ဘိုလ်တောကျော်(ကနီတောရ) - မုသာဝါဒအစ ဗိုလ်ကြောင်ချေးက
ဘိုလ်တောကျော်(ကနီတောရ)
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၂
“ဟေး လာကြလာကြ ရွှေစာတို့ရွှေညာတို့ သက်တန်းလွန်စစ်သူကြီး ဗိုလ်ကြောင်ချေးက လွှတ်ရင်ပြင်မှာ မုသားစကားဆိုတော့မယ်တဲ့” ဆိုတဲ့ ဟစ်ကြွေးသံတွေကြားရတော့ ‘ပျူဝဋ်’နိုင်ငံသားတွေ ရွာသိမ်ရွာဖျင်း နိဂုံးမကျန် လွှတ်ရင်ပြင်မှာ စုဝေး ရောက်ရှိကြတယ်။ ‘မုသား’ ဆိုတာ ဘာမှန်မသိတဲ့သူတွေပေါ့။ တကယ်တော့ ပျူ ဝဋ်နိုင်ငံသားတွေဟာ ရိုးသားကြ၊ သစ္စာ ရှိကြတဲ့ သူတွေ။ မုသားဆိုတာ ဘာမှန်မသိ၊ မကြာဖူးလေတော့ မုသား ကိုသိချင်တာနဲ့ လွှတ်ရင်ပြင်မှာစုသူကစု။ သတင်းစကားစွင့်သူကစွင့်ပေါ့။
တယာက်နဲ့တယောက်နီးစပ်ရာကို “မုသား’ဆိုတာဘာလဲ’လို့မေးသူကမေး။ မုသားဆိုတာ ဘယ်လိုသတ္တဝါကြီးလဲ။ ဖြူဖြူလား မဲမဲလားလို့ ဆိုသူကဆို။ မုသားဆိုတာ တို့များဘိုးစဉ်ဘောင်ဆက်တလျှောက်လုံး မြင်လည်းမမြင်ဖူးဘူး။ ကြားလည်းမကြားဖူးဘူး။ ထင်းရှူးတို့ ယူကလစ်တိုလို ဖြောင့်ဖြောင့်ကြီးလား။ ချစ်စရာလား ကြောက်စရာကြီးလား ” ဆိုပြီး တီးတိုးတီးတိုး သဖန်းပိုးလုပ်ကြပေါ့။
ရက်စက်ခြင်း ကြမ်းကြုတ်ခြင်းဆိုတာကိုတော့ သူ့အဘေး မင်းခွေးချေးလက်ထက်ကတည်းက ကြုံခဲ့ရဖူးလိုသိနေကြပြီ။ အနှစ်တသောင်းအထိ သက်တန်းရှည်ခဲ့တဲ့မျိုးဆက်မှာ သူ့အဘေးမင်းခွေးချေးဓားချက်နဲ့ သွေးစိမ်း ရှင်ရှင်ထွက်လို့ သေချိန်မတိုင်မီသေခဲ့ကြသမို့ သေခြင်းအကြောင်းလဲသိပြီးပြီ။ အခုဆိုမယ့် မုသားဆိုတာကြီးက ဘယ်လိုဟာလဲ။ ရက်စက်ခြင်းထက် ပိုကြောက်ဖို့ကောင်းလေရော့သလားမသိ။
အဲ့လို ပျူဝဋ်နိုင်ငံသားတွေ မေးသူကမေး ဖြေသူကဖြေနဲ့ ပဟေဠိအဖြေညှိနေကြလေရဲ့။ ကပ္ပိလဝတ်သားတွေသင်ပေးလို့ မတောက်တခေါက်လေးသိထားတဲ့ဇနပုဒ်သုံး မာဂဓပါဠိစကားတွေ နေပြည်တော်သုံးသက္ကတစကားတွေကို ပျူဝဋ်ဘာသာစကားနဲ့ကြားညှပ်သုံးလေ့ရှိပြီး တလွဲပြောနေသူတွေလည်းရှိပေါ့။ သူတို့ကတော့ ‘မင်းစိုးရာဇာနဲ့မသက်ဆိုင်တဲ့သမဂ္ဂအဖွဲ့’ ဆိုလားပဲ။ ပျူဝဋ်နိုင်ငံသားအခွင့်အရေးဆိုလား၊ ပျူဝဋ်နိုင်ငံတော်ငြိမ်း ချမ်းရေး ဆိုလား။ တတိယသမဂ္ဂအဖွဲ့ လုပ်ဖို့ဆိုလားပဲ။ ပျူဝဋ်နိုင်ငံသားတွေအကျိုးရှိမရှိတော့ မသိ။ သူတို့အကျိုးရှိနေတာတော့ အမှန်။ ရွာလယ်ခေါင်က ‘ဇရပ်ပျက်’ မှာသူတို့ပြောတဲ့၊ သူတို့ရှင်းပြနေတဲ့ ‘မုသား’ ဆိုတာကို ပျူဝဋ်တို့နားမလည်။ တကယ့် ‘ဗူးလုံးနားမထွင်း’ တွေ။ အဲ့လိုပြောဆိုနေကြတုန်း...
“မုသားစကားဆိုရန်အတွက် ဗိုလ်ကြောင်ချေးကြွချီလာပါပြီ” ဆိုတဲ့ ဗိုလ်ကြောင်ချေးရဲ့ လက်စွဲတော် သတင်းအမှန်ပြန်ကြားရေးက ဗိုလ်အောင်နက်ရဲ့အူသံကြားလိုက်ရတော့ လွှတ်ရင်ပြင်တခုလုံး ငြိမ်ကျသွားပြီး စင်မြင့်ထက်ကိုပဲ စုပြုံအာရုံကျနေကြတယ်။ ဗိုလ်ကြောင်ချေးဟာ လိုက်ကာကြားထဲကနေ ကုပ်ကုပ်ကလေးထွက်လာပါပြီ။ ပျူဝဋ်နိုင်ငံသားအားလုံး မျက်စေ့ကျိန်းလောက်အောင် ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတာကို မျက်ဝါး ထင်ထင်မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ တအံ့တဩဖြစ်ကြပေါ့။
“ဗိုလ်ကြောင်ချေးသက်တော် သောင်းကျော်ရှည်ပါစေ” လို့ အော်ဟစ်နေတဲ့ ‘မုတ္တ, မ’ သားတွေရဲ့အသံကလည်း လွှတ်ရင်ပြင်တခုလုံး ဖုံးလွှမ်းသွားတယ်။ ကြည့်လိုက်တော့ ဗိုလ်ကြောင်ချေးရဲ့ရင်ဘတ်မှာ တလက် လက်ထနေတဲ့ ‘စောရ’ ဆုတဆိပ်တွေကြောင့် မျက်နှာတော်အထိ အရောင်ထွက်နေတာကိုး။ အနီးအပါးက ဗိုလ်အောင်နက်အထိတောင် အရောင်ဟပ်လို့။ မဲနက်နေတဲ့ဗိုလ်အောင်နက်ရဲ့မျက်ခွက်ကြီးပင် တလက်လက်တောက်နေပေါ့။
ပျူဝဋ်နိုင်ငံအားလုံးကလည်း မုသားကိုသိချင်စိတ်နဲ့ ဗိုလ်ကြောင်ချေးကိုပဲ အာရုံစိုက်ကြည့်နေကြတယ်။ ဗိုလ်ကြောင်ချေးဟာ “လိပ်ပြာမလုံ သိက္ခာမခြုံတဲ့အပြုံး” ကိုဆောင်ရင်း…
“အခုကစပြီး ကျွန်ုပ်သက်တန်းလွန်စစ်သူကြီးကိုယ်တိုင် မုသားစကားဆိုပါမယ် ” ဆိုတော့ ပရိတ်သတ်အား လုံး ငြိမ်ကျသွားပေါ့။ ဗိုလ်ကြောင်ချေးဟာ မကြည့်ရဲကြည့်ရဲနဲ့ ခေါင်ကိုမော့ပြီး...
“မကြာမီကပြုလုပ်ခဲ့တဲ့ ပျူဝဋ်နိုင်ငံရဲ့ဆန္ဒပြုပွဲဟာ မဲလိမ်မဲခိုးခဲ့ခြင်းဖြစ်ကြောင်း ပျူဝဋ်နိုင်ငံသားအားလုံး မဲသူခိုးများသာဖြစ်ပါကြောင်း” လို့ ဆိုလိုက်တော့ ပျူဝဋ်နိုင်ငံသားတွေအားလုံး တခဏတော့ အံ့ဩငြိမ်သက်သွားတယ်။ ပြီးမှ “မုသားဆိုတာ ငါတို့ကိုမဲ သူခိုးလို့စွပ်စွဲလိုက်တာပဲ” ဆိုပြီး မခံမရနိုင်ဖြစ်လာတယ်။ လှုပ်လှုပ် ရွရွဖြစ်လာပေါ့။
အဲ့ဒီအချိန်မှာပဲ ရတနာပူရရွှေမြို့တော်ကရောက်လာတဲ့ ပိန်ပိန်ရှည်ရှည် ငါးဇင်ရိုင်းနှုတ်ခန်းမွှေးနဲ့ ပြည်သူချစ် ‘သမားတော်လေး’ ကစတင်ပြီး “လူမိုက်ဗိုလ်ကြောင်ချေးအလိုမရှိ ” လို့စအော်လိုက်ရာက ပျူဝဋ်နိုင်ငံသားအားလုံးကလည်း “လူမိုက်ဗိုလ်ကြောင်ချေးအလိုမရှိ ” ဆိုပြီးအော်လိုက်တာ လွှတ်ရင်ပြင်သာမက မဇ္ဇျိမတဝန်းလုံး ဖုံးလွှမ်းသွားတော့တယ်။
ပထမအကြိမ် မုသားစကားဆိုပြီးတဲ့နောက်မှာ ပျူဝဋ်မယ်တော်ကြီးက “ငါ့မောင် သင့်ဆိုစကားကို ပြန်ရုတ်သိမ်းလေ။ မုသားသည် အလွန်အပြစ်ကြီးပါဘိတောင်း။ နောက်လာနောက်သားတွေ လမ်းမှားလိုက်တတ်ပါဘိ။ ထို့အပြင်တဝ ကိုယ်ရောင်ကိုယ်ဝါတွေပျောက်လို့ ကိုယ်စောင့်နတ်လည်းမကြိုက်။ အာခံတွင်းမှလည်းအပုတ်နံ့၊ မစင်နံ့တွေထွက်လို့ အများထိုသူ လူသူတော်တို့ ငြိုငြင်ခံရတတ်ပါကြောင်း” လို့ တရားပြ တားမြစ်လိုက်တယ်။
အဲ့ဒီအချိန်မှာပဲ သက်တန်းလွန်စစ်သူကြီးရဲ့ ရင်ဘတ်ကဆုတံဆိပ်တွေဟာ တဖြည်းဖြည်းအရောင်မရှိတော့ဘဲ မှေးမှိန်သွားတယ်။ တပြိုင်တည်းမှာပဲ လွှတ်ရင်ပြင်ခုလုံး ကြက်ဥပုတ်၊ ဘဲဥပုဒ်လိုလိုအနံ့တွေ ဖုံးလွှမ်းနေတယ်။ ဗိုလ်ကြောင်ချေးပါးစပ်ဟလိုက်တာနဲ့ မစင်ပုတ်နံ့ကလည်း ထောင်းထောင်းထပေါ့။ လွှတ်ရင်ပြင်ရှိ ပရိသတ်အပေါင်း နှာခေါင်းရှုံ့သူကရှုံ၊ အော့အံသူကအံ။ ပုဝါနဲ ့နှာခေါင်းပိတ်သူကပိတ်ပေါ့။ ဒါကိုမြင်လိုက်တော့ ဗိုလ်ကြောင်ချေး နည်းနည်းတွန့်သွားတယ်။ အဲ့ဒီအချိန်မှာ ဗိုလ်အောင်နက်က ကပ်ပြောလိုက်တာက ...
“ဘာမဆိုလုပ်ရဲတော်မူပေထသော အရှင်စစ်သူကြီး။ မုသားစကားဆိုချိန်မှာ အရှင့်ရဲ့ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်တယ်ထင်ရအောင်တမုံ့။ ပါးစပ်ကနေ ကြက်ဥပုပ်နံ့ထွက်တယ်ထင်ရအောင်တလီ အမတော်ကြီးက သူရဲ့ကဝေပညာနဲ့ လုပ်လိမ့်မယ်။ မြေမြိုတယ်ထင်အောင် ကဝေပညာနဲ့ပြုစားလိမ့်မယ်လို့ ကြိုတင်ပြီး အဘေးတော် မင်းခွေးချေးနဲ့ အဘိုးတော် ‘ဂန္တလရာဇ်ကြောက်မင်း’ တို့ အထပ်ထပ်သတိပေးခဲ့တယ်လေ။ မကြောက်နဲ့ဆက်ပြီး မုသားစကားဆိုပါ။ အရှင်မလုပ်ရဲတာဘာမှမရှိဘူးမို့လား” လို့ သွေးထိုးစကားနဲ့ ရဲဆေးတင်ပေးနေလေရဲ့။
သူ့ဆရာတော် ‘ပူတဂူ’ ‘ဂေါမုတ္တ,မ’ လည်း ရောက်လာပြီး “ဘာသာ သာသနာမဲ့သူတွေကို မုသားစကားဆိုတာဟာ အပြစ်မရှိဘူး။ မုသားစကားဆိုတာ ဆိုထိုက်သူမှဆိုကြရတာ။ ဘုန်းကံကြီးတဲ့သာသနာပြုမင်းတွေမှဆိုလို့ရတာ။ ယောကျ်ားကောင်း တိဟိတ်တွေပဲဆိုရဲတာ” လို့သွေးထိုးမြှောက်ပင့်ပေးလိုက်တော့မှ ဗိုလ်ကြောင်ချေးဟာ ဟုတ်လိမ့် နိုးနိုးအထင်ရှိပြီး တတိယအကြိမ် “ပျူဝဋ်တို့ရဲ့ဆန္ဒပြုပွဲဟာ မဲလိမ်မဲခိုးခြင်းသာဖြစ်တယ်” လို့ ‘မုသား’ ထပ် ဆိုလိုက်ပြန်တယ်။
ဒီတကြိမ်ဆိုအပြီးမှာတော့ မြေပြင်တခုလုံးတုံဟီး ကွဲအက်ပြီး မီးပြင်းမုန်တိုင်းတွေတိုက်လာတယ်။ သူ့တကိုယ်လုံး လည်ပင်းအထိနစ်သွားပြီမို့ အပူဒဏ်ကိုအတော်ခံနေရလေတော့ “ပူတင်..ပူတင်” လို့ မပီမသအသံနဲ့တကြော်ကြော် ဟစ်အော်သံကြီးက လွှတ်ရင်ပြင်တခုလုံး လွှမ်းသွားတယ်။ ‘ပူတယ်’ ဆိုတဲ့အသံကိုတောင် ပီသအောင်မအော်နိုင်ရှာတော့ဘူး။ အဲ့ဒီအချိန်ကောင်းကင်ကနေ အသံတသံထွက်လာတယ်။ အချို့သောမှတ်တမ်းတွေအလိုရကတော့ ‘ဂန္တာလရာဇ်ပြည်’ က ဝူခုန်းအသံကြီးလို့ဆိုကြတယ်။ ဟိန်းထွက်လာတဲ့ အသံက...
“ပျူဝဋ်သားတို့ မုသာဝါဒဆိုတာ လိမ်လည်ခြင်းဖြစ်တယ်။ အမှန်မဟုတ်သည်ကိုပြောဆိုခြင်းဖြစ်တယ်။ ‘အမှန်’ ကို ‘အမှား’ ဖြစ်အောင်ပြောဆိုခြင်း၊ ‘အမှား’ ကို ‘အမှန်’ ဖြစ်အောင်ပြောဆိုခြင်းဖြစ်တယ်။ မုသာဝါဒမလုံခြုံသူဟာ မည်သည့်ပြစ်မှုကိုမဆို ကျူးလွန်ရဲသူဖြစ်တယ်။ ဘာမဆိုလုပ်ရဲသူဖြစ်တယ်။ အခုမြေမြိုခံနေရတဲ့ သက်တန်းလွန် စစ်သူကြီးဗိုလ်ကြောင်ချေးနဲ့ဗိုလ်အောင်နက်တို့ရဲကျဆုံးခန်းကို မျက်ဝါးထင်ထင်မြင်ကြရပြီ။ သူ့တို့ကိုလောင် မြိုက်နေတဲ့ မီးမုန်တိုင်းစက်ကွင်းက ပျူဝဋ်တခုလုံးလောင်ကျွမ်းနိုင်တာကြောင့် ပျူဝဋ်ဒေသနဲ့ဝေးရာ ရှောင်ကြ ရှားကြလော့” လို့ သတိပေးသံကြီးထွက်ပေါ်လာတယ်။
သတိပေးသံအဆုံးမှာတော့ လွှတ်ရင်ပြင်ကြီးတခုလုံးလည်း မီးဟုန်းဟုန်းတောက်။ မြေပြင်ကွဲအက်လို့ ဗိုလ်အောင်နက်တို့ဆရာတပည့်သာမက အလိုတူ အလိုပါ မုသာဝါဒကျူးလွန်ဖို့အားပေးအားမြှောက်ပြုသူတွေ။ မုတ္တ,မ သင်းသူအသင်းသားတွေ။ ‘ဂေါမုတ္တ,မ’ ပူတဂူတို့အဖွဲ့တွေပါမကျန် လောင်မီးကျလို့နေပေါ့။ အပူရှိန်ပြင်းလွန်းလို့ ‘ပူတယ်’ လို့ အော်ဟစ်သံတွေတောင် ပီပီသသမကြားရတော့ဘဲ “ပူတင်..ပူတင်” လို့ ငြီးငြူဟစ်အော် ငိုကြွေးမြည် ကြွေးသံတွေဟာ စကြဝဠာတိုက်တသောင်းတိုင်အောင် ကြာနေရပါတော့တယ်။
ချစ်သောစာရှုသူ။ စေတိယလက်သစ် သက်တန်းလွန်ဗိုလ်ကြောင်ချေးရဲ့ လွှတ်ရင်ပြင်က ‘မုသားစကား’ ဆိုပွဲ ကြီးလည်း ဤတွင်နိတ္ထိတံ။
ဘိုလ်တောကျော်(ကနီတောရ)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar