Breaking News

စစ်ကောင်စီ၏ လူမျိုးတုံး သတ်ဖြတ်မှုတွေ စစ်ရာဇဝတ်မှုတွေ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၈ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၂

စစ်ကောင်စီ၏ လူမျိုးတုံး သတ်ဖြတ်မှုတွေ စစ်ရာဇဝတ်မှုတွေ 

ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ပွဲ သတ်ဖြတ်မှု ဖမ်းဆီးမှု သေဆုံးမှု သတင်းတွေအနည်းငယ် တိတ်ဆိတ်နေခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေရဲ့ သတင်းက စက်တင်ဘာ ၁၇ ရက်မှာတော့ စစ်တပ်က ဝင်ရောက် ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲဖွင့်ထားတဲ့ စာသင်ကျောင်းက ကလေးသူငယ် ၄ ဦး သေဆုံးတဲ့သတင်း အဆိုပါနေ့မှာဘဲ တန့်ဆည်မြို့နယ်ထဲမှာလည်း အုတ်ဖိုအိုင်ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ကျေးရွာသား ၁၀ ဦးခန့် သတ်ဖြတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့  လာရောက်ကာ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ကာ ဖမ်းဆီးတာ ပစ်ခတ်တာတွေလည်း ရှိခဲ့လို့  ဒီပဲယင်းမြို့နယ်ထဲက ဓမ္မရံသီဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းက ၆ နှစ်အရွယ် ကလေးငယ်တွေ ကျည်ထိမှန် သေဆုံးကြရတာ ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို ဘာကြောင့် စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အရွယ်မရောက်သေးတဲ့ ၆နှစ်အရွယ် ကျောင်းသား ကလေးသူငယ်တွေ အသက်ဆုံးရှုံးရတဲ့ အဖြစ်က စစ်ရာဇဝတ်မှုဆိုတာ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။ 

စာသင်ကျောင်းကို ပစ်ခတ်တာ စာသင်ကျောင်းက ကလေးသူငယ်တွေကို အသက်ဆုံးရှုံးသည်အထိ ပစ်ခတ်တဲ့ ဖြစ်ရပ်တွေဟာ ဘယ်လိုဘဲ အကြောင်းပြချက် ဆင်ခြေပေးစေကာမူ ခွင့်လွှတ်လို့ မရတဲ့အဖြစ်အပျက်ဖြစ်ပြီး စစ်ကောင်စီရဲ့ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအနက် ကြီးလေးတဲ့ ပြစ်မှုလို့ဆိုရမှာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ဒီလို ပြစ်မှုတွေ ကျူးလွန်ခဲ့တာ တခုမကရှိနေပြီမို့ ထူးပြီး အပြစ်မလေးတော့ဘူးလို့ ၄င်းတို့အနေနဲ့ ယူဆကောင်းယူဆ ပါလိမ့်မယ်။ သို့ပေမယ့် ဒီလို ဖြစ်ရပ်တွေက ပြည်သူလူထုရဲ့ နာကျည်းမှုကိုပိုမို နက်ရှိုင်းစေပြီး PDF တွေပိုမို အားကောင်းလာစေမှာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ကျေးရွာ အတော်များများမှာ ကျေးရွာအလိုက် သို့မဟုတ် ဒေသအလိုက် ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပေမယ့် စစ်ကောင်စီတပ်တွေ ဝင်မလာနိုင်လောက်အောင် မြေပြင် လေကြောင်းက ကာကွယ်နိုင်တဲ့ အနေအထားတော့မဟုတ်သေးပါဘူး။ စစ်ကောင်စီတပ်တွေအနေနဲ့ အရင်က မြေပြင်ကသာ ဝင်ရောက်လာကြပေမယ့် မိုင်းဆွဲခံရတာတွေ ကြောင့် နောက်ပိုင်းမှာ သတင်းအချက်အလက်ရဖို့ ကြိုးစားပြီး လေကြောင်းက လာရောက်ကာ ပစ်ခတ်စီးနင်းတာမျိုး ဖြစ်လာတဲ့ သဘောဖြစ်ပါတယ်။ မကြာခင် လတွေကဖြစ်ပျက်ခဲ့တဲ့ ရင်ပေါင်တိုင် ကျေးရွာ အဖြစ်အပျက်မှာလည်း ချင်းကာကွယ်ရေးအဖွဲ့တွေ ခရီးထောက်နားတဲ့ အကြောင်းသတင်းရပြီး လေကြောင်းက လာရောက်ပစ်ခတ်စီးနင်းရာမှာ သေဆုံးမှုတွေ ဖျက်ဆီးခံရမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

အခုနောက်ပိုင်းမှာ စစ်ကောင်စီအနေနဲ့ PDF  တပ်ဖွဲ့တွေကို တရွာဝင်တရွာထွက် ရှာဖွေ တိုက်ခိုက်နိုင်ဖို့ထက် သတင်းရတဲ့အခါမျိုး သေချာတယ်လို့ ယူဆရတဲ့အခါမျိုး နေရာမျိုးမှာမှ လေကြောင်းကို သုံးပြီး ပစ်ခတ်တာ ရဟတ်ယာဥ်နဲ့ စစ်ကောင်စီတပ်တွေ ချပြီး ဝင်ရောက်စီးနင်းဖို့ ကို ပိုပြီး လုပ်လာကြတာဖြစ်ပါတယ်။ အင်အားအကျအဆုံးများလာတဲ့ အတွက် ယခင်နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်စောစောပိုင်းက နည်းဗျူဟာတွေနဲ့ မတူတော့ပဲ အခုလို နည်းဗျူဟာ ပြောင်းလဲလိုက်တာလို့ ယူဆရပါတယ်။ 

စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ် မြဝတီ ကော့ကရိတ် ကြာအင်းဆိပ်ကြီး ၊ ကျောက်ကြီး ၊ ဖာပွန် တို့လိုဒေသတွေမှာ PDF ပူးပေါင်းပါဝင်တဲ့ ကေအန်ယူလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ခိုက်နေရသလို ကယားပြည်နယ် ရှမ်းပြည်နယ်အစပ် မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို တို့လိုမှာလည်း မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေသလို ကချင်ပြည်နယ်အစပ် ကောလင်း ၊ ကသာ ၊ အင်းတော်တို့မှာလည်း တိုက်ပွဲတွေ မကြာမကြာဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

လက်ရှိအရှိန်ပြင်းထန်လာတဲ့ နောက်စစ်မျက်နှာတခုကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ၊ ဘူးသီးတောင် ၊ ပလက်ဝဒေသတွေဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ တနိုင်ငံလုံးကို လက်နက်နဲ့ ထိန်းထားနိုင်တယ်ဆိုတဲ့ အသွင်မျိုး ပြသချင်တာ ၊ တနေရာမှာ တိုက်နေတဲ့အချိန် အခြားတနေရာမှာ မတိုက်နိုင်ဘူးဆိုတဲ့ သဘောမျိုး ကောက်ချက်မချ အောင် နိုင်ငံရဲ့ ဒေသအများအပြားမှာ တပြိုင်နက်ထဲ တိုက်နိုင်တယ်ဆိုတဲ့ အမြင်ကိုပြချင်ပုံရတယ်လို့ ခန့်မှန်းရပါတယ်။ 


သေချာတာတခုကတော့ မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုပြီးတဲ့နောက် စစ်တပ်နဲ့ ပြည်မအစိုးရက အရင့်အရင် ထိန်းချုပ်ထားတဲ့ နယ်နိမိတ်တွေ အတိုင်းဆက်လက်တည်ရှိဖို့ အလားအလာနည်းသွားပြီလို့ ဆိုရမှာပါ။ တိုင်းရင်းသား ပြည်နယ်အချို့ ရဲ့ အနာဂတ်က ပေါ်ပေါ်ထင်ထင် ကြေညာတဲ့ ကွန်ဖက်ဒရိတ်လား သို့မဟုတ် မကြေညာပေမယ့် လက်တွေ့မှာ ကွန်ဖက်ဒရိတ် ပြည်နယ်တွေ အဖြစ်ဦးတည်နေပြီး အဲဒီပန်းတိုင်ကိုရောက်ဖို့ အများဆုံး နှစ်အနည်းငယ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar