Breaking News

မြန်မာပြည်တွင်းက သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထား


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၂ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၂

မြန်မာပြည်တွင်းက သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထား 

စစ်အာဏာသိမ်းပြီးနောက် သီတင်းပတ် ၂ ပတ်လောက်ကစလို့ ဆန္ဒပြမှုတွေကို မျက်ရည်ယိုဗုံး၊ အသံဗုံး နံပါတ်တုတ်၊ ဖမ်းဆီး ရိုက်နှက် ဖြိုခွင်းမှုတွေ  ပစ်ခတ်မှုတွေ ဖြစ်လာပြီး ဖေဖော်ဝါရီ နှောင်းပိုင်းနဲ့ မတ်လထဲမှာတော့ ကျည်အစစ်နဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးကြရတာတွေကို မြင်တွေ့ကြပြီး စိတ်ထိခိုက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ယူကျု့မှာ ပစ်ခတ်နေတာ ရိုက်နှက်ဖမ်းဆီးနေတာတွေကို မြင်ရပြီး စိတ်ထိခိုက်ကြရတာ ဖြစ်ပါတယ်။ အဲဒီနေ့ရက်တွေ ပြန်တွေးကြည့်တဲ့အခါ အဲလောက် ဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားတဲ့ အဖြစ်ကြောင့် စိတ်ထဲ ထိခိုက်ခံစားကြရတာ ဖြစ်ပါတယ်။ 

ခုအခါမှာတော့ လက်နက်နဲ့ တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေမှာ သေဆုံးကြရတာ၊ လက်နက်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးကြရတာ၊ ဖမ်းဆီး သတ်ဖြတ်ခံရလို့သေဆုံးကြရတာနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့်  သေဆုံးမှုတွေက နေ့စဥ်ဘဝလို ဖြစ်လာနေပြီး အဲဒီကာလထက် စိတ်ခံစားမှု အရေထူလာကြတဲ့ လက္ခဏာတွေကို မိမိကိုယ်တိုင်ကို ပြန်နှိုင်းယှဥ်ကြည့်တာ ကိုယ့်ပတ်ဝန်းကျင်မှာ လေ့လာကြည့်တာတွေ အရ သတိပြုမိပါတယ်။ 

စိတ်တွေ ကြမ်းတမ်းလာတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ လူတယောက် အသက်ဆုံးရှုံးတာလောက် က မထူးဆန်းတဲ့သဖွယ် ကိုယ့်စိတ်ထဲခံစားရသလို ကိုယ်ကိုယ်တိုင်လည်း အချိန်မရွေး အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ အသိက နေ့စဥ်ကိန်းအောင်းလာတာလည်း ဖြစ်ပါတယ်။ နောင် ၅ နှစ် သို့မဟုတ် ၁၀ နှစ် အထိကိုယ်ရှိချင်မှ ရှိမယ်ဆိုတဲ့ အတွေးမျိုး သတိမျိုး မကြာမကြာအတွေးထဲ ပေါ်လာတာလည်း ဂရုပြုမိပါတယ်။ 

မနက်မိုးလင်းတာနဲ့ သတင်းတွေထဲ ဘယ်မြို့ ဘယ်ရွာမှာ လက်နက်ကြီး ထိတာ၊ မိုင်းကွဲတာ ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ စစ်ဆေးမေးမြန်းတယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ (အမှန်တကယ်တော့ စစ်ဆေးမေးမြန်းတာမဟုတ်ပဲ နိုင်ငံရေးအရ စစ်ရေးအရ ဆန့်ကျင်ဘက် အဖွဲ့က မို့လို့ လက်တုံ့ပြန်သတ်ဖြတ်တာတွေကို) ရေးနေကျ သတင်းစာသားတွေဖြစ်တဲ့ “စစ်ကြောရေးမှာ အသက်ဆုံးရှုံး၊ မိသားစုကိုအလောင်းလာထုတ်ဖို့ အကြောင်းကြားတယ်ဆိုတာ၊ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဥ် အမည်မသိ သေနတ်သမားက ပစ်သတ်သွားတယ်ဆိုတဲ့ မကြာခဏ ကြားနေကျ အသုံးအနှုန်း ခေါင်းစဥ်တွေနဲ့ သေဆုံးတဲ့ သတင်း သတ်ဖြတ်တဲ့ သတင်းတွေ ကြားသိနေရတာကြောင့် လမ်းသွားရင်း လည်း ဘယ်အချိန် ဘယ်နားက ပေါက်ကွဲမှု ထဖြစ်မလဲ ၊ ဘယ်နေရာမှာ ပစ်ခတ်မှုတွေ ဖြစ်မလဲ ဘယ်တော့ စစ်ကောင်စီ ရဲ့ ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်မှုနဲ့ ကြုံမလဲ ဆိုတဲ့ အတွေးတွေ တွေးမိစေပြီး အဲဒီအတွေးတွေကိုလည်း လုံးဝမဖြစ်နိုင်ဘူးလို့ ခေါင်းထဲက ပယ်ချလို့ မရတဲ့ သဘောမျိုး နားလည် ခံစားရပါတယ်။ 

ခေတ်ပျက်ထဲ နေထိုင်နေရတာ ကိုယ့်ကိုလည်း ပစ်မှတ်ထားသည် ဖြစ်စေ မထားသည်ဖြစ်စေ ဘယ်အချိန်မဆို အသက်ဆုံးရှုံးနိုင်တယ် ဆိုတဲ့အတွေးကို တွေးထားရတဲ့ သဘောနဲ့ အဲဒီ အတွေးမျိုးက မကြာမကြာ တွေးမိတာပါ။ 

ကိုယ့်ရဲ့ မိသားစုဝင်ထဲကလည်း တယောက်ယောက် အချိန်မရွေး ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ တိုက်ပွဲဖြစ်မနေတဲ့ မြို့ပေါ်မှာ နေထိုင်တာမို့လို့ လက်နက်ကိုင် တိုက်ပွဲ ရွာတွေ ဝင်စီး မီးရှို့၊ လေကြောင်းက ပစ်ခတ်နေတဲ့ ဒေသက ကျေးရွာက သူတွေထက် အများကြီး အန္တရာယ်နည်းပါးတာတော့ အမှန်ပဲဖြစ်ပါတယ်။ သူတို့ အနေအထားကို တွေးမိတဲ့အခါ ကိုယ်ချင်းစာစိတ် စာနာတဲ့ခံစားမှုက ဖြစ်ပေါ်လာတာပါ။ ကိုယ်က ဘာကူညီနိုင်မလဲဆိုတာက နောက်ဆက်တွဲမေးခွန်းတွေ ဖြစ်ပြီး လက်တွေ့မှာ အဲဒီလို သတ်ဖြတ်ခံနေရတဲ့ အနေအထားကို ကိုယ်လည်း မတားဆီးနိုင်တာကို တွေ့ရပါတယ်။ သူတို့ရဲ့ အဖြစ်အပျက်တွေကို သတင်းတွေထဲမှာ တွေ့နေ ဖတ်နေရတဲ့အခါ စိတ်ထဲ နင့်နင့်နဲနဲ ခံစားရတာလည်း ဖြစ်ပါတယ်။ သေဆုံးမှုတွေ ၊ စားဖို့ ရိက္ခာမရှိ နာရေးဖျားရေး ကုသဖို့ ဆေးဝါးမရှိတဲ့ အခြေအနေတွေ ဖတ်ရကြားရရင် ပင့်သက်ရှိုက်မိတာ အခါခါ ဖြစ်ပါတယ်။ 

နိုင်ငံရေး ပဋိပက္ခ လုပ်ကြံသတ်ဖြတ်မှု သတင်းတွေကသာ လူရဲ့ စိတ်ကို ထိခိုက်စေတာ မဟုတ်ပါဘူး။ ရာဇဝတ်မှုခင်းတွေ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု သတင်းတွေကလည်း နေ့စဥ်နေ့တိုင်း တနေရာနဲ့တနေရာ မတူအောင် ဖြစ်ပွားနေပြီး ရာဇဝတ်မှု ကျူးလွန်တာတွေကို တားဆီးနိုင်တာ ကျူးလွန်ပြီးနောက် ဖော်ထုတ် ဖမ်းဆီးနိုင်တာ နည်းပါးလာတာနဲ့အမျှ လူထုတွေအနေနဲ့ ကိုယ်လည်း ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ အတွေးက တဖြည်းဖြည်း မြင့်တက်လာတာ တွေ့ရပါတယ်။

ရာဇဝတ်မှု ကျူးလွန်တာတွေက ငွေပမာဏများတာ မများတာ အပေါ်မှာ မူမတည်တော့ပဲ လွယ်ကူတဲ့ လက်လှမ်းမီတဲ့ ပစ်မှတ်တွေကို လုပ်နေကြတာလည်း တွေ့နေရတာ ဖြစ်ပါတယ်။ မြစ်ကြီးနားမှာ ပစ္စည်းအဟောင်း ကောက်ယူသူကို ငွေ ၂ သောင်းလောက်နဲ့ ဓားထိုး သတ်ဖြတ်ပြီး ငွေယူခဲ့တဲ့ အဖြစ်အပျက်ဖြစ်ခဲ့သလို ပျဥ်းမနားမြို့မှာလည်း မုန့်သည်ထံက ငွေ တသောင်း နှစ်သောင်း လုယူဖို့အတွက် သတ်ဖြတ်လုယူခဲ့တဲ အဖြစ်တွေ မကြာခင်က ဖြစ်ပျက်ခဲ့သလို ရန်ကုန်မြို့မှာလည်း မြို့ဆင်ခြေဖုံးတွေမှာ နေ့ခင်းလို အချိန်မှာ လုယက်တာ သတ်ဖြတ်တာ ကျူးလွန်နေကြသလို မြို့လယ်ကောင်လို နေရာမျိုးတွေမှာလည်း ညဘက်တွေမှာ လုယက်တာ သတ်ဖြတ်တာတွေ ဖြစ်ပွားနိုင်ခြေ ရှိလာနေတာ ဖြစ်ပါတယ်။ 

နယ်မြို့တွေမှာ အိမ်ထဲဝင် လုယက်ပြီး သတ်ဖြတ်သွားတာတွေလည်း မကြာမကြာ ကြားသိနေရပြီး ရာဇဝတ်မှုတွေက ဘယ်နေရာမဆို ဘယ်အချိန်မဆို ဖြစ်နိုင်တဲ့အနေအထားမှာ ဘယ်သူမှ မလုံခြုံတော့ပဲ ကိုယ်တွေလည်း ကြုံရနိုင်တယ်ဆိုတဲ့ အသိက မကြာခဏ ခေါင်းထဲရောက်လာတာ ဖြစ်ပါတယ်။ 

မလုံခြုံတဲ့ ခံစားချက် မိမိကိုယ်တိုင်လည်း ဘာဖြစ်မယ်ဆိုတာကို မမှန်းဆနိုင်တဲ့ ခံစားချက်က အချို့သူတွေကို စိတ်အားငယ်စေပြီး အချို့သူတွေကိုတော့ လက်စားချေတုံ့ပြန်တဲ့ စိတ်မျိုး၊ လက်တုံ့ပြန်သတ်ဖြတ်တာကို အားရဝမ်းသာ အားပေးကြတဲ့ ခံစားချက်တွေ ဖြစ်လာကြပါတယ်။ သတ်တာ ဖြတ်တာ လုပ်ကြံတာ နှိပ်စက်တာတွေကို အားရတာမျိုး အားပေးကြတာမျိုး ဆိုရှယ်မီဒီယာမှာ အများအပြားတွေ့လာရပါတယ်။ လူအများက အကြမ်းဖက် သတ်ဖြတ်မှုတွေကို မလုပ်သင့်တဲ့ အရာ၊ မဖြစ်ပွားအောင် တားဆီးကြဖို့ ဆိုတာထက် မိမိတို့ဘက်က လက်ဦးမှုရအောင် အသာစီးရအောင် လုပ်ကြဖို့ စိတ်အားသန်လာကြတာ တွေ့လာရပါတယ်။ 

လက်စားချေ သတ်ဖြတ်မှုတွေကို အားပေးလာကြတာ ၊ ဥပဒေဆိုတာတွေကို အယုံအကြည်မရှိကြတော့ပဲ တောရိုင်း ကျင့်စဥ်အတိုင်း အင်အားကြီးသူက အနိုင်ယူဖို့ မိမိတို့အင်အားကြီးသူ ဖြစ်အောင် လုပ်ကြဖို့ဆိုတဲ့ လမ်းကြောင်းကို ဦးတည်လာကြပြီ ဖြစ်ပါတယ်။ ဒီလို အခြေအနေအောက်မှာ အမျိုးသမီး၊ ကလေးသူငယ်၊ အရွယ်မရောက်သေးတဲ့ လူငယ်၊ သက်ကြီးရွယ်အို ၊ မသန်စွမ်းသူ ၊ စိတ်ဝေဒနာသည် စသူတွေကို အကာအကွယ်ပေးဖို့ စာနာဖို့ အကူအညီပေးဖို့ ပဋိပက္ခထဲ ပါဝင်ခံစားရတာမျိုး မရှိဖို့ ကာကွယ်ပေးတာတွေ သက်ညှာခွင့်လွှတ်ပေးတာမျိုးတွေ ပိုမိုရှားပါးလာပြီး ရန်သူ နဲ့ မိတ်ဆွေ နှစ်မျိုး နှစ်စားဆိုတဲ့ ပေတံ စံနှုန်းနဲ့သာ တိုင်းတာ ခွဲခြားနေကြတော့တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar