Breaking News

နေသွင်နိုင်း - ပြန်မလာတော့တဲ့ ရာသီဥတု

ပြန်မလာတော့တဲ့ ရာသီဥတု
နေသွင်နိုင်း
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၂

(၀)

အကြိုက်ဆုံးအရာ  - သေနတ်။
အကြောက်ဆုံးအရာ - စစ်ပွဲ
အမုန်းဆုံးအရာ - လေယာဥ်ပျံ။

(၁)

အအိပ်ကြီးတဲ့သူတွေအတွက်
ခင်ဗျားတို့ရဲ့ကိုယ်ချင်းစာတရားကို
မှတ်ကျောက်တင်ဖို့
သွေးနဲ့ဓာတ်ပြုထားတဲ့ မှတ်တမ်းရုပ်ရှင်
နိုင်ငံပိုင်ရုပ်သံမှာ အမှန်တရားသေဆုံးနေလို့
နွေဦးပိတ်ကားမှာ ရုံတင်ပြလိုက်တယ်။
သွေးကိုရေးတော့လည်း သွေးရဲ့နံရံမှာ
အတ္တနဲ့အကြောက်တရားကလွဲပြီး
ဘာမှအဓိပ္ပာယ်မပွင့်သူများ 
သေနေတဲ့သီချင်းကိုဖွင့်
ရှင်နေတဲ့အသက်ကို ရှက်ကြ
ဘယ်လိုနေထိုင်ယဥ်ကျေးကြမလဲ
မေးခွန်းကို ကျောပေးပြီး
လူသေကောင်လိုရှင်သန်မှုနဲ့ 
လေချွန်ရင်း ဆွံ့အ နေကြတဲ့ နွားတွေ
နာနေတဲ့ဇာတ်နဲ့ 
ပျော်ပွဲစားတဲ့မြစ်မှာ စကားစမြည်ဆိုလို့
ခင်ဗျားတို့လိပ်ပြာ လုံပါစေ။

(၂)

မြင်ကွင်းထဲ
နေရောင်ခြည်က အရသာမဲ့
ကမ္ဘာကြီးရဲ့ ဝဋ်ဒုက္ခက
ရှည်လျားလွန်းလှရဲ့။
လေထုထဲ 
သွေးညှီနံ့က ဗီလိန်လိုပျော်ဝင်လာ
အမေတွေရဲ့ရုပ်နဲ့ခန္ဓာမှာ
မကျွတ်လွတ်တော့တဲ့မျက်ရည်တစ္ဆေ
ပင်လယ်လို လေးလံနေပါပေါ့။

နာကျင်တေးသွားရုပ်သံမှာ
မိခင်ဟာ  ရွာထဲကနေ မြားတစင်းလို အပြေးအလွှား 
ကျောင်းဆီရောက်တော့
သားလေးရဲ့ အလောင်းကိုမြင်ရှာတယ်။

" သားလေး လွတ်အောင်ပြေးနိုင်မယ်လို့
 အမေ အောက်မေ့နေတာ..." တဲ့။
သားမရှိတာ ရွှေအိုးမရှိတော့တာပဲ
မိခင်ဟာ သွေးစွန်းနေတဲ့
စကြဝဠာအထုပ်အပိုးကိုပွေ့လို့
 ပိန်လှီနေတဲ့အရိုးအသားထဲက
သွေးရဲ့မြစ်ဟာ ယမ်းငွေ့တွေကြား
ရှိုက်ကြီးတငင်ငိုကြွေးလိုက်တော့တယ်။

မျက်ရည်ကျသူအကယ်ဒမီရတဲ့ခေတ်မှာ
ငါတို့ဟာ ရွှေတံဆိပ်ရခဲ့ကြ
စက်ရပ်သတင်းမှာ
သွေးစွန်းနေတဲ့ခေါင်းလောင်းနဲ့ 
စာသင်ခုံလေးများ ဖရိုဖရဲလွင့်ကြဲ
အလောင်းတွေဆီ ပြေးလွှားလာနေတဲ့ 
လက်ကျန်ခြေသံများ တုန်ခါလို့
"နာလွန်းလို့ မေမေရာ...သားကိုသတ်လိုက်ပါ"တဲ့။
အတည်ပြုဆဲ အမည်နာမများ
အတည်ပြုဆဲ အသက်များ
အသက်ကိုထုပ်ထားတဲ့ဖက်များ
သွေးစွန်းကုန်ပါပေါ့။

(၃)

ပုခက်လွှဲတဲ့ လက်ဟာ ကမ္ဘာကိုကိုက်လှုပ်သတဲ့
လွှဲစရာပုခက်မရှိတော့တဲ့အခါ
မိခင်တွေဟာ သေနတ်မောင်းခလုတ်ကို
တဒိုင်းဒိုင်းဆွဲညှစ်ပစ်လိုက်ကြတယ်
အာဏာရှင်တွေ သေပေရော့တဲ့။

(၄)

ဘာကို ချစ်ရမလဲ-ဓမ္မ။
ဘာကို မချစ်ရဘူးလဲ -အဓမ္မ။
အမေ - မရှိ။
အဖေ - မရှိ။


(၀)

ပုန်းကျင်းထဲက ခေါင်းလောင်းသံအဆုံးမှာ
မြက်ခင်းလေးတွေဟာ
ကမ္ဘာမကျေဘူးသီချင်းနဲ့ ကျောင်းဆင်းခဲ့ကြတယ်။
ပြီးတော့
သင်ရိုးထဲက လေယာဥ်ပျံကို ဆွဲဖြဲလို့
ပြန်မလာသူ ဆရာမလေးကိုမျှော်လို့
 သူငယ်ချင်းဝလုံးလေးတွေရဲ့ 
သွေးစွန်းစာအုပ်လေးတွေ ပွေ့ပိုက်လို့
မနက်ဖြန်မှာ မျက်နှာဆက်သစ်ရဖို့နဲ့
 မနက်ဖြန်မှာ အစာအာဟာရတခုခုရဖို့
တန်ခိုးရှိမယ့်ဘုရားထံ ဆုတောင်းကြတော့တယ်။ ။

နေသွင်နိုင်း
2292022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar