Breaking News

ခန့်ဝါငြိမ်း - သွားတော့လူလေးရေ


သွားတော့လူလေးရေ
 ခန့်ဝါငြိမ်း
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၂

သွားတော့လူလေးရေ
ဖက်ဆစ်ကိုတော်လှန်ခဲ့ပြီး
ဖက်ဆစ်ဖြစ်သွားသူတွေကို
တော်လှန်ဖို့။

သွားတော့လူလေးရေ
လူလေးရန်သူဟာ
ယူနီဖောင်းဝတ်ထားတဲ့
အကောက်ကျစ်ဆုံးဗျူရိုကရက်တွေ
မျက်လုံးစိမ်းနဲ့
အရက်စက်ဆုံးသိမ်းငှက်တွေ။

သွားတော့လူလေးရေ
အချိန်မရွေးအသတ်ခံရနိုင်တဲ့နေရာကနေ
အချိန်မရွေးသေနိုင်တဲ့နေရာကို။

သွားတော့လူလေးရေ
ဂုဏ်သိက္ခာရှိရှိအောင်နိုင်ဖို့
သူရဲကောင်းဆန်ဆန်ကျရှုံးဖို့။

သွားတော့လူလေးရေ
ဘုရားကိုလည်းမမေ့နဲ့
ဒေဝဒတ်ကိုလည်းမမေ့နဲ့။

သွားတော့လူလေးရေ
အဖေနဲ့အမေကတော့
အချိန်မရွေးပြာဖြစ်သွားနိုင်တဲ့
ရွာလေးထဲမှာနေရစ်ခဲ့တော့မယ်
တချိန်မှာ
ရွာလေးဆီလူလေးပြန်လာလို့
မီးသင့်ကျောက်ခဲနီလေးတွေတွေ့ရင်
အဲဒါအဖေတွေရဲ့နှလုံးသားတွေ
မီးသင့်ကျောက်ခဲဖြူလေးတွေတွေ့ရင်
အဲဒါအမေတွေရဲ့မျက်ရည်စက်တွေ။

သွားတော့လူလေးရေ
သွားတော့
အဖေ့ရဲ့ဘီလုံးငှက်လေးရေ
သွားတော့။    ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar