech သမ္မတနိုင်ငံ၊ People in Need ဖောင်ဒေးရှင်းက ပေးအပ်သော Homo Homini ဆုကို ချီးမြှင့်ခံရသည်။ မြန်မာပြည်နိုင်ငံရေး လှုပ်ရှားမှုထဲမှ ထင်ရှားသည့် အမျိုးသမီးများဖြစ်ကြသည့် မစုစုနွေး၊ မနီလာသိန်းတို့နှင့်အတူ ပူးတွဲချီးမြှင့်ခံရခြင်းဖြစ်သည်။ ထိုဆုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်သူများ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် လှုပ်ရှားသူများကို ပေးအပ်သည့်ဆုဖြစ်သည်။ (ဇွန် ၁၅၊ ၂၀၀၈)

အင်းလေ ... အတွေးတွေက နှစ်တွေ အတိတ်တွေဆီ သွားမယ်ဆို တွေးစရာတွေ အများကြီးပါ။ ထားပါတော့။ ကိုရာဇာကိုလည်း ဘယ်လိုများ သိခဲ့ပါလိမ့်။ ကဗျာဆရာလိုပဲ ခံစားတတ်သူ၊ ပေါက်ကွဲတတ်သူ၊ အစွမ်းကုန် တတ်နိုင်သလောက် အပင်ပန်းခံအလုပ်လုပ်တဲ့သူ။ ၂၀၁၂ မှာ NLD HIV/AIDS section ဆယ်နှစ်ပြည့်အမှတ်တရစာတွေ ရေးသားလာရာကနေ မိုးမခနဲ့လည်း ရင်းနှီးလာတယ်။

သူ့စာလေးကို ပြန်ရှာလိုက်တော့ သည်လိုတွေ့ပါတယ်။

၂၀၀၂ကနေ စပြီးလုပ်ကိုင်လာတဲ့ NLD HIV/AIDS section ဟာ ခုဆို ဆယ်နှစ်ပြည့်လွန်လာပြီဖြစ်တယ်ဗျာ။ ဒီ တော့ သမင်လည်ပြန်ခေါ်ခေါ် ခြင်္သေ့လည်ပြန် ပြောပြော အတိတ်ကိုတူးဆွတယ် ဆိုဆို ဖြစ်ပျက်ခဲ့သမျှကို အခြားလူများသိထားစေချင်လို့ ဒီစာကို ရေးပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတွေကိုရေးမှာပါ။ ဒီတော့လူပုဂ္ဂိုလ်အချို့ကြောင်းလည်း ပါကောင်း ပါနိုင်တယ်ပေါ့ဗျာ။ သို့သော် ဖြစ်ရပ်မှန်ရေးမှာဆိုတော့ အမှန်တိုင်းပဲ ရေးသင့်တယ်ထင်လို့ မခြွင်းမချန် ရေးလိုက်ပါတယ်။
ဒီကိစ္စကို ဒေါ်ဖြူဖြူသင်းရေးဖို့ကောင်းတာကို မင်းက ဘာဝင်ရှုပ်သလဲတော့ မမေးလေနဲ့ဗျို့။ သူ့မယ် အချိန်မရှိဘူး ခင်ဗျ။ ကျနော်ကလည်း အစ အဆုံးဆိုသလိုလည်းသိ၊ တောင်ကလိ မြောက်ကလိကလည်း ဝါသနာဆိုသလို ပါနေတော့ မောင်ရာဇာရေးတာကိုသာ သည်းညည်းခံ ဖတ်ပေတော့ပေါ့ဗျာ။
ဒီလိုဗျ။ ဒီအကြောင်းရေးတော့မယ်ဆိုတော့ ကိုယ့်ကြောင်းလည်းကိုယ် ပြန်စဉ်းစားရသေးတာပေါ့ဗျာ။ ကျနော့်အကြောင်း ရေးပြမှာ မဟုတ်ပါဘူး၊ ကျနော်ဘာကြောင့် ဒီလုပ်ငန်းမှာပါဝင်ခဲ့သလဲ ဆိုတာလေး အကြမ်းဖျင်းပြောချင်တာပါ။ ဒီလိုဗျ။ ကျနော် မှတ်မှတ်ရရ ၁၉၉၈ခုနှစ် ပြည်ထောင်စုနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ရောက်သွားတယ်။ ရောက်သွားပုံကလည်း ဆန်းတယ် ပြောရမယ်။ ကျနော့်ညီဖြစ်တဲ့ နေခြည်က အဲ့ဒီ သွား သွား နေသဗျ။ ကျနော်က အဒေါ်အငယ်တစ်ယောက်အိမ်မှာ နေရတယ်။ သူ့သားက ကျနော့် အကိုတစ်ဝမ်းကွဲက ဖောင်ကြီးမှာ သမ ကောလိပ်တက်နေတယ်။ သူ့အတွက် ပိုက်ဆံသွားပေးရင်း လမ်းမှာစိတ်ကူးရတာနဲ့ ရန်ကုန်မှာ ကျနော့်က မသွားတတ် မလာတတ်ဗျ။ ဒီတော့ ဒီချုပ်ရုံးနာမည်တပ်ပြီးလည်း မမေးမစမ်းရဲဆိုတော့ ဆင်မလိုက်ကနေ ခြေကျင်လျောက်ပေါ့ဗျာ။ (၂၀၁၂ နေမ ၁၅)

နောက် သတိရပြန်တာက နန္ဒာလင်းပါ။ ပြန်ရောက်တိုင်း သူနဲ့ မတွေ့ခဲ့ရဘူး။ သူက မဖြူရဲ့ ဆက်သွယ်ရေးပေါ့။ သတင်းစကားတွေ ပြန်ကြားပေးလေ့ရှိသူ။ အခုလည်း စင်တာမှာ ရှိနေတုန်းပဲ ထင်ပါရဲ့။

နောက်တော့ ဦးဝင်းတင်လွတ်မြောက်လာတဲ့ ကာလများ၊ ၂၀၀၉ ၊ ၂၀၁၀ အင်န်အယ်ဒီအကြပ်အတည်းကာလများ၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်း၊ ဒေါ်စုလည်း အင်န်အေစီစင်တာကို မကြာမကြာလာလည်ခဲ့ပါသေးတယ်။ နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ... ပြီးတော့ ၂၀၁၅၊  ပြီးတော့ ...။ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ စင်တာကလူကြီး ဦးစိုးရာဇာထွန်း။ ကွယ်လွန်သူ ဆရာဦးဝင်းတင်။

အခုစာကိုရေးနေတာက ရောက်ရာပေါက်ရာ စိတ်ကူးတည့်သလို ရေးမှာပါ။ ကျနော်တို့က တဝေါဝေါဖြတ်သန်းသွားနေတဲ့ အချိန်ရထား သမိုင်းရထားကို လမ်းဘေးကနေ  ငေးမောရပ်ကြည့်နေရသူဆိုတော့ ငေးမိလို့ မြင်ရတာလေးတွေ ရေးရတာကိုး။

ဦးဝင်းတင်နဲ့ နေထိုင်ခြင်းဆိုတဲ့ အခန်းဆက်စာတွေရေးခဲ့တဲ့ ကိုရာဇာက မိုးမခမှာ နောက်ကျတဲ့စာဆိုပြီး ဦးဝင်းတင်နဲ့ နောက်ဆုံးနေထိုင်ခဲ့ခြင်းကိုလည်း ရေးခဲ့တာလေး ပြန်တွေးမိပြန်ပါတယ်။

ကိုရစ် …
၂၀.၄.၂၀၁၄ နေ့လည် ၁ နာရီဝန်းကျင် …  ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်။ မိသားစုဝင်များထမင်းစားအထွက်။  ကျနော် အဘအခန်းထဲ ခနဝင်စောင့်ပေး။ နပ်စ်မလေးအကူအညီနဲ့အဘ ဆေးငွေ့ရှူနေ။ ကျနော် အခန်းထဲရောက် … ။ အဘမျက်စိပွင့်လာ ၊ ဆရာမလေးကို ဆေးငွေ့ရှူနှာခေါင်းစွပ် ခနဖြုတ်ခိုင်း ၊ အဘခေါ်တယ် …
ပီသကြည်မြလွန်းတဲ့အသံထွက်လာတယ်ဗျာ
“ရာဇာရေ …”  တဲ့
ကျနော်အနားတိုးကပ်သွားတော့ အဘနှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးပြ အသံပြန်တိုးသွား
“မဖြူကော …” တဲ့
ကိုရစ် … အဲ့ဒီအချိန် အဲ့ဒီခနကို ခင်ဗျားအငှားခံစားကြည့်ရင်တောင် သိသာနိုင်ပါတယ်ဗျာ။ ကျနော်ဘယ်လိုဖြစ်သွားမလဲ ဆိုတာ။ ကျနော်ဘယ်လိုမှ ထိန်းမရမျက်ရည်ကျလာတယ်။ အခန်းထဲမှာ ငိုနေလို့ မဖြစ်ဘူး၊ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်ကလေးပြန်ဝင်အလာမှာ … ကျနော်မျက်ရည်စက်လက် အခန်းပြင်ထွက်လာတယ်။ (၂၀၁၄ ဧပြီ ၂၉)


ဆရာဦးဝင်းတင် မကွယ်လွန်ခင် ၂၀၁၃ နှစ်ကုန်ခါနီးလေး အချိန်မီရောက်မိလို့ ဆရာနဲ့ အေးအေးလူလူ ၂ခါလား စကားထိုင်ပြောဖြစ်ခဲ့ဖူးပါတယ်။ နောက် ကိုရာဇာတို့ ဒေါ်ဖြူဖြူသင်းတို့ အင်န်အေစီရိပ်သာနေရာလေးကိုလည်း ရောက်ဖြစ်ခဲ့တယ်။ ကလေးတွေ တပြုံတမကြီး၊ မိဘတွေဆီက ဝေဒနာအမွေနဲ့ ကလေးတွေ။ နောက်တော့ ဦးဝင်းတင်ဖွင့်ပေးခဲ့တဲ့ HIV Sectionက ဖွင့်ထားတဲ့ ဒဂုန်မြို့သစ်တခုက အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေးသင်တန်းကျောင်းကိုလည်း ရောက်ခဲ့တယ်။ အဲသည်တုန်းက ဒေါ်ဖြူဖြူသင်းက မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေပါပြီ။ သူတို့ ပါတီရုံးခန်းကနေ ချိန်းဆိုပြီး သွားကြတာ ထင်ပါတယ်။ သည်လိုနဲ့ ရောက်တိုင်း သူတို့ဆီကို အလည်ရောက်မယ် ထင်ခဲ့ပေမယ့် ရောက်တိုင်းလည်း မသွားဖြစ်ခဲ့ပါဘူး။ နောက်အခေါက်တွေမှာ သူတို့တွေလည်း ပါတီအလုပ်၊ မြို့နယ်အလုပ်၊ လွှတ်တော်အလုပ်၊ စတဲ့အလုပ်ပေါင်းစုံနဲ့ အလုပ်များနေကြမယ်လို့ တွေးမိပြီးနောက် သွားမလည်ဖြစ်တော့ပါ။ ကိုယ်က အချိန်ရထား သမိုင်းရထားကြီး ဖြတ်သန်းသွားနေတာကို ဘေးကနေ ရပ်ကြည့်သူ သက်သက်ကိုးလေ။

၂၀၁၈ စက်တင်ဘာ၊ လွန်ခဲ့တဲ့  ၆ လ ကတော့ ကိုရာဇာတို့နဲ့ ချိန်းပြီး တောင်ဒဂုန်က အင်န်အေစီစင်တာကို ရောက်သွားဖြစ်ကြတယ်။ လမ်းမှာ ဒေါ်ဖြူဖြူသင်းက အစိုးရအသစ်လက်ထက် ခင်းထားတဲ့ လမ်းသစ်တွေ တံတားအသစ်တွေကို လှမ်းပြနေလိုက်သေးတယ်။

အဲသည်မှာ ပထမဆုံးရောက်ဖူးတာကတော့  အရှေ့ဒဂုန်မြို့သစ်မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ NAC အဆောက်အအုံနဲ့ သူ့အောက်ထပ်မှာ ဖွင့်လှစ်ထားတဲ့ HCPP ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်မှုစင်တာပါ။ ဆရာဦးဝင်းတင်ဖြစ်စေချင်သလို နိုင်ကျဉ်းတွေနဲ့ မိသားစုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်တဲ့ ဆေးခန်း၊ ဓာတ်ခွဲခန်း၊ နားနေခန်း၊ အပြင်လူနာခန်းစသည်ဖြင့် စတင်နေပါပြီ။ ဦးဝင်းတင်ဖောင်ဒေးရှင်း၊ ဗိုလ်တထောင်မှာက ဆေးခန်း၊ ကျောက်မြောင်းမှာက ဦးဝင်းတင်ဘုံရိပ်သာ စသည်ဖြင့်တို့အပြင် အရှေ့ဒဂုန်  NLD AIDS Center မှာ HCPP ဆိုတဲ့ စင်တာလည်း ရှိနေပါပြီ။ ဒါက နေရာအသစ်။

အရင်ရောက်ခဲ့တဲ့ ဘူမိနက်သန် အင်န်အေစီ စင်တာက တောင်ဒဂုန်က အရင်နေရာမှာပါ။ အဲသည်ကို ခရီးဆက်ကြပါတယ်။ အဲသည်မှာလည်း NAC မူလအိမ်ကုပ်ကုပ်လေးဘေးမှာ ကလေးတွေအတွက် စင်တာအဆောက်အအုံသစ်ကြီး လက်စသတ်နေပါပြီ။ ကလေးတွေကို တဲပေါ်ကနေ တိုက်ပေါ် တင်ကြတော့မှာပေါ့လို့ ရယ်ရယ်မောမော ပြောဖြစ်ပါတယ်။ အလှူရှင်မိသားစုတွေ ကျွေးမွေးတဲ့ ထမင်းဟင်းတွေကိုလည်း ဧည့်မြှောင်လုပ်ပြီး ဝင်စားခဲ့ပါသေးတယ်။ ကလေးတွေက ဒေါ်ဖြူဖြူသင်းကို ဝိုင်းအုံနှုတ်ဆက်နေကြ။ ဒေါ်ဖြူဖြူသင်း ထမင်းစားမယ်ဆိုလို့ ကလေးတွေက ခူးခပ်ကျွေးမွေးကြပါတယ်။ အလှူရှင်ကလည်း ပိုပြီးဝမ်းသာကြတာပေါ့နော်။ ညနေခင်းမှာ ကလေးတွေဟာ ခြံဝိုင်းတဝိုက် လှည့်ပတ်ဆော့ကစားလို့ နေကြလေရဲ့။

ဒေါ်ဖြူဖြူသင်းက နေပြည်တော်ကနေ ရန်ကုန်ကို အပတ်စဉ် ပြန်လာတိုင်း ဟိုကနေ ကလေးတွေ မိသားစုတွေ ချက်စားနိုင်ဖို့ စျေးတွေ ဝယ်ဝယ်လာပါတယ်။ နယ်က ဟင်းသီးဟင်းရွက်စသည်ဖြင့် စျေးက သက်သာတာကိုး။ အလှူလိုအပ်နေရင်လည်း ဟိုးတုန်းကလိုပဲ နီးစပ်ရာ မိတ်ဆွေတွေဆီက အကူအညီတောင်း ဆွဲရလွဲရနေတုန်းပဲတဲ့။ ဒေါ်သန်းမြင့်အောင်ရဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်မြုံက လမ်းမကြီးတန်းမှာဆိုတော့ အဲသည်နဲ့လည်း အဆက်အသွယ် မပြတ်ကြပါဘူးတဲ့။ ကလေးတွေကလည်း တဖြေးဖြေးကြီးလာလိုက်ကြတာ ဆယ်တန်းတွေ ကောလိပ်တွေတောင် ရောက်ကုန်ကြပါပြီ။ တဘက်တလမ်းကလည်း အင်န်အေစီကို ဝိုင်းဝန်းကူညီနေကြပါပြီ။ ကလေးတွေဟာ လွတ်လပ်စွာ နေထိုင်စားသောက် ဆေးကုသမှု ဂရုစိုက်မှု ခံရတော့ မျက်နှာလေးတွေက ကြည်လင်နေလို့ပါပဲ။ စင်တာက ဝိုင်းဝန်းနေကြတဲ့ စေတနာဝန်ထမ်းတွေအတွက် လစာလေးတွေဆိုတာ ကျနော် အခုစာထဲမှာတောင် ပြန်မရေးရက်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှာကော စင်တာလူကြီးမှာကော သူတို့ရဲဘော်တွေရဲ့ ရင်ထဲမှာကော နိုင်ငံအတွက် အမောတွေ အပူတွေ ဝန်တွေ အများကြီး ဖိဆီးနေတာကိုလည်း မြင်ခဲ့ ကြားခဲ့ရပါသေးတယ်။ သူတို့က သူတို့ကလေးတွေ မိသားစုတွေ ရှေ့မှာ ဘယ်တော့မှ အပြုံးမပျက်ကြပါ။ သည်တော့လည်း ကျနော် တွေးမိပြန်ပါတယ်။ နောက်တခေါက်လာရင် ကျနော် ကိုရာဇာကို ရအောင် ချိန်းပြီး သည်ရိပ်သာတွေဆီ သွားမယ်။ အဲသည်ရဲ့ အရိပ်မှာ ခနဖြစ်ဖြစ် နားရမယ်လို့။

ဘာဖြစ်လို့ သည်လို ဝေဒနာရှင်လူနာတွေ မိဘမဲ့ကလေးသူငယ်တွေရဲ့ ရိပ်သာကို နားခိုစရာလို့ ကျနော် တွေးမိပါလိမ့်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ပင်လယ်ကမ်းခြေတွေ၊ စေတီပုထိုးဘုရားတွေနဲ့ သစ်ဆန်းသော အပမ်းဖြေစရာနေရာဒေသတွေမှာ နားပါလားပေါ့။ အပေါ်ယံမှာ ဘယ်လိုပြောင်းလဲသစ်လွင်နေပါစေ အခြေခံအားဖြင့်တော့ မြန်မာပြည်မှာ လိုအပ်ချက်တွေ အားနည်းချက်တွေ ဖြည့်ဆည်းရမှာတွေ မြှင့်တင်ကြရမှာတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ခံစားသိရှိသတိပြု အာရုံစိုက်မိစေတဲ့ နေရာတွေရဲ့ အရိပ်ကို ကျနော်တော့ ခိုကြည့်ချင်သေးတယ်ဆိုတဲ့ သဘောပါ။

သည်လိုနဲ့ပဲ ၂၀၁၉မတ်လ၂၃ မှာ ကျနော် ကိုရာဇာတို့ NAC စင်တာကို ပြန်ရောက်လာပါတယ်။ မိတ်ဆွေတွေက လှူခိုင်းလို့ ဒေါ်သန်းမြင့်အောင်ရဲ့ ဆည်းဆာရိပ်ကိုလည်း ဝင်ပါတယ်။ လူကြီးတွေ ကလေးတွေအတွက် အရိပ်အာဝါသလေးတွေကို ဆောင်ရွက်ပေးကြတာ ဝမ်းသာစရာ ကြည်နူးစရာ သာဓုခေါ်စရာပါ။ အဲသည်ကနေ အင်န်အေစီကို ချီတက်ကြပါတယ်။ ကိုရာဇာတို့ ရုံးခန်းမှာလည်း မိတ်ဆွေတွေရဲ့ အလှူကို ပေးအပ်ရပြန်ပါတယ်။ အင်န်အေစီရဲ့ အဆောက်အဦသစ်ကြီးရဲ့ မျက်နှာစာမှာကတော့ ဦးဝင်းတင်ရဲ့ အိမ်ကလေး။

ကျနော် မလာခင်ကတည်းက ဖေ့စ်ဘွတ်စာမျက်နှာများရဲ့ အဆိုအရ ဦးဝင်းတင်အိမ်ကလေးဟာ အရင်ကျောက်ကုန်း ဦးအုန်းထွန်းခြံထဲကနေ ပျောက်ကွယ်သွားပြီ၊ မူလပိုင်ရှင်မိသားစုက ပိုင်ရှင်အသစ်ကို ရောင်းချလိုက်တဲ့ဆီမှာ ဆရာဦးဝင်းတင်အိမ်ကလေးလည်း ဖယ်ရှားခံလိုက်ရပြီဆိုတဲ့ ရင်မောစရာသတင်းတွေပါ။ နောက်တော့ အင်န်အေစီဝင်းထဲမှာ အဲသည်အိမ်ကလေးကို မူလအတိုင်းပြန်လည် တည်ဆောက်ထိန်းသိမ်းထားမယ်လို့ ပြန်ကြားရတော့ ဝမ်းမြောက်ကျေနပ်မိပါတယ်။

ဒါနဲ့ ကိုရာဇာကို မေးကြည့်တော့ ဖြစ်ကြောင်းကုန်စင်က သည်လိုပါ။ ဆရာဦးဝင်းတင်ဆုံးပြီးနောက် အိမ်ရှင် ဦးအုန်းထွန်းလည်း ကွယ်လွန်ပါတယ်။ ကျန်ရစ်သူမိသားစုများက အိမ်နဲ့ခြံကို ထုခွဲကြတော့ ဆရာဦးဝင်းတင်၏ အိမ်ကလေးကို မူလအတိုင်း ထိန်းသိမ်းဖို့ သတ်မှတ်နေရာသစ်တခုမှာ ပြန်လည်တည်ဆောက်ကြဖို့ကို ကျန်ရစ်သူမိသားစုများကော ပိုင်ရှင်အသစ်များက သဘောတူညီကြတယ်။ ဆရာ့အိမ်ကလေးကို ဖြုတ်သိမ်းထားတယ်၊ ဆရာပစ္စည်းတွေကိုလည်း စုဆောင်းသိမ်းဆည်းထားကြပါတယ်။ အတိုင်ပင်ခံနဲ့ ရန်ကုန်တိုင်းဝန်ကြီးချူပ်တို့ရဲ့ လမ်းညွှန်ချက် သဘောတူညီချက်နဲ့သာ ဒီကိစ္စကို လုပ်ဆောင်ကြမယ်၊ အဲသည်အတွက် သူတို့ရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေခဲ့ကြတယ်ဆိုပါတယ်။ သည်လိုနဲ့ အချိန်အနည်းငယ် လင့်သွားတဲ့အခါ နောက်ပိုင်း ကိုရာဇာဖေ့စ်ဘွတ်ကနေ ပြန်လည် ထုတ်ပြန်ပေးချက်တွေအရ နောက်ဆုံးတော့ တောင်ဒဂုန် အင်န်အေစီစင်တာ မျက်နှာစာ မြေကွက်မှာ ဆရာဦးဝင်းတင်ရဲ့အိမ်ကလေး ပြန်လည်တည်ဆောက် ဖြစ်သွားတယ်ပေါ့ခင်ဗျာ။

ခြံပိုင်ရှင်သစ် လုပ်ငန်းရှင်ကိုယ်တိုင်က သူတို့ကိုယ်တိုင်တာဝန်ယူပြီး သူတို့ရဲ့ ကန်ထရိုက်တာတွေကို အပ်ပြီးတော့ မူလပစ္စည်းတွေနဲ့ အမြန်ဆုံး ပြန်တည်ဆောက်ပေးတာပါ။ အိမ်ပုံစံကို မှတ်တမ်းအသေးစိတ်တင်ထားပြီးတော့ အတိအကျဆောက်လုပ်ကြတာပါ။ ပြန်သုံးလို့မရတော့တဲ့ အိုမင်းပျက်စီးတဲ့ အစိတ်အပိုင်းတွေကိုတော့ သူတို့က သူတို့စာရိတ်နဲ့ အစားထိုးပေးကြပါတယ်။ ကျနော်ရောက်တော့ အဲသည်ကန်ထရိုက်တာအဖွဲ့ကလူတွေ ဘေးဝန်းကျင်ကို မြေဖို့နေကြတယ်။ အတွင်းပိုင်းကို ဘယ်လိုပြင်ဆင်ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း ရှင်းပြပါတယ်။ ခြံနံပါတ် ၁၀ ဆိုတဲ့ ဆိုင်းဘုတ်ကလေး၊ ဆေးခန်းဖွင့်သည်ဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေလည်း ပြန်တတ်ဦးမှာလို့ ကိုရာဇာကပြောပါတယ်။ ၂၀၁၉ ဧပြီ သင်းကြန်လွန်ရင် ဦးဝင်းတင်အိမ် ဖွင့်ပွဲလေး လုပ်ကြမယ်လို့လည်း သိရပါတယ်။ အစကတော့ ဦးဝင်းတင်ပြတိုက်လို့ အမည်ပေးမလား ထင်မိတယ်။ အခုတော့ ဦးဝင်းတင်အိမ်လို့ အမည်ပေးကြမယ်တဲ့။ ကျနော်ကတော့ ဦးဝင်းတင်ရိပ်သာလို့ စဉ်းစားမိနေတယ်။

ဆရာဦးဝင်းတင်မှာက ဆုံးတဲ့အထိ အိမ်မှ မရှိခဲ့တာကိုးလေ။ သူနေထိုင်ခဲ့သမျှ အိမ်၊ တိုက်ခန်းတို့ဆိုတာကလည်း အများနဲ့ အတူတူဝေမျှ နေထိုင်ခဲ့တာချည်းဆိုတော့ သူနေတဲ့ နေရာလေးဟာ အိမ်ဆိုတာထက် ရိပ်သာလေးလို့ပဲ မြင်ယောင်နေမိပါတယ်။ ဦးဝင်းတင်အိမ်ကလေးသာ တည်ဆောက်ပြီးခဲ့ရင် သည်အင်န်အေစီ ရိပ်သာလေးဆီကို ကျနော်ရောက်တိုင်း လာပြီး အရိပ်လာခိုဖို့လည်း သေချာသွားပြီလို့ ထင်ပါတယ်။ ဦးဝင်းတင်က သူ့အိမ်လေးနဲ့ သူ့ဆီကို မည်သူမဆို လာရောက်ဖို့ ဘယ်တုန်းကမှ တံခါးပိတ်မထားခဲ့သူဆိုတော့ သည်နေရာလေးကလည်း ဆရာဦးဝင်းတင်ကို ချစ်ခင်လေးစားသူများအတွက် အမြဲ ဖွင့်လှစ်ထားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကျနော့်အတွက်တော့ မူလလက်ဟောင်း အင်န်အေစီက ကလေးတွေဂေဟာကုပ်ကုပ်လေးဟာ လွမ်းမောစရာ၊ အခုတော့ အင်န်အေစီက ဦးဝင်းတင်အိမ်ကလေးဟာ ပိုပြီး လွမ်းမောစရာ။ လမ်းဘေးကနေ တံတားငယ်လေးကို ဖြတ်ပြီး ဆရာဦးဝင်းတင်အိမ်ကို ရောက်ပါမယ်။ သံဇကာလေးတွေက အရင်အတိုင်းပဲ။ ဆရာအိပ်တဲ့ အိပ်ခန်း၊ အိပ်ခန်းနံရံမှာက ဆရာဘောလုံးပွဲကြည့်နေကြ တီဗီချိတ်ဆွဲခဲ့တဲ့နေရာ၊ နောက်အခန်းက ဆရာ့ဧည့်ခန်းလေး၊ စာအုပ်စင်လေးတွေ။ ပြီးတော့ အိမ်သာခန်း၊ မျက်နှာသစ်ဘေစင်ရှိတဲ့ အခန်းလေး။ ဆရာ့အိမ်လေးမှာ စာအုပ်တွေ များလွန်းလို့ ဆရာ့မိတ်ဆွေဦးအုန်းထွန်းက စာအုပ်အဟောင်းတွေကို သူ့ဂိုထောင်ထဲ ရွှေ့ပေးထားခဲ့တယ်။ - မှိုတွေနဲ့ စာအုပ်တွေကကွာ၊ ဆရာချောင်းဆိုးတာ အဲသည် ဖုန်တွေ မှိုတွေကြောင့်ကွ - လို့ ဦးအုန်းထွန်းက ကျနော့်ကို သူ့ဂိုဒေါင်ကို လိုက်ပြရင်းနဲ့ ပြောဖူးပါတယ်။ သူတို့ ၂ယောက်က နေ့ခင်းဆိုရင် အတူတူ ထမင်းစားကြတယ်။ ကျနော်ရောက်ခဲ့တုန်းက သူတို့ထမင်းစားနေကြတုန်း ရန်ကင်းကျောက်ကုန်းအဆင်းမှာ ကျနော်နဲ့ ကိုရာဇာနဲ့ ဆိုင်သွားထိုင်ပြီး စောင့်ခဲ့ကြတယ်။ မိုးမခမဂ္ဂဇင်းထုတ်မယ်ဆိုတော့ ဆရာဦးဝင်းတင်ကို နာယက နာမည်ခံခိုင်းခဲ့တယ်။ ဆရာ့အမှာစာကို စောင့်ယူခဲ့ကြတယ်။ ဆရာဦးမိုးသူက ဆရာ့ကို ဆေးရုံပေါ်မှာ နောက်ဆုံးနှုတ်ဆက်ချိန် ဦးဝင်းတင်က "အဟမ်း အဟမ်း ထွီ ..." ဆိုတဲ့ ဟာသသရော်စကားကို ပြောခဲ့သေးတယ်နော်။

ဘဘဦးဝင်းတင်သည် ဘကြီးမိုးအားတွေ့သောအခါ …
“အေး…ခင်ဗျားကို မသေခင်တွေ့ချင်နေတာဗျာ” ဟု ပြောလိုက်ပါသည်။
ထိုသို့ ပြောလိုက်သောအခါ   ဘကြီးမိုး မျက်နှာကွက်ခနဲ ပျက်သွားသည်၊
ထို့နောက် စိတ်မကောင်းသော မျက်နှာဖြင့့် ဘဘဦးဝင်းတင်ကို ဆက်ပြီး ကြည့်နေမိသည်ဟု ဆိုသည်။
ထို့နောက် ဒီလိုလည်း မဟုတ်သေးပါဘူး ဘာညာဖြင့် အားပေးစကားပြောရန် အနားသို့ ဘကြီးမိုးတိုးသွားသည်။
“ကျုပ်က “ခင်ဗျားမသေခင်” တွေ့ချင်တယ်လို့ပြောတာပါ။ တခြားမတွေးပါနဲ့” ဟူသော ဦးဝင်းတင်က ဆိုလိုက်တော့မှ  ဘကြီးမိုး  ရယ်နိုင်ပါတော့သည်။
ဘကြီးမိုးကို တွေ့သည်နှင့် မလွတ်တမ်း လက်ကိုဆုပ်ကိုင်ကာ စကားများ ရေပက်မဝင်ပြောနေပါတော့သည်။
ဆရာမများကလည်း လူနာအား မမောစေလိုသဖြင့် ဘကြီးမိုးကို ပြန်စေချင်သည့်ပုံရှိနေသည်။
ဘဘဦးဝင်းတင်ကလည်း သူ ပြန်လည် ထူထောင်လာကြောင်း ပြသချင်နေသည်။
ဘကြီးမိုးက …  ခင်ဗျားဟာ ဘာလဲဟဲ့လောကငရဲ ဦးဝင်းတင်အစစ်ပါပဲဗျာ။ ကျုပ်ကို ဒီလိုနောက်နိုင် ၊ ပြောင်နိုင် တာကို ဂုဏ်ယူပါတယ်ဗျာ ဟု မှတ်ချက်ပြုလိုက်သည်။
ဘဘဦးဝင်းတင်က ချောင်းဟန့်နေရပုံအကြောင်းကိုလည်း ပြောသေးသည် ဆို၏။
“ကျုပ် … တနေ့ကို အဟမ်း အဟမ်း ထွီ ဆိုပြီး လုပ်တယ်ဗျ။  အဟမ်း အဟမ်းကတော့ ချောင်းဟန့်တာပေါ့ဗျာ၊  ထွီဆိုတာကတော့ စစ်အစိုးရကို ရွံလို့ဗျာ” (ရန်နောင်(ဗိုလ်တထောင်)၊ ဧပြီ ၉၊ ၂၀၁၄)

 ဆရာဦးဝင်းတင်၏အိမ်ကလေးတွင်း ကျနော် အခုထိုင်နေတဲ့အချိန်မှာ ဦးဝင်းတင်မရှိတော့ပါ။ ဆရာ၏ အမှတ်တရများစွာကသာ အာရုံတွင် တရိပ်ရိပ်ပေါ်နေကြပါတော့တယ်။ သူ့မိတ်ဆွေများ ရဲဘော်များစွာကလည်း အဲသည်လိုပဲ ခံစားမိကြလိမ့်မယ် ထင်ပါတယ်။ ဟိုးနားက အိမ်မှာ တီဗီဖွင့်နေသံကြားနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် အကယ်ဒမီဆုပေးပွဲမှာ တက်ရောက် မိန့်ခွန်းပြောနေသံပါ။ ဒေါ်ဖြူဖြူသင်းကလည်း အကယ်ဒမီဆုပေးပွဲတက်နေတယ်လို့ ကိုရာဇာကပြောပါတယ်။ ကိုရာဇာရဲ့ ဖုန်း ဖေ့စ်တိုင်းကနေ စင်တာက ကလေးတွေကို ဒေါ်ဖြူဖြူသင်းက လှမ်းနှုတ်ဆက်နေတာကို ငေးကြည့်ခဲ့မိပါသေးတယ်။ မြန်မာတီဗီက လိုက်ဗ်လွှင့်နေတော့ ကြားမိကြားရာ ကြားလိုက်ရပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်လောကသားများအား ယခုလိုမျိုး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင်၊ လျှောက်လှမ်းအောင် ပံ့ပိုးပေးခဲ့တဲ့အတွက် လောကသားများကို ကျေးဇူးတင်ကြောင်း ... တဲ့။

ဆရာ့အကြောင်းတွေးရင်းနဲ့ မိုးမခအတွက် ဆရာရေးပေးခဲ့တဲ့ အမှာစာလေးကို ပြန်သတိရပါတယ်။ ၂၀၁၄ မတ်လမှာ မိုးမခအမှတ်၁ ရန်ကုန်မှာ ထုတ်မယ်။ ဆရာတို့ ဦးမိုးသူတို့က အမှာစာရေးကြတယ်။ ဆရာက စူးစူးစိုက်စိုက်နဲ့ အမှာစာကို ရေးတယ်၊ ပြင်ဆင်တယ်၊ စာရေးဆရာမ ဂျူနီယာဝင်းကို လက်ရေးနဲ့ ပို့ပေးပြီး ပရုဖတ်ဖို့လည်း အကြိမ်ကြိမ်တောင်းဆိုပါတယ်။ သူရေးခဲ့တာလေးက အမှတ်ရစရာပါ။

ဟော – ဒီအချိန်မှာတော့ သူတို့မျိုးဆက်က မောင်ရစ်တို့ နောင်ခေတ်အတွက် “မိုးမခ” ပျိုးချနေကြလေပြီ။
မျိုးဆက်သစ် မိုးမခ ဟာ …
“နေဒဏ်မှာ ရွက်မကြွေ
နေရှိန်မှာ မပျောင်းမခွေ
နှောင်းနွေရက်ကျန် မညို မဝါ မရွှေ …”
ဆိုတဲ့အရေးတော်ပုံဂုဏ်ရည်တွေနဲ့ ပြည့်လျမ်းနေလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါရဲ့။
မောင်ရစ်တို့ရဲ့ မျိုးဆက်တွေရေ … နိုင်ငံရေးအခြေခံ ပန္နက်ခိုင်ခိုင်စိုက်တဲ့ စာပေအားမာန် စွမ်းရည်နဲ့ ခေတ်ဝန်ကို နိုင်နိုင်ထမ်း၊ ခေတ်လမ်းကို ကျဲကျဲလှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကျုပ်နဲ့ မောင်ရစ် တလောက ရန်ကုန်မှာ ဆုံဖြစ်လိုက်တယ်။ ကျုပ်ပြောလိုက်တဲ့ စကားတခွန်း မှတ်မိဦးမယ် ထင်ရဲ့။ “ဒီနေ့ နိုင်ငံရေးက လမ်းခုလတ် ရောက်နေတာ မဟုတ်ဘူး။ ဒို့ ဒီနေ့ ရောက်နေတာက နိုင်ငံရေးလမ်းဆုံလမ်းခွ ကွ။ ဒီမိုကရေစီအပြောင်းအလဲ၊ အရွေ့အလျားတွေ လမ်းခွဲကို ရောက်နေတာဟေ့။ လမ်းဟောင်းကို ဆက်ညောင်းနေဖို့ မဟုတ်ဘူး။ လမ်းချော လမ်းဖြောင့် ရွေးကြရတော့မယ်။ လမ်းဆုံးမှာ ရွာတွေ့မယ့် လမ်းမှန်ကို ရွေးကြရတော့မယ်။
မောင်ရစ်တို့ မျိုးဆက်သစ်နဲ့ မိုးမခ လမ်းမှန်ပါစေ။ ရှင်သန်ပါစေ။ လမ်းဖြောင့်ပါစေ။ စွမ်းတောင့်ပါစေ။
– ဟံသာဝတီဦးဝင်းတင် (မတ် ၂၉၊ ၂၀၁၄)

ကိုရာဇာရေ ကျနော် ပြန်တော့မယ်ဗျာလို့ ပြောလိုက်ပါတယ်။ ကိုရာဇာက စင်တာကကားနဲ့ တောင်ဥက္ကလာမြို့အစပ်အထိ လိုက်ပို့ပါတယ်။ ကျနော် နောက်တခေါက်မှာလည်း ဆရာဦးဝင်းတင်ရိပ်သာလေးဆီ ပြန်ရောက်နိုင်ဦးမယ် ထင်ပါတယ်။ ဦးဝင်းတင်ရိပ်သာကို ရောက်အောင်သွားနိုင်ကြပါစေသတည်း။