Breaking News

နေသွင်နိုင်း - ချောက်ကမ်းပါးစွန်းမှာ ရပ်နေတဲ့လေ



ချောက်ကမ်းပါးစွန်းမှာ ရပ်နေတဲ့လေ
နေသွင်နိုင်း
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၂

ချောက်ကမ်းပါးစွန်းမှာ ပျော့ဖတ်နေတဲ့စိတ်
လေလို တဟူးဟူးတဟဲဟဲပေါ့ပါးဖို့ရပ်နေ
ငွေရောင်မြားတွေရဲ့ချွန်ထက်မှု မိုးသား
စပ်ဖျဥ်းဖျဥ်းအရသာနဲ့ မြေသားထဲ ပျော်ဝင်
ပြီးတဲ့အခါ 
ချောက်ကမ်းပါးစွန်းမှာ ရပ်နေတဲ့ငါ့ရဲ့ ခြေရာကို 
သိမ်းဖျောက်လိုက်ကြရဲ့။
ချောက်ကမ်းပါးစွန်းမှာ 
အမည်မဲ့တောရိုင်းပန်းလေးတွေတောင်
စစ်ပွဲက ထုတ်လုပ်​ပေးတဲ့
ကြာပွတ်​တွေရဲ့ တရွှမ်းရွှမ်းရိုက်ခတ်မှုဒဏ်ခံနေရ
ဆင်းရဲမွဲတေမှုဝတ်ရုံကို ငရဲလိုဝတ်နေရ
သူတို့ကို ကမ်းပါးစွန်းမှာ မထားခဲ့ဖို့ သနားခံနေသူလို
မနက်ဖြန်တွေမှာ 
ပင့်တက်လာမယ့်လေပြည်ရဲ့ ပွေ့ဖက်မှုကို 
လွင့်နေတဲ့ဆံသားထဲသိမ်းထုပ်ဖို့
ယိမ်းနွဲ့တေးဖွဲ့ အော်နေတဲ့​လေညင်းရဲ့ပလွေသံ
တယောက်ယောက်ကြားရဲ့လား။
ပန်းတွေရဲ့ဘာသာစကားမသိသူငါဟာ 
ချောက်ကမ်းပါးစွန်းမှာ အဓိပ္ပါယ်မဲ့ရပ်
မြေပုံအမှတ်အသားနဲ့ဖိနပ်တရံကို 
ကမ်းပါးစွန်းမှာ လူမသိသူမသိ ထားခဲ့ဖို့လေ။
ငါဟာ တယောက်ယောက်များ ထွေးပွေ့မလားလို့
ကော်ဖီစေးတွေပျစ်ထနေတဲ့ လာရာလမ်းဆီ 
အသိမဲ့ဗလာကျင်းနေတဲ့အမှိုက်ထုပ်တထုပ်လို
လှမ်းရီကြည့်
 ဒီလိုအထီးကျန်မှုမျိုးက ငါ့အိတ်ကပ်ထဲမှာရှိတယ်။
အမြင့်ကြောက်သူတယောက်ပါ
 အနက်ရောင်ချောက်ကမ်းထဲ မဝံ့မရဲ့ငုံ့ကြည့်လို့
ငါ့ရင်ခုန်သံတွေတောင် ငါကြား
ကြောက်ရွံ့မှုမျက်လုံးတွေထဲ
ကွန်တိုမျဥ်းတွေရဲ့ သောကတောအုပ်​မြစ်ကြောင်းက
 ချောက်ကမ်းကြီးလို နက်မှောင်
မီးခိုလို အူထနေတာ ငါသိတယ်။
ဟူးဟူးဟဲဟဲ တစ္ဆေလေတွေကို နားမယောင်နဲ့
ငှက်ပျောအပျိုရိုင်းတွေရဲ့ 
လက်တံဖားဖားစိမ်းစိမ်းတွေဟာ 
စုန်းမရဲ့လက်ချောင်းပိန်ပိန်တွေလို လူးလွင့်လို့
မြို့ကြီးပြကြီးရဲ့လမ်းကြိုလမ်းကြားက 
ဈေးပေါင်ကျသွားတဲ့ မိန်းမတယောက်လို
တွင်းနက်ကြီးထဲခုန်ချဖို့ မြှူဆွယ်ဖျားယောင်းတော့
အမှောင်ပိနေတဲ့ ငါဟာ ရှေ့ကိုတလှမ်းတိုးလာ
မျက်လုံးတွေကို မှိတ်လိုက်တယ်။
အပူချိန် ၁၀၄ ကျော်နေတဲ့ငါ့ခန္ဓာကိုယ်ထဲ
အစာအိမ်ရထားဟာ တဂျုတ်ဂျုတ်ခုတ်မောင်းလို့
တခါက ငါ့ကို ငါက ပြန်တွေ့နေရသလို
မြင်ကွင်းဟာ လူသေတကောင်လို မွန်းကျပ်စေပြန်တယ်။
ငါဟာ အသက်ရှူပိုကျပ်လာတယ်
ငါဟာ ဒီနေရာမှာ မတ်တပ်ရပ်နေတယ်
ငါငိုနေ ခဲ့သလား
မျက်ရည်ဟာ ခြောက်သယောင်းကုန်ပြီ
ဘုရားပေးခဲ့တဲ့ မျက်ရည်ဟာ
ပျော်ရွှင်စရာအဖြစ် ကျလာဖို့
လူသေဘယ်လောက် အပျိုစင်ဘယ်လောက်
အိုးအိမ်ဘယ်လောက် လယ်ယာမြေဘယ်လောက် အသက်ရေဘယ်လောက် မိဘမဲ့ဘယ်လောက်
ငါ့သူငယ်ချင်းဘယ်လောက်
မီးရှို့ပြာကျ စတေးရအုံးမလဲ
မျက်ရည်ဟာ
စိုစွတ်မှုမရတော့တဲ့မြစ်ထဲက ရှင်သန်မှုတရား
ဘဝဟာ အသားတုံးတခုထက်မပိုပါဘူး
ကောင်းကင်နတ်ဘုရားများ ကြားမလား
အသံတွေပြာနှမ်းတဲ့အထိ အော်ဟစ်
ချောက်ကမ်းပါးစွန်းကနေ မိုးစဲကင်းစ ကောင်းကင်ကို
ငါမော့ကြည့်မိသေးတယ်
ချောက်ကမ်းပါးစွန်းကငါ့ကို ကယ်တင်ဖို့လေ။
လွတ်မြောက်ရာဆိုတာ ထွက်ပြေးမှုမဟုတ်ဘူးလို့
ဘယ်သူ သတင်းပို့မလဲ
လွတ်လပ်ခြင်းဆိုတာ
အမှောင်သားကို ထိုးခွဲလိုက်ရသလိုမျိုး
အသွေးနဲ့ဖြစ်ဖြစ် 
အသားနဲ့ဖြစ်ဖြစ် လင်းချင်းမှ ပွင့်မယ့်တောအုပ်တောင်တန်းတစ်ခု
တော်လှန်ခြင်းကသာ ကြီးမြတ်တဲ့ဂုဏ်သိက္ခာ
မြင့်မြတ်မှုဆိုတာ ရန်သူ့အရေပြားကိုဆုတ်ခွာပြီး
အလံအဖြစ် လွှတ်တင်ကြရမှာ
မိုးမြေအနှံ့မှာ စစ်ကိုပြင်ကြ
စစ်ဝတ်အင်္ကျီကို ဆင်မြန်းကြ
စစ်ဟာ ဝဋ်ဆိုလည်း နောက်ဆုံးဝတ်ဆင်ခြင်းပ
သေခြင်းကို ဈေးမြှင့်ထားကြ
ရှင်သန်ခြင်းဟာ 
မီးတောင်ထဲတိုက်ခတ်ရတဲ့လေလို ပူလောင်မှုဆိုလည်း
ငါတို့ရဲ့ယုံကြည်မှုဟာ လွတ်မြောက်မှု
ငါတို့ရဲ့လွတ်မြောက်မှုဟာ 
တောက်ပတဲ့နိုင်ငံတခုရဲ့နေရောင်ပြတင်းပေါက်တွေ
ဓားကိုင်ကိုင် သေနတ်ကိုင်ကိုင် ငါတို့ဟာ မျှတတယ်
ငါတို့လိပ်ပြာ ငါတို့လှတယ်။
ငါတို့သေလွန်ပြီးတဲ့အခါ 
ငါတို့ရဲ့အသံ ငါတို့ရဲ့ အလံနဲ့ 
သူရဲကောင်းပုံပြင်တွေ ပြောကြရင်း
ငါတို့ကလေးတွေ ဂုဏ်ယူကျန်ရစ်ရမယ်ဆိုတာ
ချောက်ကမ်းပါးစွန်းကငါ့ကို ငါအော်ပြောနေမိရဲ့
ငါက အိပ်မက်ထဲကလူလို ​ငေးငူရပ်နေဆဲ
အဲ့ဒီနေရာမှာလေ
လေဟာနယ်က ငါ့ကိုပွေးဖက်ဆီးကြိုဖို့
သေခြင်းရနံ့ကို မြွေတွန်သလို ချွန်ပြနေပြီ။
အခု ငါ့မှာ
ချောက်ကမ်းပါးကြီးထဲ တစ္ဆေတကောင်ဖြစ်တော့မယ်
ဝန်ခံပါတယ်
ငါညံ့ခဲ့ပါတယ်
ငါဟာ 
တုတ်ပြီးဓားပြီးတာထက် ထမင်းပြီးချင်သူ
နိုင်ငံလည်းပျောက် အသက်လည်းပျောက်လို့
မြို့ကြီးပြကြီးဟာ သေဖို့နည်းလမ်းတွေ ပိုများလာတယ် 
ခင်ဗျားက သတိတရားကို
ငယ်ထိပ်တက်ချိတ်ထားတယ်ဆိုလည်းပေါ့။
ကြည့်ပြီးသားရုပ်ရှင်ပြန်ကြည့်နေရသလို 
ချောက်ကမ်းပါးစွန်းကငါ့ကို ငါကစောင့်ကြည့်
ချောက်ကမ်းပါးရဲ့အနက်ရှိုင်းဆုံးအမှောင်မှာ
နောက်ထပ် လူပျံတယောက် 
စစ်ပွဲထဲက လေယာဥ်တစင်းလို 
ပျက်ကျသွားမှာငါစိုးရိမ်​​ပြန်သေးရဲ့။
ငါဟာ ရဲရင့်တယ်
ငါဟာ စွမ်းသန်တယ်
ငါဟာ လေတံခွန်လို ကြိုးပြတ်ရာကနေ
ရှင်သန်မှုကိုအန်တုဖို့ 
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
စစ်ပွဲကပြန်လာတဲ့ အောင်နိုင်သူလို
မှည့်ကြွေတော့မယ့် စိတ်သတ္တုကို ရိတ်သိမ်း
ငါ့အရိပ်ဟာ 
ချောက်ကမ်းပါးထဲ​ ပျော့ပျော့​ယဲ့ယဲ့ ပဲ့ကျရာကနေ
ချောက်ကမ်းပါးပေါ် ကုတ်ဖဲ့တက်လာတယ်။
ကလေးတွေသေကုန်ပြီ
ရွာတွေလောင်မီးကျနေပြီ
အသက်ကို ချွေတာဖို့
ငါ့လက်ဖျံရိုးတွေ မာကျောကုန်ကြတယ်
ငါ့သွေးကြောထဲ ထောင်းလမောင်းထလာတဲ့
မုန်တိုင်းလို တော်လှန်မြစ်ရဲ့စီးဆင်းသံ ငါကြားရဲ့။

သေကြောင်းကြံစည်မှုဟာ အထ မမြောက်ခဲ့ပါ။
ငါ့ရဲ့ စိတ်ပျက်အားငယ်မှုက ရင်မောရပြီး
ငါ့ရဲ့ စိတ်အားထက်သန်မှုကတော့ 
အလေးပြုအပ်တယ်လို့
ငါ့အတွက်ငါရှိခဲ့လိုက်တယ်။

ချစ်သူတို့ 
ဉာဏ်ပညာနဲ့ ရဲရင့်ကြ
ဒီလို ချောက်ကမ်းပါးကြီးကို ငါရခဲ့လေတယ်
ရေတို့လည်း ကြည်ပါစေ ၊မြက်တို့လည်း နုပါစေ
ချောက်ကမ်းပါးစွန်းက လှည့်ပြန်သွားတဲ့သူဟာ
ငါဖြစ်ခဲ့သလို
ငါ့မိတ်ဆွေတို့ ဖြစ်ပါစေ
ချောက်ကမ်းပါးစွန်းက ငါကျောခိုင်းလိုက်တဲ့အခါ
ချောက်ကမ်းပါးစွန်းက တစ္ဆေတကောင်
အေးစိမ့်စိမ့်လေစွတ်ကြောင်းထဲ
ဟာလာဟင်းလင်းရပ်နေတာ
ငါတွေ့လိုက်ရလေတယ်။ ။

နေသွင်နိုင်း
၁၇၉၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar