Breaking News

နိုင်မွန်အောင်သွင် - လက်ယက်ကုန်း

လက်ယက်ကုန်း
နိုင်မွန်အောင်သွင်
(မိုးမခ)စက်တင်ဘာ ၂၆၊ ၂၀၂၂

နေ့ခင်းကြောင်တောင်ကြီး
ကြယ်တွေကြွေတယ်။
ကြယ်မှ
နုလှ ငယ်လှ
ကြွေကိုမကြွေအပ်လှတဲ့အရွယ်လေးတွေပါကွာ။
ကကြီးခခွေးမှ
ဖြောင့်အောင်ရေးမရသေးတဲ့
အစပျိုးကြယ်လေးတွေပါကွာ။
စာသင်ခန်းဝမှာ
ဖိနပ်လေးတွေတန်းစီချွတ်ထားခဲ့တာ
ပြန်တောင်စီးခွင့်မရတော့တဲ့ 
ငါတို့ရဲ့
အဝေးပြေးကြယ်လေးတွေပါကွာ။
ဘယ်သူက သိမှာတဲ့လဲ
ဘယ်သူက ယုံရဲမှာတဲ့လဲ
ကမ္ဘာကြီးဟာ
ကလေးငယ်တွေရဲ့
စာအံသံ
ကလေးငယ်တွေရဲ့
ရယ်မောသံတွေနဲ့သာ 
ပြည့်တင်းနေရမဲ့စာသင်ကျောင်းလေးထဲ
အသက်တွေကို ပိုးစိုးပက်စက်ခြွေဖျက်
ကျည်ဆန်တွေ
ရက်ရက်စက်စက်သက်ဆင်းလာနေခဲ့တာ
လက်ပိုက်ကြည့်နေခဲ့ရတဲ့ ကမ္ဘာကြီးဟာ။
အဓမ္မမှုဟာ
အကန့်အသတ်မဲ့လာတယ်။
မိုက်ရိုင်းမှုဟာ
စုတ်ပြတ်သတ်ရင်းကြီးထွားလာတယ်။
ကြယ်တွေကြွေလွန်းတယ်။
ယုံကြည်ပါတယ်
စာသင်ခန်းလေးထဲကကြယ်တွေအတွက်ပါ
ထည့်တွက်
နွေဦးဟာ ပိုသွက်လက်လာရတော့မယ်။
ငါတို့
ဘယ်လိုနည်းနဲ့မှ မမေ့အပ်ဘူး။
အသက်ထက်ဆုံးပဲ
လက်ယက်ကုန်း။

၁၉.၉.၂၀၂၂
Design by Bulldozer
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar