Breaking News

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် အသိအမှတ်ပြုရေး ၊ နိုင်ငံရေး အကျဥ်းသားတွေ ထောင်ပြောင်းရွှေ့ခံရ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၅ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၂

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် အသိအမှတ်ပြုရေး ၊ နိုင်ငံရေး အကျဥ်းသားတွေ ထောင်ပြောင်းရွှေ့ခံရ 

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအမြဲတမ်းကိုယ်စားလှယ် အသိအမှတ်ပြုခံရရေးကအမှန်တကယ် မြေပြင်မှာ ကျေးရွာတွေ မီးရှို့မခံရရေး အရပ်သားတွေ ကလေးသူငယ်တွေ ထပ်မံပြီး အသက်တွေမဆုံးရှုံးရေးအတွက် တိုက်ရိုက်သက်ရောက်မှုမရှိပေမယ့် သံတမန်ရေးအရတော့ အရေးကြီးပါတယ်။ ပြည်တွင်းက သူတွေအတွက် စိတ်ဓါတ်တက်ကြွဖို့ အချက် မျှော်လင့်ချက် ရောင်ခြည်တခုလို ရှုမြင်ကြသူတွေလည်း ရှိပါတယ်။ 

အကျဥ်းထောင်ထဲ နိုင်ငံရေး ပြစ်မှုနဲ့ အကျဥ်းကျ နေတဲ့သူ တဦးက ခုမနက်မှာ ဖုန်းဆက်သွယ်လာပြီး ကုလသမဂ္ဂကိုယ်စားလှယ်ကိစ္စ ဒီနေ့ ဆုံးဖြတ်မယ်ကြားလို့ ဆိုပြီး သတင်းထူးလားလို့ မေးလာပါတယ်။ အပြင်က သူတွေအဖို့ ကုလအမြဲတမ်းကိုယ်စားလှယ် ဆက်လက် ဆိုင်းငံ့ထားမလား သို့မဟုတ် ဦးကျော်မိုးထွန်းကို အပြည့်အဝ အသိအမှတ်ပြုလိုက်မလားဆိုတာကို ကြီးကြီးမားမား အပြောင်းအလဲ သို့မဟုတ် မြန်မာ့အရေး ကို တိုက်ရိုက် သက်ရောက်နိုင်မလား ဆိုတာ မသေချာ တာကြောင့် ဒိလောက် စိတ်မဝင်စားပေမယ့် အကျဥ်းကျနေသူအချို့ကတော့ အဆိုပါ ကုလမှာ အသိအမှတ်ပြုခံရရေးက အရေးတကြီး စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂမှာ အပြည့်အဝ အသိအမှတ်ပြုခံရရင် ဘာတွေ ဖြစ်လာမလဲ။ လက်နက်တွေ တရားဝင် ဝယ်ယူလို့ ရလားမလား၊ သို့မဟုတ် နိုင်ငံတကာက နွေဦးတော်လှန်ရေး အတွက် အကူအညီတွေ ပေးဖို့ လမ်းပွင့်သွားမလားဆိုတဲ့ မေးခွန်းတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ နံပါတ် ၁ အချက်အနေနဲ့ NUG အစိုးရကို တရားဝင် အစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့အနေအထား မဟုတ်သေးသော်လည်း NUG ကို ထောက်ခံပြီး စစ်အစိုးရကို သစ္စာမခံတော့တဲ့ သံအမတ်အဆင့်ရှိသူ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ကိုယ်စားလှယ် အနေနဲ့ ဆက်လက် ထားရှိခြင်းက မြွေမသေ တုတ်မကျိုး အနေအထားလို့လည်း ယူဆနိုင်တာကြောင့် NUG အနေနဲ့ အပြည့်အဝ အသိအမှတ်ပြုရေးကို လိုလားတာ ဖြစ်ပါလိမ့်မယ်။ 

အခြား အရေးကြီးတဲ့အချက်တချက်က NUG အနေနဲ့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေရှိခဲ့ရင် ဆိုတဲ့အချက်တချက်ဖြစ်ပါတယ်။ ယခုအနေအထားအထိ ထိန်းချုပ်နယ်မြေ သတ်သတ်မှတ်မှတ် မရှိတဲ့ အနေအထားဖြစ်ပြီး NUG အစိုးရ ရုံးစိုက်တဲ့နေရာ ဒေသကို ပြဖို့မစွမ်းသာသေးတဲ့ အနေအထားက လည်း အကြောင်းတချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့က ထိန်းချုပ်နယ်မြေ ပြသနိုင်တဲ့အခြေအနေရှိပေမယ့် NUG အနေနဲ့ အလားတူ အနေအထားမျိုး မရှိသေးဘူးလို့ ဆိုရမယ့်အနေအထားဖြစ်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂမှာ စစ်ကောင်စီကို အပြီးသတ် အသိအမှတ်မပြုဖယ်ရှားပြီး NUG  ကို အသိအမှတ်ပြုရေးက လိုအပ်ချက် အချို့ရှိနေသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

သံတမန်ရေးတွေကို ခဏဖယ်ထားပြီး လက်တွေ့ မြေပြင်က အခြေအနေကို ပြောရရင်တော့ NUG အနေနဲ့ လက်နက်ကိုင် လမ်းစဥ်ကို အပြည့်အဝရွေးချယ်ထားပြီးနောက်မှာ PDF တပ်ဖွဲ့တွေရဲ့ စုစည်းမှု ရဖို့၊ အမိန့်ပေးမှု တခုထည်းအောက်မှာ ဖွဲ့စည်းနိုင်ဖို့ကို ပထမဦးစားပေး လုပ်နိုင်ဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။ အဲဒါမှသာ တနေရာ တရွာတပုဒ်ဆန်း ခုခံ တိုက်ခိုက်နေကြတာထက် ဗျူဟာမြောက် တိုက်ပွဲတွေကို တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်လာဖို့အတွက် ငွေကြေး လက်နက် နယ်မြေ စတဲ့ အဓိက ၃ ချက် လိုအပ်လိမ့်မယ် ထင်ပါတယ်။ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ခေါင်းဆောင်မှု အခြေအနေအပေါ် စီမံအမိန့်ပေးနိုင်တဲ့ ခေါင်းဆောင်မှုမျိုး၊ ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့  နိုင်ငံရေးရော စစ်ရေး အရပါ လက်တွေ့ကျတဲ့ ဆွေးနွေးမှု စကားပြောဆိုမှုတွေ လိုအပ်လိမ့်မယ် ထင်ပါတယ်။ ဒီအချက်တွေ ဖြည့်ဆည်းလာနိုင်ရင် ကုလသမဂ္ဂ ရဲ့ အသိအမှတ်ပြုမှုလိုအရာမျိုးတွေက မျှော်လင့်နေရတာမျိုးမဟုတ်တော့ပဲ လက်တွေ့ အကောင်အထည်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးရဲ့  စုစည်းမှု အမိန့်တခုထည်းအောက်မှာ ရှိမှု စတာတွေက နိုင်ငံတကာ အသိုင်းအဝိုင်းက သံသယတွေကျန်ရှိနေသေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာတခုကတော့ နိုင်ငံရေး အကျဥ်းသားတွေ ထောင်ပြောင်းရွှေ့ခံရတဲ့ သတင်းဖြစ်ပါတယ်။ အင်းစိန်ထောင်က  အကျဥ်းသား၂၅၀ လောက် တခြားမြို့က အကျဥ်းထောင်တွေကို ပြောင်းရွှေ့ရာမှာ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ သာယာဝတီထောင်ကို ရွှေ့ပြောင်းခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ယခင် စစ်အစိုးရလက်ထက် ရွှေဝါရောင် ၊ နာဂစ် အပြီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို နယ်စွန်နယ်ဖျား အကျဥ်းထောင်တွေ ဖြစ်တဲ့ ကော့သောင်း၊ ပူတာအို၊ မြစ်ကြီးနား၊ မိုင်းပျဥ်း၊ မိုင်းဖြတ်၊ ဘူးသီးတောင် ၊ ကျောက်မဲ စတဲ့ အစွန်အဖျား သွားလာရခက်ခဲတဲ့ အကျဥ်းထောင်တွေဆီ ပြောင်းရွှေ့ခဲ့ဖူးပါတယ်။ အဲဒီထောင်တွေကို ရွှေ့ပြောင်းခံရသူတွေဟာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲအပြီး ပြန်လွှတ်တဲ့အချိန်ထိအောင် အဆိုပါ နယ်စွန်နယ်ဖျားအကျဥ်းထောင်တွေမှာနေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ အခု စစ်အာဏာသိမ်းအပြီး အကျဥ်းထောင်ပြောင်းရွှေ့မှုတွေက အကျဥ်းသား ဦးရေ များပြားလွန်းတဲ့ ထောင်တွေကနေ နည်းတဲ့နေရာတွေဆီ ပို့တဲ့ သဘောလို့ ယူဆရပါတယ်။ ခေတ်အဆက်ဆက် အကျဥ်းထောင်ထဲနိုင်ငံရေး အကျဥ်းသားအများဆုံး ကာလလို့ပြောရင် ခု ကာလကို ပြောရပါလိမ့်မယ်။ ထောင်နဲ့ချီတဲ့နိုင်ငံရေးအကျဥ်းသားတွေ အကျဥ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကာလဖြစ်ပြီး လက်ရှိအကျဥ်းထောင် က လက်ခံနိုင်တဲ့အရေအတွက်နဲ့တောင် မမျှလောက်အောင် ဖမ်းဆီးထားတဲ့ ကာလဖြစ်ပါတယ်။ 

ခုသတင်းတွေမတိုင်ခင်ကတည်းက ဖားအံအကျဥ်းထောင်က ပြစ်ဒဏ်ချပြီးတဲ့ သတင်းသမားတွေကို ကျိုက်မရောထောင် ပို့တဲ့သတင်းတွေ ပါရှိခဲ့ပြီးဖြစ်ပါတယ်။ 

မြန်မာ့နိုင်ငံရေး သမိုင်းမှာ နိုင်ငံရေး အကျဥ်းသား အများဆုံးကာလတခု အဖြစ် မှတ်တမ်းတင်ရမယ့် ခေတ်ကြီးထဲ အကျဥ်းထောင်တွင်း ကျန်းမာရေး မကောင်းလို့ အသက်ဆုံးရှုံးရမှုတွေလည်း ရှိနှင့်နေပြီး ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar