Breaking News

ကိုအောင်မှိုင်း - ကလေးတွေကို အစီအစဥ်ရှိရှိ သတ်ဖြတ်တာ ဖြစ်တယ်


ကိုအောင်မှိုင်း - ကလေးတွေကို အစီအစဥ်ရှိရှိ သတ်ဖြတ်တာ ဖြစ်တယ်

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၂၂


လွန်ခဲ့တဲ့ သီတင်းပတ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ စာသင်ကျောင်းတွင်း စာသင်နေတဲ့ ကလေး သူငယ်လေးတွေ အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်တာခံခဲ့ရပါတယ်။ ဒီသတင်း ဟာ မြန်မာနိုင်ငံတင်မကဘဲ ကမ္ဘာ့ပြည်သူအများစုကြီးကို အတော်လှုပ်ခတ်သွားခဲ့တဲ့ သတင်းလည်း ဖြစ်ခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ  အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလို ပြောဆိုသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်း သားလူမျိုးစုတွေကို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေပါတယ်” ဟု ပြော ဆိုခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံတွင် မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်တပ်၏ ဖိနှိပ်သတ်ဖြတ်မှုများသည် ဆိုးရွားသောအဆင့်မှ ကြောက်မက်ဖွယ်အကောင်းဆုံးသော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ကမ္ဘာကြီးက ၎င်းတို့ကို လျစ်လျူရှု မေ့လျော့၊ ဂရုမစိုက် ဆိုသော ကောက်ချက်ချနေကြပြီ ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လူ့အသက်ပေါင်းများစွာ ကယ်ဆယ်နိုင်ရေး မြန်မာစစ်တပ်အပေါ် ထိရောက်သော အရေးယူမှုများ မည်သည့်အတွက်ကြောင့် မလုပ်ဆောင်သနည်းဆိုသည့် မေးခွန်းထုတ်မှုများရှိလာနေပြီး ၎င်းအနေဖြင့် ထိုမေးခွန်းအတွက် အဖြေမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစစ်စစ်ဆေးရေးမှူး Tom Andrews က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံသို့ တင်ပြပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ လယ်ယက်ကုန်းရှိ စာသင်ကျောင်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင်လူ၁၃ ဦးထက် မနည်းသေဆုံးခဲ့မှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ကုလအထွေထွေ အ တွင်းရေးမှူးချုပ်အနေနဲ့ ထိခိုက်သေဆုံးခဲ့ရသူ မိသားစုများနှင့်ထပ်တူ  လွန်စွာဝမ်းနည်းကြေကွဲကြောင်း၊ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများနှင့် ပြစ်မှု ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေးပြောဆိုတာကိုလည်း တွေ့ရပါတယ်။

Save the Children လိUNICEF လို ကလေးများဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တိတ်ဆိတ်နေမှုများအပေါ်လည်း ဝေဖန်မှုတွေ မြင့်တက်လာနေတာ တွေ့ရပါတယ်။

ဒီလိုဘဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားတဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တည်ထောင်သူတဦးဖြစ်သူ မစ္စယန်ယီးလီကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ်မှာပင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ မည်သည့်အတွက်ကြောင့် မြန်မာ့အရေးကို မှန်ကန်စွာ မဖြေရှင်းနိုင်ရသနည်းလို့  ၎င်း၏ တွစ်တာမှာ မေးခွန်း ထုတ်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်း မြို့ကြီးမြို့ငယ်များစွာမှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများစွာကို လူထုက ရဲရဲဝံ့ဝံ့ထုတ်ဖော်ခဲ့ကြတာလည်း တွေ့ရပါတယ်။ စစ်ကောင်စီက လက်ယက်ကုန်းရွာ စီးနင်းတိုက်ခိုက်မှုနဲ့  ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ရှိသည်ဟုဆိုကာ သတင်းရရှိမှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ KIA/ PDF များက လူသားဒိုင်း အကာအကွယ်ယူ တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုအချို့ ရှိခဲ့ကြောင်းနှင့် လက်လုပ်ဗုံးများ သိမ်းဆည်ရမိခဲ့ကြောင်းတို့အား ထုတ်ပြန်ထားတာ တွေ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ် ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ်  ရှုတ်ချကြောင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။ 

“ဒါကို ရှုတ်ချတယ် ။ မလုပ်သင့်ဘူး။ လုံး၀ မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ KIA/KIO နဲ့ ဘာမှမဆိုင်ဘူး။ အဲဒီဘက်က ကျွန်တော်တို့ လှုပ်ရှားမှုလည်း မရှိပါဘူး။ ကျွန်တော်တို့ နယ်မြေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်သက်မှု ဘာမှမရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ မြေပြင်သတင်းများအရ ပြန်လှန်ပစ်ခတ်မှု လုံးဝမရှိကြောင်း ဒေသခံများက အခိုင်အမာ သက်သေခံ ပြောဆိုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီ လိမ်လည်လှည့်ဖြား သတင်းထုတ်ပြန်ခဲ့တာ ပေါ်လွင်ထင်ရှားလာပါတယ်။

NUG ပညာရေး ဒုဝန်ကြီးဒေါ်ဂျာထွယ်ပန် “အပြစ်မဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို  ရည်ရွယ် ချက်ရှိရှိနဲ့ကို တိုက်ခိုက် သတ်ဖြတ်တာဟာ လူစိတ်မရှိတဲ့ မိစ္ဆာကောင် အကြမ်းဖက် စစ်တပ်တွေပဲ ဖြစ်ပါတယ်။ ပညာသင်ကြားခွင့်ဟာ လူ့အခွင့်အရေး ဖြစ်တယ်။ ဒီကလေးတွေ ငြိမ်းချမ်းစွာ ကျောင်းသွား၊ ပညာသင်ကြားခွင့်ကို တိုက်ခိုက်ဖျက်ဆီး၊ သတ်ဖြတ်တာဟာ ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုကြီး ဖြစ်တဲ့အလျောက် ကျူးလွန်သူတွေဟာ တရားဥပဒေရဲ့ အဆုံးအဖြတ်တင်မက၊ လူ့အဖွဲ့အစည်းရဲ့ နောင်ကြဉ်ခြင်းကို ခံထိုက်သူများ ဖြစ်ပါတယ်” ဟု ပြောထားတာ တွေ့ရပါတယ်။

အဆိုးဆုံးကတော့ ပစ်ခတ်သတ်ဖြတ်ပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီဟာ သေကျေဒဏ်ရာ ရသူတွေကို ဖမ်းဆီးသယ်ယူသွားပြီး အလောင်းတွေ ဖျောက်ဖျက်ပစ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ စက် တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်က လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 ၂ စီးနဲ့ ပစ်ခတ်ရာ ကလေး ၇ ဦး ပွဲချင်းပြီး သေဆုံးသွားသလို ၁၇ ဦး ဒဏ်ရာ ရရှိကြောင်း၊ အလားတူ မြေပြင်စစ်ကြောင်းကလည်း  ရွာအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နောက်ထပ် ကလေး ၂ ဦးအပါအဝင် ၇ ဦး သေဆုံးသွားခဲ့ပါတယ်။

“ကားပေါ်တင်သွားတာ ခါးပြတ်၊ လက်ပြတ်တဲ့ ကလေးတွေ ပါတယ်။ ကလေးတယောက်က ဆိုရင် ပါဆယ်ထုပ်ပြီးကို ခြင်းကျားထဲကို ထည့်ပြီး ယူသွားတာ။ ကျောင်းထဲမှာ သွေးစတွေကို ပုံနေတာ။ အသားစတွေက ပန်ကာတွေမှာရော၊ နံရံတွေမှာရော၊ မျက်နှာကြက်မှာရော ကပ်နေတာ။ ကျောင်းဝင်းအတွင်းထဲမှာတော့ အသားစတွေက နေရာအနှံ့ကို ပြန့်ကျဲနေတာ” ဟု ဘုန်းကြီးကျောင်းဝင်းအတွင်း သွားရောက်ကြည့်ရှုခဲ့တဲ့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။ ဒေသကာကွယ်ရေးတပ်တွေ  အဆိုအရ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ ၇၀၁ နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင် အခြေစိုက်တဲ့  တပ်မ ၃၃ တို့က တပ်ဖွဲ့ဝင်များ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒီနေရာမှာ တိုက်ပွဲဆိုပြီး အကြမ်းဖက်စစ်ကောင်စီ ပြောတဲ့ ဖြစ်စဥ်ကို ကျနော်တို့ အသေအချာ လေ့လာဖို့ အထူးလိုပါတယ်။ လက်ယက်ကုန်းကျေးရွာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုဖြစ်စဥ်ကို တင်ပြလိုပါတယ်။

၁။  လက်ယက်ကုန်း စစ်ဆင်ရေးဟာ စနစ်တကျ ဆောင်ရွက်တဲ့ စစ်ဆင်ရေးတခု ဖြစ်တယ်။     

 ၂။  ဒီစစ်ဆင်ရေးကို စစ်ရုံးချုပ်က ဖြစ်စေ၊ တိုင်းမှူးက ဖြစ်စေ ကိုယ်တိုင်ဆောင်ရွက်တဲ့ စစ်ဆင်ရေး ဖြစ်တယ်။ 

၃။  ဘုန်းကြီးကျောင်းဝင်းအတွင်း စာသင်ကျောင်းကိုသာ တိကျပစ်မှတ်အဖြစ် အတိအကျတိုက်ခိုက်တာဖြစ်တယ်။     

၄။  ရှေးဦးစွာ တိုက်ခိုက်ရေးရဟတ်ယဥ် Mi 35 ၂ စီးနဲ့ ၄၅ မိနစ်ကြာ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ တယ်။    

၅။  မည်သည့်ပြန်လည်တိုက်ခိုက်မှုမှ မရှိတာကိုလည်း သိနေတယ်။ ဆိုလိုချင်တာက ၄၅ မိနစ်ဆိုတာ လုံလောက်တဲ့ အချိန်ကာလ ဖြစ်တယ်။     

၆။ ရဟတ်ယာဥ်တွေပေါ်က စစ်သားတွေချပြီး ရှင်းလင်းရေးလုပ်ခိုင်းတာက အလောင်းတွေ ဖျောက်ဖျက်ဖို့ ရည်ရွယ်ချက်ဆိုတာ ထင်ရှားတယ်။ ဒီအတိုင်းလည်း လုပ်ခဲ့တာ ဖြစ်တယ်။    

၇။  စစ်ရေးနဲ့မနီးစပ်တဲ့ လူထုကို ဂျင်းထည့်ဖို့ မှားပြီးပစ်တာတို့ KIA PDF ကို ရည်ရွယ်ထားတယ်ဆိုတာ အတော်ကို ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လိမ်ညာမှုပဲ ဖြစ်ပါတယ်။

ဘာကြောင့်လုပ်သလဲဆိုတဲ့ မေးခွန်းအပေါ် ကျနော်တို့အမြင်ကတော့ ရှင်းရှင်းလင်းလင်းရှိပါတယ်။ စစ်ကိုင်းတိုင်းကို စစ်တပ်က အုပ်ချူပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ လက်လွတ်နေရတဲ့ ကာလ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ နယ်မြေအများစုကြီးကို လူထုက အခိုင်အမာ ချုပ်ကိုင်နိုင်လာတဲ့ကာလလည်း ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဆေးခန်းတွေဖွင့်တယ်။ကလေးတွေ ပညာသင်ဖို့ ကျောင်းတွေဖွင့်တယ်။ တရားရုံးတွေဖွင့်ပြီး တရားစီရင်ရေးတွေ လုပ်တယ်။ လူမှုရေးအသင်းအဖွဲ့တွေ ဖွဲ့ပြီး လူမှုရေးလုပ်ငန်းတွေ လုပ်တယ်။ ဆိုလိုချင်တာက လွတ်မြောက်ဒေသတခုမှာ ရှိသင့်ရှိထိုက်တဲ့ လုပ်ငန်းကိစ္စအဝဝကို လူထုက လူထုနည်း လူထုဟန်တွေနဲ့ အကောင်အထည်ဖော်နေတဲ့ ကာလလို့ ပြောလို့ရတဲ့အချိန် ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးအရ မဆောင်ရွက်နိုင်တော့တဲ့အခါ စစ်ရေးအရ အကြမ်းဖက် ယုတ်မာလိုက်တာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မြေပြင်က စစ်ဆင်ရေးတွေ အလွယ်တကူ မလုပ်နိုင်တော့သလို လူထုအုပ်ချုပ်ရေးလုပ်ငန်းတွေ လူထုဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အလွယ်တကူ မဟန့်တားနိုင်တော့တဲ့အခါ အခုလို ရက်စက်ယုတ်မာကောက်ကျစ်တဲ့နည်းတွေ သုံးပြီး ကလေးတွေစာသင်တာကို ဟန့်တားလိုက်တာပဲ ဖြစ်ပါတယ်။ ကလေးတွေစာသင်နေတာကို အခုလိုရက်ရက်စက်စက် သတ်ဖြတ်ပြလိုက်ရင် နောက်ဘယ်ကျောင်းမှ မဖွင့်ရဲလောက်ဘူးဆိုတဲ့ အမြင်ကလာတဲ့ စစ်ဆင်ရေးတခုအဖြစ် မြင်ပါတယ်။ 

အလွန်ရက်စက် ယုတ်မာ ကောက်ကျစ်တဲ့ တွေးခေါ်စဥ်းစားမှုက လာတဲ့ ကမ္ဘာ့ အောက်တန်းအကျဆုံး စစ်ဆင်ရေးတခုသာ ဖြစ်ပါကြောင်း။


ကိုအောင်မှိုင်း  





Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar