Breaking News

စိုးရိမ် - သို့...ကမ္ဘာ

သို့...ကမ္ဘာ 
စိုးရိမ်
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၂၂

လူ့လောကရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို
နေ့နဲ့ညလို
မှောင်လာရင် အမှောင်ကနိုင်တယ်
လင်းလာရင် အလင်းကနိုင်တယ်လို့
ထိုင်ကြည့်နေကြမှာလားကမ္ဘာ
ဒါဟာ
လူးသားမဆန်တဲ့ ကောက်ကျစ်မျက်လုံးတွေပေါ့
မသန့်စင်မှုတွေ စွန်းပေနေတဲ့
စည်းမျဉ်းစည်းကမ်းတွေဆိုတာကလဲ
လူသားမဆန်တဲ့ အရိုင်းအစိုင်းတွေအတွက်
တရားဝင် လူသတ်လက်နက်တွေပါ
သွေးဆာနေတဲ့လက်တွေကို ဖယ်ရှင်းဖို့
လျော့နေတဲ့ကြိုးတွေကို ပြန်တင်းမှ
ပျက်နေတဲ့ခလုတ်တွေကို ပြန်ပြုပြင်မှ
ငြိမ်းအေးလှပတဲ့ ဂီတတွေနဲ့
လောကကို အလင်းဖွင့်နိုင်ကြမှာပေါ့
ချစ်ခြင်းမေတ္တာနဲ့ ဓမ္မကသာ
သက်ရှိလောကကိုအလှဆင်မယ့် ပန်းပွင့်တွေပါ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar