Breaking News

ဘိုလ်တောကျော် (ကနီတောရ) - ဘိုလ်တောကျော်နဲ့စကားစမြည်

ဘိုလ်တောကျော်နဲ့စကားစမြည်
ဘိုလ်တောကျော် (ကနီတောရ)
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၂

အခုတလောကြားရတဲ့သတင်းတွေကြောင့် ဘိုလ်တောကျော်စိတ်ထဲနေရထိုင်ရတာအဆင်မပြေဘူး။ မျက်စေ့နှစ်လုံးဖွင့်တာနဲ့ဒီအကြောင်းတွေချည်းကြားနေရ။ ဒီပယင်းမြို့နယ် လက်ယက် ကုန်းကျေးရွာမူလတန်းကျောင်းပေါ်ဗုံးကျဲချလို့ မူလတန်းအရွယ်ကလေးတွေသေဆုံးသွားတဲ့ ဖြစ်ရပ်တွေ၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ စတဲ့ဒေသအသီးသီးကမြို့ရွာတွေကိုမီးတင်ရှို့လို့ ပြာပုံအတိဖြစ်တာတွေ။

အညာတခွင် မီးအရှို့မခံရတဲ့နယ် ပြာပုံမဖြစ်တဲ့ ဒေသမရှိသလောက်ပဲ။ မုဒိမ်းကျင့် ရွှေငွေဥစ္စာပစ္စည်းတွေလုယူတဲ့ဖြစ်ရပ်တွေ။ စစ်တပ်ကပြည်သူတွေကို အစုလိုက်အပြုံလိုက် အရှင် လတ်လတ်မီးတင်ရှို့သတ်ဖြတ်ခံရတဲ့သတင်းတွေ။ ဒါတွေကိုနေ့စဉ်လိုလိုကြားနေရတော့ ဘိုလ်တောကျော်မပျော်ဘူးကွယ်။ သိချင်စိတ်၊စူးစမ်းချင်စိတ်နဲ့အတူစိတ်ပြေလက်ပျောက် ဗမာပြည်အနှံ့ခရီးထွက်ခဲ့ပေါ့။ အညာဖက်မသွားခင် မေမြို့တထောက်ဝင်နားခဲ့သေးတယ်။

မေမြို့ရောက်တုန်းလေးဆိုင်ကယ်တစီးနဲ့တမြို့လုံးလျှောက်လည်ခဲ့တယ်။ ဆောင်းဝင်စဆိုတော့ မိုးဖွဲဖွဲလေးကျနေသလိုနှင်းမှုန်မှုန်လေးတွေကလည်း  ခပ်စိတ်စိတ်လေးကျနေသေးရဲ့။ တကယ့် သာတောင့်သာယာမြို့လေးပါပဲ။ ‘ပန်းမြို့တော်’ ဆိုစကားအတိုင်း အိမ်တိုင်းစေ့နီးပါး ပန်းမျိုးစုံစိုက်ထားတာကြောင့် ပွင့်ချင်တိုင်းပွင့်လို့ လှချင်တိုင်းလှနေတယ်။ အဲဒါကပဲ မြို့သူမြို့သားတွေအဖို့ ဂုဏ်ယူစရာ။ ဂုဏ်တက်စရာတခုပေပ။

အင်္ဂလိပ်လက်ကျန် အဆောက်အုံတွေ ကွက်တိကွက်ကြားတွေ့နေရတာကလည်း အတိတ်ပုံရိပ်ရဲ့ လွမ်းမောချင်စရာ။ ဂန္ထဝင်ဆန်လှတဲ့ ‘ရထားလုံး’ တစီးတလေတော့ တွေ့နေရသေးရဲ့။ခေတ်ကပြောင်းခဲ့ပြီမို့လား။ သုံးဘီးတွေ၊ အိုးဝေတွေ ဆိုင်ကယ်ကယ်ရီတွေက ‘ရထားလုံး’ ရဲ့ဝန်ဆောင်မှုကိုနေရာဝင်ယူလိုက်ကြပြီ။ 

အဆိုးဆုံးက ‘မေမြို့ရဲ့ ဂေဟစနစ်ပျက်ယွင်းမှု’ပေါ့။ တချိန်ကတော့ပူပြင်းလွန်းလှတဲ့နွေရာသီမှာအပူရှောင်လို့အကောင်းဆုံးမြို့လေး။ အင်္ဂလိပ်တွေလည်း အပူရှောင်ခဲ့ကြတယ်။ သူဌေးတွေလည်းအပူရှောင်ခဲ့တဲ့မြို့လေး။ အခုတော့ နွေရာသီမှာတောင် မြို့သူမြို့သားတွေလည်းယပ် တောင်လေးတဖျတ်ဖျတ်နဲ့။ ဂေဟစနစ်ပျက်နေပုံများပြောပါတယ်။ ဆောင်းဆိုလည်း သိပ်ထူလှတဲ့အနွေးထည်တောင် မလိုတော့ဘူးဆိုပဲ။

မေမြို့ရဲ့ ဘယ်နေရာကြည့်ကြည့် မြို့သစ်ချဲ့ထွင်မှုတွေ။ စစ်တပ်ကအရာရှိကြီးငယ်တွေရဲ့ အိမ်ယာအသစ်ကလေးတွေက မေမြို့ကိုခွဲစိတ်ယူလိုက်ကြဟန်ပါပဲ။ တောင်ပေါ်သစ်တောတွေနေ ရာမှာတိုက်လှလှလေးတွေ အပြည့်။ မေမြို့ဆိုတာစစ်တပ်မြို့လို့ပြောရလောက်အောင်ပါပဲ။

စစ်တပ်သိမ်းမြေကလည်းလက်ညှိုးထိုးမလွဲ။ မြို့ကြီးသာပြန့်ကားထွက်လာတယ် မြို့ရဲ့သုံးပုံနှစ်ပုံဟာ စစ်အာ ဏာရှင်ပိုင်တဲ့မြို့လေးဖြစ်သွားပြီ။ တောင်ပတ်လည်ဝိုင်းနေတဲ့ချစ်စရာမြို့လေး။ အခုတော့ တောင်အားလုံးလည်းတပ်ပိုင်ဖြစ်လို့။ ‘တပ်ပိုင်တောင်မြို့’ လို့ကင်ပွန်းတပ်ရတော့မလိုလို။ ဒီပုံအတိုင်ဆိုရင် ဖော်ရွေပြီး နှစ်လိုဖွယ်ရာအပြုံးနဲ့ကူညီရိုင်းပင်းတတ်တဲ့မေမြို့သူမြို့သားတွေရဲ့ဂန္ထဝင်ဆန် တဲ့ ‘ကိုယ်ကျင့် သီလဂေဟစနစ်’ တောင် ပျက်သွားလေမလားလို့စိုးရိမ်မိပါရဲ့။

အင်း..ထိုင်နေလို့မပြီးသေးဘူး လျောက်ကြည့်အုံးမှပဲလို့ စိတ်ကူးပြီးမေမြို့လားရှိုးလမ်းမကြီးလိုက်ထွက်လာလိုက်တာ နာရီစင်ကိုကျော်လို့ အဝိုင်းကြီးနားရောက်ပေါ့။ နည်းနည်းဆက်မောင်းသွားတော့ ညာဘက်အခြမ်းမှာနာမည် ကျော် “စစ်တက္ကသိုလ်ကျောင်း” ရှေ့ရောက်ပြီ။ ဆိုင်ကယ်ခဏရပ်ပြီးအဝင်ဝကနေအထဲလှမ်းကြည့်လိုက်တယ်။ မုဒ်ဦးကြီးကလည်းလှမှလှ။ ခမ်းနားလိုက်ပုံကလည်း ‘စစ်ပဒေသရာဇ်သာသနာပိုင်’ ရဲ့မုဒ်ဦးကြီးလိုပါပဲ။ အလဲ့… အနော်ရထာ၊ ဘုရင့်နောင်နဲ့အလောင်းမင်းတရားကြီးရုပ်တုကြီးတွေကလည်း ခန့်မှခန့်၊ သန့်မှသန့်။ အဲ့ဒီအရုပ်တွေကိုကြည့်ပြီး ဘိုလ်တောကျော်ပြုံးချင်သလိုလို ရယ်ချင်သလိုလို စိတ်ထဲမရိုးမရွ ဖြစ် လာတယ်။

ပထွေးကိုသတ် ထီးနန်းယူပြီး သထုံကိုဂျီနိုက်လုပ်ခဲ့တဲ့ ပုဂံဘုရင်အနော်ရထာရုပ်တုကြီး။ 

၁၆ ရာစုဝန်းကျင်လောက်ကအရှေ့တိုင်းတခွင်မှာဂျီနိုဆိုက်ခဲ့တဲ့ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်ပေါ့။ နောက်တယောက်က အယုဒ္ဓယကိုဂျီနိုဆိုက်ခဲ့တဲ့ ‘ကုန်းဘောင်ကြီးကြော်’ တို့ရဲ့အရှင်သခင် အလောင်းမင်းတရားကြီးရုပ်တုပေပဲ။ ထည် ဝါလွန်းပါဘိတောင်း။ 

အင်း….နောက်ထပ်များရုပ်တုတခုထားမယ်ဆိုရင် ဘယ်သူဖြစ်မလဲ။ ဂျီနိုဆိုက်အရုပ်တရုပ် တော့ ထပ်တိုးပေအုံးတော့မပေါ့’ လို့စဉ်းစားပြီ း‘နွမ်းလျလျနဲ့စစ်ပြေးဒုတ္ခသည်ပြုံး’ နဲ့သာပြုံးနေမိရဲ့။ 

အရုပ်တွေကြည့်ပြီးပြုံးနေရင် ရေးထားတဲ့ ဆိုင်းဘုတ်တခုကိုဖတ်နေမိပေါ့။ မျက်မှန်ကလည်းမပါ။ မှုန်ဝါးဝါးနဲ့ပဲ ဖတ်ကြည့်နေမိတယ်။ မျက်မှောင်ကြုတ်လိုက် ဖွင့်လိုက်နဲ့ ဖတ်နေရတာအားမရဘူး။ တချို့စာလုံးတွေကနှစ်ထပ်ဖြစ် သွားလိုက်ဝါးသွားလိုက်နဲ့။ ‘မှန်းစမ်း’ ဆိုပြီး ကြိုးစားဖတ်လိုက်တော့…
     “ငါ့သားများစစ်ထဲဝင်ရင်လေ…သူ့ကိုပြောလိုက်ပ… စစ်တပ်ဆိုတာအမှန်တကယ်လိုက်နာကျင့်သုံးနိုင်ရင်....”ဆိုပြီး အားစိုက်ဖတ်နေလို့မှစာမဆုံးခင်…”ဟေ့လူရပ်” ဆိုတဲ့အာဏာသံပါတဲ့အသံကြောင့် ဖတ်လက်စ, စာကိုပါရပ်လိုက်ရတယ်။ ကြည့်လိုက်တော့ စစ်သားတယောက်။ 

‘အမယ်မင်းထွားလိုက်တာ ပခုံးနဲ့လက်ပြင် အကြောအချဉ်ကသံချောင်း’ ဆိုသလိုပဲကြွားကြွားလျားလျားရင် ကော့ပြီး မာန်ချီချီနဲ့ရှေ့တိုးလာတယ်။ လက်နက်ဆိုလို့ ‘ ဆိုင်ကယ်သော့လောက်ပဲ’ ပါတဲ့ သူကိုမှ သေနတ်ကြီးကလည်းချိန်ထားလိုက်သေးရဲ့။ မုခတော်ကနေဖွင့်ဟလာတာက “ဘာလုပ်နေတာလဲ။ ဒီနေရာမရပ်ရဘူးဆိုတာမသိဘူးလား” တဲ့။ ဘိုလ်တောကျော်လည်လည်း ရပ်နေရင်းနဲ့ပဲသတ္တိမွေးပြီး ခပ်ဖားဖားလေးပြန်ဖြေလိုက်တယ်။ “ဟုတ်ကဲ့ဗိုလ်ကြီး၊ ကျနော်မသိလို့ပါဗိုလ်ကြီး။ (ဗိုလ်ကြီးမဟုတ်မှန်းသိပေမယ့် ဖားခေါ်လိုက်ရတာ)။ ပြီးတော့မှ “ဟို..ရုပ်တုကြီးတွေကိုမြင်တော့ ကျနော်မှာကြည်ညိုလွန်းလို့၊ ကျက်သရေရှိလွန်းလို့ ဆိုင်ကယ်ရပ်ပြီးကြည့်နေမိတာ” လို့ သဘောချင်းနှောပြီးရောလိုက်တော့မှ မောင်မင်းကြီးသာစစ်သားက “အဘိုးကဒီမြို့ကမဟုတ်ဘူးလား” တဲ့ သဘောထားပျော့သွားဟန်ကြောင့် ဘိုလ်တောကျော်လည်းကြောက်စိတ် လေးနည်းနည်းပြေသွားတယ်။ မောင်မင်းကြီးသားသဘောကောင်းလိုက်တာလို့ ဆိုရမလိုလို။ “ အေးကွဲ့ အဘိုးက မေမြို့မရောက်ဖူးလို့လာလယ်တာ။ ရန်ကုန်ကပါ” လို့ဆိုတော့ သူမျက်နှာလည်းပျော့သွားတာတွေ့ရတယ်။ ဒါနဲ့ ဘိုလ်တောကျော်က အဲ့သလိုရှင်းပြရင်း တဆက်တည်းမေးလိုက်တယ်။ 

     “ဒါနဲ့ မသိလို့မေးပါရစေဗိုလ်ကြီးရယ်။ ဟိုမှာရေးထားတာလေးဖတ်ကြည့်နေတာ။ မျက်စေ့ကမကောင်းတော့ စာလုံးတွေကလည်းမှုန်ဝါးနေတယ်။ တချိူ့နှစ်ထပ်ဖြစ်နေလို့ ဖတ်ပြပါအုံး” ဆိုတော့ စစ်သားမျက်နှာဝင်းပလာပြီး ...

     “အော်..ဒါလား။ အဘိုးကြီးအသေချာနားထောင်။ “ငါ့သားများစစ်ထဲဝင်ရင်လေ၊ သူ့ကိုပြောလိုက်ပ၊ စစ်တပ်ဆိုတာ အမှန်တကယ်လိုက်နာကျင့်သုံးနိုင်ရင် ယောကျာ်းကောင်းယောက်ျား မြတ် ဖြစ်စေနိုင်တဲ့ကျောင်းကြီးပေါ့” တဲ့။ 

     “ဟာကောင်းလိုက်တဲ့စကားပဲ။ နို့..နေပါအုံးကွဲ့။ အဲ့ဒီစာကိုဗိုလ်နေဝင်းလား၊ ဗိုလ်စောမောင်လား၊ ဗိုလ်သန်း ရွှေလား၊ ဟိုမအလ…အဲလေယောင်လို့ ဗိုလ်မင်းအောင်လှိုင်လား။ ဘယ်သူရေးသတုန်းကွဲ့” ဆိုတော့ ....
“ဟာဒီအဘိုးကြီးနဲ့တော့ခက်နေပါပြီ။ အောက်မှာဖော်ပြထားတယ်လေ။အမည်မသိအညတြတပ်မတော်သားတဦးလို့။ မတွေ့ဘူးလား။”

“အဘိုးကမျက်စေ့မှုန်တော့ ခပ်ဝါးဝါးဖြစ်နေတယ်။ စာလုံးသေးရင် ဖတ်မရတော့ဘူး။ နို့..နေပါအုံးကွဲ့။ ဒါကိုမင်းတို့စစ်သားတွေလိုက်ကောလိုက်နာနိုင်ကြရဲ့လား။ ကျင့်သုံးကျင့်သုံးနိုင်ကြရဲ့လား” ဆိုတော့ “ကျင့်သုံးလိုက်နာကြရတာပေါ့အဘိုးရယ်။ စစ်တပ်ဆိုတာအင်မတန်စည်းကမ်းကြီးတာကလား” တဲ့။

 “အင်းဟုတ်မှာပဲ။ စည်းကမ်းကြီးပေသကိုး။ နို့နေပါအုံးကွဲ့ တို့များငယ်ငယ်ကကြားဖူးတာလေးရှိပါရဲ့။ “ဗိုလ်ကြီးတို့လာမှ ကျမတို့ရွာလေး ပြာကျတော့တယ်’ ဆိုတာလေ။ ပြာကျတယ်ဆိုတော့ မီးရှို့လို့များလားကွဲ့။ အဲ့ဒါကရော တကယ်ပဲလိုက်နာကျင့်သုံးကြတဲ့သဘောလားကွဲ့” ဆိုတော့  ...
“ဟာ ဒီအဘိုးကြီး၊ တယ်လည်း လက်ပေါက်ကပ်ပါလား။ အဲ့ဒါတွေက ဒီစာမရေးခင် ရှေးပဝေ သဏီကဖြစ်ခဲ့တာဗျ။” 
“ဟေ…ဒါဆိုရင် ဒီစာမရေးခင်ကလည်း ရွာတွေမြို့တွေမီးရှို့ပြာကျအောင်လုပ်ခဲ့ကြတဲ့သဘောလားကွဲ့။ အမွေကိုကောင်းကောင်းဆက်ခံခဲ့ကြဟန်ပါပဲလားကွယ်ရို့” လို့ဆိုတော့ အစောင့်စစ်သားလည်းဒေါပွလာပြီး…                             

“ဟာဒီအဘိုးကြီး ဘာတွေလျှောက်ပြောနေတာလဲ။ သေသွားမယ် စစ်တပ်ကိုဘာမှတ်နေလဲ။ ဖုန်းပေးစမ်း။ စစ်ဆေးကြည့်ရမယ် ” တဲ့။ 

ဘိုလ်တောကျော်လည်း သားတော်မောင်မွေးနေ့လက်ဆောင်ပေးထားတဲ့ ‘အိုင်ဖုန်း 7’လေးကိုထုတ်လည်းပေးလိုက်ရော အကြိုက်တွေ့သွားဟန်နဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီး …

“ကဲကဲအဖိုးကြီးပြန်တော့ အဲ့လိုမဟုတ်ရင် အချုပ်ထဲဖမ်းထည့်ခံနေရမယ်” လို့ပြောပြီးဖုန်းကိုပြန်မပေးတော့ပဲ ‘အထက်ကိုတင်ပြရမယ်’ ဆိုပြီး ယူထားလိုက်လေရဲ့။ 

ဘိုလ်တောကျော်ကတော့ “ကျနော်ကရော ဘာများတတ်နိုင် ပါအုံးမည်နည်း”လို့သာ ဗန်းမော်တင်အောင်ဆန်ဆန်ငြီးတွားရင်းနဲ့ ဘိုလ်တောကျော်ခမျာသုတ်ခြေတင်စက်ကုန်ဖွင့်လို့ ပြန်လှည့်ခဲ့ရပါတော့တယ်။ စိတ်ထဲမှာတော့ …။ 
                                                                  
“အင်း… စစ်တပ်ဆိုတာအမှန်တကယ်လိုက်နာကျင့်သုံးနိုင်ရင် ယောကျာ်းကောင်း ယောကျာ်းမြတ်ပဲဖြစ်လာ မလား။ မီးရှို့၊ လူသတ်၊ သူခိုး၊ ဓားပြ၊ မုဒိမ်းကောင်တွေပဲဖြစ်လေမလား’ ဆိုတာကတော့ လူကြီးမင်းတို့ ကြုံတွေ့ခဲ့ရတဲ့လက်ရှိအခြေနေနဲ့သာ ချိန်ထိုးကြပေရော့ဗျာ” လို့သံ ကုန်ဟစ်လို့ ပြောလိုက်ချင်ပါဘိတော့တယ်။

ဘိုလ်တောကျော် (ကနီတောရ)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar