Breaking News

လူသားချင်းစာနာမှု အကူအညီတွေ နောက်ဒေသတခုမှာ တားမြစ်ခံရ


မြန်မာ့နွေဦးခရိုနီကယ် - စက်တင်ဘာ ၁၆ မြင်ကွင်း

မိုးမခ - စက်တင်ဘာ ၁၇၊ ၂၀၂၂ 


လူသားချင်းစာနာမှု အကူအညီတွေ နောက်ဒေသတခုမှာ တားမြစ်ခံရ 

၂၀၁၇ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေကြောင့် မိမိတို့ နေအိမ်ကို ထားရစ်ခဲ့ပြီး ကျေးရွာတရွာမှာ ဖြစ်စေ တိုက်ပွဲနဲ့ လွတ်ကင်းရာ ဒေသတခုခုမှာ ခိုလှုံနေကြရသူတွေ၊ နေထိုင်ရာ ကျေးရွာ မီးရှို့ ဖျက်ဆီးခံရပြီး နေစရာမရှိလို့ ဘုန်းတော်ကြီးကျောင်း ယာယီဒုက္ခသည်စခန်းမှာ နှစ်နဲ့ချီ နေထိုင်နေကြရတဲ့ ဒုက္ခရောက်နေသူတွေထံ  အကူအညီပေးနေတဲ့ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ရခိုင်ပြည်နယ် ၆ မြို့နယ်မှာ အကူအညီပေးမှု ရပ်ဆိုင်းထားဖို့ စစ်ကောင်စီက အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ 

AA လက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား နှစ်နှစ်နီးပါး တိုက်ခိုက်မှုတွေ မရှိသလောက် နည်းပါးခဲ့ပြီးနောက် မကြာခင် လပိုင်းတွေကစလို့ တိုက်ခိုက်မှုတွေ ပြန်လည်စတင်လာပြီး လတ်တလောမှာတော့ တိုက်ပွဲတွေ အရှိန်ပြန်မြင့်လာကာ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၆ မြို့နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးနေတာတွေကိုပါ ရပ်ဆိုင်းဖို့ စစ်ကောင်စီက အမိန့်ပေးလိုက်တဲ့သဘော ဖြစ်ပါတယ်။ 

ကုလသမဂ္ဂနဲ့ အိုင်စီအာရ်စီလို နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေကို တားမြစ်ခြင်းဟာ တဖက် လက်နက်ကိုင်တပ်တွေကို ရိက္ခာနဲ့ ဆေးဝါးတွေ မရောက်ရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုဖြစ်ပြီး လက်တွေ့မှာတော့ အဲဒီဒေသတွေမှာ နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်အရပ်သားတွေအားလုံး ပိုပြီးအခက်အခဲအကျပ်အတည်းနဲ့ ရင်ဆိုင်ကြရမယ့် အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ သမိုင်းတလျှောက် ဖြတ် ၄ ဖြတ်လို့ ခေါ်တဲ့ ရိက္ခာ၊ အဆက်အသွယ်၊ ငွေကြေးနဲ့ လူသစ်စုဆောင်းမှု ဖြတ်တောက်တဲ့ နည်းဗျူဟာကို သုံးခဲ့တာဖြစ်ပေမယ့် ပြည်တွင်းစစ်ပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်ခြင်းမရှိဘဲ အဆိုပါဒေသတွေမှာနေထိုင်နေကြရတဲ့ လူထုအဖို့သာ နယ်စပ်ဒေသတွေက စစ်ဘေးရှောင်စခန်းတွေမှာ ဆယ်စုနှစ်ချီ နေထိုင်ကြရတာတွေ၊ ရိက္ခာ ဆေးဝါးကို ဈေးကြီးပေးပြီး ဝယ်စားကြရတာတွေ၊ ရိက္ခာ မလုံလောက်လို့ ဆေးဝါးမကုသနိုင်လို့ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တဲ့ နောက်ကြောင်းတွေ ရှိခဲ့ပါတယ်။ 

အခု တဖန် ရခိုင်ပြည်နယ်မှာ AA အဖွဲ့ အင်အားကြီးမားလာတာ စစ်ရေးအင်အားတင်မကပဲ စင်ပြိုင် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ၊ အခွန်ကောက်ခံရေးတို့ကိုပါ လုပ်ဆောင်လာတဲ့နောက် စစ်ကောင်စီအနေနဲ့ ပြည်မနဲ့ အခြား ပြည်နယ်အချို့မှာ စစ်မျက်နှာတွေ အများအပြား ဖွင့်ထားသည့်တိုင် ရခိုင်စစ်မျက်နှာကိုပါ အရှိန်မြှင့်ပြီး AA ကို တိုက်ခိုက်ဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။ 

ဒီအတွက် ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်တွေ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေနဲ့  အခြားသော လူသားချင်းစာနာမှု အကူအညီပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပိတ်ပင်လိုက်ပြီး AA အနေနဲ့ ရိက္ခာ၊ ဆေးဝါး ရဖို့ ခက်ခဲအောင် လုပ်ဆောင်လိုက်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

မြန်မာနိုင်ငံက လူထုအဖို့ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွင်း ပြန်ပေးဆွဲခံထားရတဲ့ သူတွေသဖွယ် လက်နက်ကိုင်တိုက်ပွဲတွေအကြား အသက်ရှင်နေထိုင်ကြရတာပါ။ ပလက်ဝမြို့နဲ့ အဲဒီဒေသမှာ နေထိုင်သူတွေရဲ့ ဘဝကို ကြည့်ရင် အဆိုးဆုံးအခြေအနေ အဖြစ်အပျက်တွေကို တွေ့နိုင်ပါတယ်။ စီးပွားရေး ကောင်းမွန်တဲ့ ဒေသတခုမဟုတ်တဲ့အပြင် သွားရေးလာရေးမှာ ကုန်းတတန် ရေလမ်းတတန်ကို အားကိုးပြီး စားစရာ ဆန်၊ ဆေးဝါးနဲ့ ခရီးသွားရာမှာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သုံးဖို့ လောင်စာဆီတွေကို ရခိုင်ပြည်နယ် စစ်တွေက တဆင့် သယ်ယူသုံးစွဲရလို့ အခုလို ငွေကြေးမဖောင်းပွခင် ဆန်ဈေးနှုန်းတွေ မကြီးခင်ကာလတွေကတောင် ဆန်တအိတ်ကို ၆ သောင်း ၈ သောင်းကနေ တသိန်းကျော်ထိ ပေးကာ ဝယ်ယူနေကြရတာတွေ၊ လောင်စာဆီဈေးကို ပြည်မထက် ၃ ဆ လောက် ပေးသုံးနေကြရတာ ဖြစ်ပါတယ်။ စစ်ရေး လက်နက်ကိုင်တိုက်ပွဲတွေမှာ အနိုင်ရဖို့ ကြိုးစားကြရာမှာ စစ်အာဏာရှင်တွေက ဒေသလူထုကိုပါ ပြန်ပေးဆွဲထားသလို နကိုက မဖွံ့ဖြိုးတဲ့ဒေသက လူထုအဖို့ စားသောက်ကုန် ဈေးနှုန်းကြီးမြင့်လွန်းတဲ့ ဒုက္ခ၊ ဆေးဝါးဈေး ကြီးမြင့်လွန်းတဲ့ ဒုက္ခတွေကိုပါ ခါးစည်းခံကြရတာ ဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ်ကတည်းက ရခိုင်မှာ ဖြစ်ပွားတဲ့ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ ပဋိပက္ခတွေနောက်ပိုင်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ အပါအဝင် မြို့တွေ ဒေသတွေ အများအပြား နေအိမ်တွေ မီးရှို့ခံရမှုကြောင့် သို့မဟုတ် ဘာသာ လူမျိုးမတူတဲ့အပေါ် ခွဲခြားနေထိုင်ဖို့ အမိန့်ပေး ညွှန်ကြားခဲ့ရာက ဒုက္ခသည်စခန်းသဖွယ် ယာယီစခန်းတွေ  အများအပြား ပေါ်ပေါက်လာခဲ့သလို ၂၀၁၇ နောက်ပိုင်း AA နဲ့ စစ်တပ်တိုက်ပွဲတွေရဲ့ အကျိုးဆက်အဖြစ် ဒုက္ခသည်စခန်းအများအပြား ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီ လူကယ်ပြန် ဝန်ကြီးဌာနရဲ့ အကူအညီကို မှီခိုအသက်ရှင်နေကြရတဲ့ လူဦးရေ အများအပြားရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ခု လတ်တလော လက်နက်ကိုင် ပဋိပက္ခကြောင့် ဆုံးရှုံးကြရဦးမယ့် နေအိမ်တွေ၊ ကျေးရွာတွေ၊ လူ့ အသက်တွေ ဘယ်လောက်ထပ်မံတိုးပွားလာဦးမလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ 

ရခိုင်လို အလားတူ ဒုက္ခသည်တွေ အများအပြား ရှိပြီး လူသားချင်းစာနာမှု အကူအညီမရရှိတဲ့ ဒေသတွေလည်း စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အများအပြားရှိနေပြီး ကယားပြည်နယ် စစ်ကိုင်းတိုင်း မကွေးတိုင်း အထက်ပိုင်းတို့က အဆိုးရွားဆုံးခံစားနေကြရတဲ့ ဒေသတွေ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်တွေအဖို့ လက်နက်ကိုင် တိုက်ပွဲမှာ အနိုင်ရရေးအတွက် အရပ်သား လူထုထိခိုက် ခံစားရနိုင်ချေကို ဘယ်တုန်းကမှ ထည့်သွင်းစဥ်းစားလေ့မရှိဘဲ ဒေသတခုလုံးကို ရိက္ခာ၊ ဆေးဝါး၊ ငွေကြေး အထောက်အပံ့မဝင်နိုင်အောင် ပိတ်ဆို့ကာ လက်နက်ကိုင် အဖွဲ့တွေကို အားနည်းအောင် မိမိအနိုင်ရအောင် လုပ်ဆောင်ပေမယ့် တန်ပြန်အကျိုးဆက်အနေနဲ့ စစ်အာဏာရှင်အပေါ် လူထုရဲ့ အမုန်း၊  ဆန့်ကျင်မှုကို နောက်ဆယ်စုနှစ်နဲ့ချီ တုံ့ပြန်ရရှိမယ့် အချက်ကို ဘယ်တော့မှ ထည့်သွင်းစဥ်းစားလေ့ မရှိကြတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar