ကိုအောင်မှိုင်း - ကြွေနေတဲ့ ပန်းကလေးတွေ
ကြွေနေတဲ့ ပန်းကလေးတွေ
ကိုအောင်မှိုင်း
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၂
ကလေးတွေ စားမယ့်
ထမင်းပန်းကန်တွေထဲ
ဟင်းမပါတဲ့ရက်တွေ များလှပြီ။
စာသင်ခန်းတွေက
စာအံသံတွေခမ်းခြောက်
လမ်းပေါ်ရောက် ရွက်ကြွေတွေ။
စာသင်ခန်းထဲ
စာအံနေဆဲမှာ
လေယာဥ်တွေနဲ့
အကြိမ်ကြိမ်ပစ်ခတ်
ကလေးအလောင်းတွေ ထပ်ခဲ့ရပြီ။
သူတို့တွေဟာ
ပျော်ရွှင်မှုရဲ့ သင်္ကေတ။
သူတို့တွေဟာ
ကြင်နာမှုရဲ့ သင်္ကေတ။
သူတို့တွေဟာ
ကြည်နူးမှုတွေရဲ့ သင်္ကေတ။
သူတို့တွေဟာ
ချစ်ခင်မှုတွေရဲ့ သင်္ကေတ။
သူတို့တွေဟာ
တွယ်တာမှုတွေရဲ့ သင်္ကေတ။
သူတို့တွေဟာ
ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတတွေပါ။
သူတို့တွေဟာ
အဖြူရောင်ထက်ဖြူတဲ့
ပန်းဖြူဖြူလေးတွေပါ။
သူတို့တွေဟာ
ထိရင်ကြွေမဲ့
ရင်ခတ်ပန်းလေးတွေပါ။
ဘာလို့များ
ကလေးတွေကို
သတ်ရက်ကြတာလဲကွယ်။
ရွှေတိဂုံဘုရား
တည်ထားခဲ့တာ
မှားများမှားခဲ့လေပြီလား။
မြတ်မုနိကိုယ်တော်
ဖူးမျှော်ခဲ့တာ
မှားများမှားခဲ့လေပြီလား။
ဗုဒ္ဓဘာသာ
နိုင်ငံတော်ကြီး
ဘုန်းကြီးက ၃ သိန်းကျော်
ရွာဦးမှာထိုင်တော်မူရင်း
တရားတော်တွေသင်ကြား
လူသတ်တာတရားလို့များ
သင်ကြားလိုက်ကြလေသလား။
အဘိုးအရွယ်တွေလဲသတ်
အဘွားအရွယ်တွေလဲသတ်
အဖေအရွယ်တွေလဲသတ်
အမေအရွယ်တွေလဲသတ်
သတ်ပြီးရင်းသတ် ကလေးတွေပါ သတ်ကြ။
ဗုဒ္ဓဘာသာနိုင်ငံတော်ကြီး
ကမ္ဘာတည်သရွေ့ သမိုင်းတွင်ရစ်ပေတော့မယ်။
ကိုအောင်မှိုင်း