Breaking News

စနစ်ပြောင်းဖို့ တော်လှန်ရေးမှာ ခေါင်းဆောင်မှု နဲ့ မူဝါဒတွေက အရေးကြီး


မြန်မာ့နွေဦးခရိုနီကယ် - စက်တင်ဘာ ၁၇ မြင်ကွင်း

မိုးမခ - စက်တင်ဘာ ၁၈၊ ၂၀၂၂  


စနစ်ပြောင်းဖို့ တော်လှန်ရေးမှာ ခေါင်းဆောင်မှု နဲ့ မူဝါဒတွေက အရေးကြီး 

တွဲတိုင်းမှာ စက်ခေါင်း ပါတယ် ဆိုတဲ့ စကားလုံးက နွေဦးတော်လှန်ရေး စတင်ခါစ လတွေကတည်းက တက်ကြွလှုပ်ရှားသူ ထောက်ခံသူ ပရိသတ်တွေအကြားထဲ ရေပန်းစားခဲ့တဲ့ စကားလုံးတလုံးဖြစ်ပါတယ်။ 

မူရင်းစကားလုံးက ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောဆိုခဲ့သလဲ ဆိုတာ မသိသည့်တိုင် နွေဦးတော်လှန်ရေးမှာ ခေါင်းဆောင်ရယ်လို့ သီးသီးသန့်သန့် မတွေ့ရသည့်တိုင် သို့မဟုတ် မကြေညာသည့်တိုင် လှုပ်ရှားတဲ့ အဖွဲ့တိုင်းက ခေါင်းဆောင်ဆိုတဲ့ သဘော၊ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေကြတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ခေါင်းဆောင်တွေလို့ သတ်မှတ်ပြီးသား ဆိုတဲ့ သဘောလို့ မှတ်ယူနားလည်ရပါတယ်။ အချိန်ကာလတိုတခုမှာ တက်ကြွစေလိုတဲ့ သဘောမျိုး နှိုးဆွပြောဆိုမှုအနေနဲ့ဆိုရင်တော့ ဆန့်ကျင်စရာမရှိပေမယ့် ရေရှည်သွားမယ့် တိုက်ပွဲတခုမှာတော့ ခေါင်းဆောင်မှုဆိုတာ ရှိနေမှာဖြစ်ပြီး လိုကိုလိုအပ်နေမှာလည်း ဖြစ်ပါတယ်။ တွဲတိုင်း စက်ခေါင်းပါတယ်ဆိုတာကို ရေရှည်တိုက်ပွဲ မဟာဗျူဟာတွေ ချမှတ်ရမယ့် တိုက်ပွဲတွေမှာတော့ အဲဒီအတိုင်း အဓိပ္ပာယ်ကောက်ယူပြီး လျှောက်လှမ်းကြလို့ မလွယ်ကူပါဘူး။ 

လူထုလှုပ်ရှားမှု တခု အုံကြွမှုတခု ကာလတိုတခုမှာတော့ အခုလို လူထုအဖွဲ့အစည်း အသီးသီးကို ဘယ်သူတွေကို ကိုယ်စားပြုတဲ့ ဘယ်အဖွဲ့တွေဆိုတာ စိစစ်မသိရှိနိုင်သေးချိန်မှာ ဘုံဦးတည်ချက်အတွက် အင်အားပြ လှုပ်ရှားကြဖို့ နှိုးဆော်တဲ့ နည်းလမ်း တရပ် စည်းရုံးရေးစကားတရပ် အနေနဲ့ လက်ခံနိုင်ပေမယ့် ရေရှည်လျှောက်လှမ်းကြရမယ့် နိုင်ငံရေး စစ်ရေးတိုက်ပွဲမှာတော့ အဖွဲ့အစည်းအသီးသီးရဲ့ ရည်ရွယ်ချက် ဦးတည်ချက် ရည်မှန်းချက်တွေနဲ့ ၄င်းတို့ လုပ်ဆောင်နိုင်မှုတွေ အပေါ်မှာမူတည်ပြီး အဆင့်ဆင့် ပြန်လည် စုစည်းဖွဲ့စည်းကြရတာမျိုးဖြစ်ပါတယ်။ 

တွဲတိုင်းစက်ခေါင်း ဆိုတဲ့ စကားလုံးကို အချိန်ကာလကန့်သတ်မဲ့ ကျင့်သုံးလို့မရတော့ဘူးလို့ ယူဆပါတယ်။ 

ဒီနေရာမှာ မှန်ကန်တဲ့ ခေါင်းဆောင်မှုနဲ့ မှန်ကန်တဲ့ မဟာဗျူဟာချမှတ်နိုင်မှုက အရေးကြီးလာပါတော့တယ်။ 

စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်ကြလို့  လက်နက်ကိုင် နည်းနဲ့ ရော လူထုနည်းနဲ့ပါ တော်လှန်ကြရာမှာ ဘယ်အရာက အရေးကြီးဆုံးလဲ ၊ ဘယ်အရာက အရှုံး အနိုင်ကို အဆုံးအဖြတ်ပေးသလဲ၊ ဘယ်အချက်က အရှုံး အနိုင်ကို  မြန်ဆန်စေမလဲ စတဲ့မေးခွန်းတွေက မေးဖို့ လွယ်ပေမယ့် ဖြေဖို့ခက်ခဲတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဘယ်တော့ အောင်မြင်မလဲ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ၊ လက်ရှိစစ်ကောင်စီအစိုးရ ဘယ်တော့ ပြုတ်ကျမလဲဆိုတဲ့ မေးခွန်းတွေလည်း အလားတူဖြေဆိုရခက်ခဲတဲ့ မေးခွန်းတွေဖြစ်နေဆဲ ဖြစ်ပါတယ်။ 

စနစ်ပြောင်းမယ့် တော်လှန်ရေးလား သို့မဟုတ် အုပ်ချုပ်တဲ့ အဖွဲ့အစည်း တနည်းအားဖြင့် အုပ်ချုပ်သူသာ ပြောင်းမယ့် အာဏာရှင်ပြောင်းသွားမယ့် အပြောင်းအလဲလားဆိုတာ အပေါ်မှာလည်း မူတည်ပြီး အောင်ပွဲ အနှေး အမြန် ကွာခြားနိုင်ပါတယ်။ 

တဖန် ခေါင်းဆောင်မှု ဆိုတဲ့ လူတဦး တယောက်ကို ရည်ရွယ်ပြောဆိုတာမဟုတ်တဲ့ လူထုလှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေးစတာတွေကို အတွေ့အကြုံရှိရှိနဲ့ စည်းရုံးရေးကောင်းမွန်ပြီး တော်လှန်ရေးအပေါ် လူထုအပေါ် ရိုးသားသစ္စာရှိပြီး အမြော်အမြင်ရှိစွာ လမ်းညွှန်ထိန်းကျောင်းနိုင်တဲ့ ဦးဆောင်မှုမျိုးကို ကောင်းမွန်တဲ့ ခေါင်းဆောင်မှုလို့ဆိုလိုတာ ဖြစ်ပါတယ်။ ခေါင်းဆောင်မှု ကောင်းမှသာ မှန်ကန်တဲ့ မူဝါဒတွေ ချနိုင်မှာဖြစ်သလို အခြေအနေနဲ့ လိုက်ဖက်တဲ့ မူဝါဒ နည်းဗျူဟာတွေ ချမှတ်နိုင်မယ့်သဘောလည်း ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုရဲ့ အရေးကြီးတဲ့ အင်္ဂါရပ်တွေက ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေကို လက်တွေ့ကျစွာ သုံးသပ်နိုင်တာ၊ သမိုင်းနောက်ခံ ဖြစ်ရပ်တွေ အကျိုးအကြောင်းတွေနဲ့ ဆက်စပ်ပြီးနားလည်ကာ မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်နိုင်တာ၊ မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ ရိုးသားမှု ပွင့်လင်းမှုအခြေခံတဲ့ ဆက်ဆံရေးနဲ့ ခိုင်မာတဲ့ စည်းလုံးမှုတည်ဆောက်နိုင်တာ၊ လှုပ်ရှားမှုကြီးထဲမှာ ပါတဲ့သူတွေနဲ့ ခေါင်းဆောင်သူတွေ အကြား အေးအတူပူအမျှ တသားတည်း လက်တွဲလုပ်ဆောင်တဲ့ အချက်တွေ ဖြစ်မယ်လို့ ထင်မြင်ပါတယ်။ 

ခေါင်းဆောင်သူတွေအနေနဲ့ လက်ရှိနိုင်ငံရေး စစ်ရေးတိုက်ပွဲ သမိုင်းရဲ့  လာခဲ့တဲ့ လမ်းကို သေချာစွာနားလည်ပြီး ရှေ့မှာ လျှောက်ရမယ့်လမ်း လက်ရှိကမ္ဘာရဲ့ အခြေအနေ ၊ ရန်သူဆိုတဲ့ စစ်အာဏာရှင်တွေ စစ်အာဏာရှင်စနစ်ရဲ့ အခြေအနေကိုလည်း မှန်ကန်စွာအကဲဖြတ်နိုင်ပြီး ရှေ့သွားရမယ့်လမ်းကို လက်တွေ့ကျစွာနဲ့ မဟာဗျူဟာ ချမှတ်နိုင်မှသာ အောင်မြင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ဘယ်အဖွဲ့ ဘယ်အင်အားစုက မဟာမိတ် အဖွဲ့လဲ ဘယ်အဖွဲ့က မဟာမိတ် မဖြစ်နိုင်ဘူးလဲ မဟာမိတ် မဖြစ်နိုင်သူကို ရန်သူ မဖြစ်အောင် ကြားမှာထားနိုင်မလား စတဲ့ စည်းရုံးရေး နည်းဗျူဟာတွေလည်း အရေးကြီးပြီး မလိုအပ်ပဲ ရန်သူများအောင် လုပ်ဆောင်တာမျိုး မဟာမိတ်ဖြစ်နိုင်တဲ့ အဖွဲ့ကို ရန်သူဖြစ်အောင် တွန်းပို့တာမျိုးတွေ မလုပ်မိစေဖို့ အရေးကြီးလှပါတယ်။ 

လက်ရှိရောက်နေတဲ့ အခြေအနေမှာ စစ်အာဏာရှင်စနစ် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေအပေါ်  လူထုရဲ့ ရွံရှာမုန်းတီးမှု စိတ်ကုန်မှုက အမြင့်ဆုံးအနေအထားဖြစ်နေတဲ့အပေါ်  ဒီအချက်တွေကို အားပြုပြီး မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ မှန်ကန်တဲ့ မဟာဗျူဟာ ချမှတ်နိုင်မှသာ အောင်ပွဲက အမြန်ဆုံးရရှိမှာဖြစ်ပြီး ခေါင်းဆောင်မှုရယ်လို့ သေသေချာချာမရှိခဲ့ရင် မြန်မာနိုင်ငံရဲ့ အခြေအနေက ရေစုန်မျောကြမယ့် အန္တရာယ်လည်း ရှိနေတာကို သတိမမေ့ကြဖို့ လိုအပ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar