Breaking News

မသီတာ(စမ်းချောင်း) - ငါတို့ဟာ ငါတို့ပဲ ဖြစ်တယ်


မသီတာ(စမ်းချောင်း) - ငါတို့ဟာ ငါတို့ပဲ ဖြစ်တယ်

(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၂


‘မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ’ SAC-M ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာဟာ ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတွေက အပြင်းအထန် တောင်းဆိုနေချိန်နဲ့ တိုက်ဆိုင်စွာ ပေါ်ထွက်လာပါတယ်။

ဒီအစီရင်ခံစာရဲ့ အနှစ်ချုပ်ကတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် စစ်ကောင်စီဟာ အဓိကကျတဲ့ ပင်မအဖွဲ့အစည်းအဖြစ် ရပ်တည်မနေနိုင်တော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရကသာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်လို့ သူ့ကိုသာ တရားဝင်အသိအမှတ်ပြုသင့်တယ်ရယ်လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာကတော့ အန်ယူဂျီကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုဖို့အတွက် ဘယ်အချက်တွေ လိုအပ်သလဲဆိုတာကို အသေးစိတ် ဆွေးနွေးပြ ထားတာပါပဲ။ အန်ယူဂျီနဲ့ ပတ်သက်ရင် နိုင်ငံတကာ အသိုင်းအဝိုင်းက အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ခက်ခဲနေရတဲ့ အဓိကအကြောင်းရင်းဟာ အာဏာကျင့်သုံးနိုင်တဲ့ နယ်နမိတ်အပိုင်းအခြား ရှိမနေမှု ဖြစ်နေတာမို့ ဘယ်လိုအကြောင်းအချက်တွေကြောင့် အန်ယူဂျီဟာ အစိုးရအဖြစ် အသိအမှတ်ပြုခံထိုက်တယ်ဆိုတာကို ရှင်းပြထားတာပါ။ 

အစီရင်ခံစာက ထောက်ပြတာကတော့ သုံးချက်ပါ။ ထိရောက်တဲ့ ထိန်းချုပ်နိုင်မှု၊ တရားဝင်ဖြစ်မှုနဲ့ (နိုင်ငံတကာ ဥပဒေတွေအရ) နယ်မြေအပိုင်းအခြားတစ်ခုပေါ်မှာ ရပ်တည်နေမှုတို့ ဖြစ်ပြီး အဲဒီသုံးချက်ထဲမှာ အရေးအကြီးဆုံးက တရားဝင်ဖြစ်မှုလို့ ဆိုပါတယ်။ နောက်ထပ် အရေးအကြီးဆုံးကတော့ ထိရောက်တဲ့ ထိန်းချုပ်နိုင်မှုပေါ့။ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းကြီးတွေဟာ နယ်မြေအပိုင်းအခြားတစ်ခုခုကို ဆက်ဆံဆက်သွယ်ရမယ်ဆိုရင် အနည်းဆုံးတော့ အဲဒီနယ်မြေကို ကောင်းမွန်ထိရောက်စွာ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အစိုးရကိုပဲ ဆက်ဆံဆက်သွယ်ချင်တတ်ကြတာကိုး။ နယ်မြေအပိုင်းအခြားတစ်ခုခုကို လက်ဝယ်ပိုင်ဆိုင်ထားပေမဲ့ အဲဒီနယ်မြေကို ထိရောက်အောင် မအုပ်ချုပ်နိုင်နေဘူးဆိုရင် အဲဒီအဖွဲ့အစုကို အစိုးရအဖြစ် မရှုမြင်နိုင်တတ်ကြပါဘူး။ နိုင်ငံနယ်နမိတ်တစ်ခုအတွင်း ထိရောက်တဲ့ အုပ်ချုပ်မှု၊ ထိန်းချုပ်မှု ရှိတဲ့ အစုအဖွဲ့ကိုသာ အစိုးရအဖြစ် အသိအမှတ် ပြုချင်တတ်ကြပါတယ်တဲ့။

ဒီတော့ ပြည်တွင်းမှာ အချို့အစုအဖွဲ့တွေက အန်ယူဂျီဟာ အားလုံး မပါဝင်သေးလို့ ဘယ်အမှတ်လက္ခဏာနဲ့သူတွေ မပါသေးလို့ နိုင်ငံတကာက အသိအမှတ်ပြု မခံရသေးတာဆိုပြီး စဉ်းစားတွေးတောခဲ့ကြဖူးတာတွေဟာ လက်တွေ့နဲ့ မနီးစပ်ခဲ့ဘူးဆိုတာကို တွေ့ရပါမယ်။ ကိုယ့်နိုင်ငံအတွင်း တော်လှန်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းတာကို ဘယ်သူတွေနဲ့မှ ဘယ်လိုမျိုး ဖွဲ့စည်းမှ အသိအမှတ်ပြုပေးနိုင်မယ်လို့ ပြည်ပက ဘယ်နိုင်ငံကမှ စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ လက်တွေ့မှာ သူတို့ ဆုံးဖြတ်ကြတာက ဖွဲ့ထားတဲ့ အစိုးရဟာ တရားဝင်မှု ရှိလား-မရှိလား၊ နယ်မြေအပိုင်းအခြားတစ်ခုခု ပိုင်လား-မပိုင်လား၊ အဲဒီနယ်မြေမှာ ထိရောက်တဲ့ ထိန်းကွပ်အုပ်ချုပ်မှုမျိုး လုပ်နိုင်လား-မလုပ်နိုင်လားသာ ဖြစ်ပါတယ်။ ဒီသဘောတရားဟာ အစကတည်းက ထင်ရှားပြီးသားပါ။ ဒါကို သဘောပေါက်ရင် ပြည်တွင်းက ပြောဆိုနေကြတဲ့ စုပေါင်းခေါင်းဆောင်မှုကို ထိရောက်စွာ အကောင်အထည် ဖော်နည်းကိုလည်း ပိုမြင်သာလာမှာပါ။ 

အစီရင်ခံစာက ထိရောက်တဲ့ ထိန်းချုပ်မှုဆိုတာကို အသေးစိတ် ဆက်ရှင်းပြထားပါတယ်။ နိုင်ငံတစ်နိုင်ငံရယ်လို့ ဖြစ်ရင် နယ်မြေအပိုင်းအခြားနဲ့ အမြဲတမ်းနေထိုင်သူ နိုင်ငံသူနိုင်ငံသားဆိုတာ ရှိမြဲဖြစ်ကာ နိုင်ငံ့အစိုးရဆိုတာ အဲဒီနယ်နမိတ်အတွင်း အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်ကန်စွာ ဆောင်ရွက်နိုင်သလို နေရင်းနိုင်ငံသားတွေဆီက ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရနေတဲ့ အဖွဲ့အစုပါ။ အဲဒီလို အရည်အသွေးမျိုးကို အချိန်ကာလတစ်ခုတိုင်အောင် ရအောင် မစွမ်းဆောင်နိုင်ရင် အဲဒီအစုအဖွဲ့ကို အစိုးရလို့ ဆိုလို့ မရဘူးဆိုတာကို ရှင်းပြထားပါတယ်။

အဲဒီတော့ စစ်ကောင်စီ စပြီး အာဏာလုဖို့ ကြိုးစားတဲ့ လွန်ခဲ့တဲ့ ၁၉ လအတွင်းမှာ အမြဲနေနိုင်ငံသားတွေက အခွန်လေးမှ မဆောင်၊ မီတာခလေးမှ မပေး၊ ဘာလွှတ်တော်မှ မခေါ်ဘဲ ထုတ်တဲ့ အမိန့်၊ ကျေညာချက်မှန်သမျှလည်း ဆန့်ကျင်နေကြဆိုတာမို့ စကစဟာ ဒီနိုင်ငံကို ထိရောက်အောင် ထိန်းကွပ်အုပ်ချုပ်နိုင်စွမ်း မရှိတာ သေချာပါတယ်။ ထိန်းကွပ်အုပ်ချုပ်နိုင်စွမ်း ဆိုတာဟာ လုံခြုံရေးကို ဆိုလိုတာ မဟုတ်ပါဘူးတဲ့။ အဲဒီလို ဆိုလိုတယ်ဆိုရင်တောင် ဘယ်နိုင်ငံသားကမှ မလုံခြုံနေတာမှာ သူတို့ စကစကိုယ်တိုင်တောင် ပါနေမှတော့ စစ်ကောင်စီရဲ့ အစွမ်းအစဟာ မေးခွန်းထုတ်စရာ မလိုအောင် နတ္ထိအလွန် တစ်ဘူတာလောက် ဖြစ်နေပါတယ်။ 

လူထုရဲ့ ခုခံမှု အတိုင်းအတာနဲ့ ငြင်းဆန်မှုအတိုင်အဆတွေကို ကြည့်ပြန်တော့လည်း မြို့နယ်ပေါင်း ၃၃၀ မှာ ၃၀၈ မြို့နယ်ဟာ တော်လှန်ပုန်ကန်မှုတစ်ခုခု ဒါမှမဟုတ် အကြမ်းဖက်မှုတစ်ခုခု ဖြစ်နေတာကို တွေ့ရပါတယ်တဲ့။ ၂၀၂၂ ခုနှစ်ရဲ့ ပထမ ၆ လမှာတင် ၂၃၄ မြို့နယ် (မြို့နယ်အားလုံးရဲ့ ၇၁ရာခိုင်နှုန်း)မှာ ခုခံမှုတစ်ခုခု အထင်အရှား ဖြစ်နေခဲ့ပါတယ်။ အဲဒီထဲကမှ ၁၉၄ မြို့နယ်မှာ တစ်လကို အနည်းဆုံး ခုခံမှုဟာ တစ်ခု-နှစ်ခုတော့ ရှိတာချည်းပဲလို့ ဆိုပါတယ်။ ဒါကိုကြည့်ရင် စစ်ကောင်စီဟာ သူ့တပ်တွေကို တောင်ပြေးမြောက်ပြေး မောင်းနေရလွန်းလို့ လျှာထွက်နေပြီဆိုတာကို သိနိုင်ပါသတဲ့။ စစ်ကောင်စီအနေနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အပြည့်အဝ ထိန်းထားနိင်တဲ့ မြို့နယ်အရေအတွက်ဟာ ၇၁ သာ ဖြစ်ပြီး တနိုင်ငံလုံးရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရှိတယ်။ တော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခုခံအဖွဲ့တွေက နည်းနည်းလေးကနေ အတော်ပြည့်ပြည့်ဝဝအထိ ထိန်းထားနိုင်တဲ့ မြို့နယ်စုစုပေါင်းကတော့ ၉၉ လောက် ရှိတာဖြစ်ပြီး နောက်ထပ် မြို့နယ် ၁၁၀ လောက်မှာလည်း စကစက အတိုက်ပဲ ခံနေရလို့ အုပ်ချုပ်ရေး မလုပ်နိုင်တော့တာတွေ ဖြစ်လာနေပါတယ်။ ဒါကြောင့် တကယ့်တကယ် မြေပြင်မှာ ထိန်းချုပ်ပြီး အုပ်စိုးနေတဲ့ အစုအဖွဲ့ဟာ တော်လှန်ရေးဘက်တော်သားတွေသာ ဖြစ်နေပါတယ်တဲ့။ 

ဒါ့အပြင် ဗဟိုဘဏ်လိုနေရာမျိုးမှာကအစ ကျွမ်းကျင်ပညာရှင်တွေ       ခန့်မထားနိုင်တော့ အုပ်ချုပ်မှုယန္တရားကို မလည်ပတ်နိုင်တာ၊ ပညာရေး-ကျန်းမာရေး မစွမ်းဆောင်နိုင်တာ၊ ရပ်ကျေးအုပ်ချုပ်မှု မလုပ်နိုင်တာ၊ အခွန်အခ မကောက်နိုင်တာ အစုံပေါ့။ အဆိုးဆုံးကတော့ တရားဥပဒေ စိုးမိုးရေးကို မစွမ်းနိုင်တော့တာပါပဲ။ ယာဉ်ထိန်းရဲအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေကို စစ်သားတွေနဲ့အတူ ရှေ့တန်းလွှတ်နေရလောက်အောင်  ဖြစ်နေတာတွေကိုပါ ထောက်ပြပြီး မြန်မာနိုင်ငံအခြေအနေဟာ ကျရှူံးနိုင်ငံ ဖြစ်သင့်နေပြီဆိုပေမဲ့ ခုလိုဆက်ရွေ့နေသေးတာဟာ တော်လှန်ရေးအင်အားစုတွေက နိုင်ငံအုပ်ချုပ်ရေးဟာကွက်နဲ့ အစိုးရရဲ့ ဝန်ဆောင်မှုလုပ်ငန်း ဆောင်တာတွေကို ဝင်ဖြည့်ပေးနေကြလို့ဆိုတာကို ထောက်ပြပါတယ်။ 

အန်ယူဂျီနဲ့တကွ တော်လှန်ရေးအင်အားစုတွေဟာ လူထုကို ရွေ့လျားလှုပ်ရှားနိုင်အောင်၊ ဒေသတွင်း ဆက်သွယ်ဆက်ဆံနိုင်အောင်နဲ့ ဝန်‌ဆောင်မှုလုပ်ငန်းတွေ ပံ့ပိုးထောက်ပံ့နိုင်အောင် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်နေကြတယ်ဆိုတာကိုလည်း ထောက်ပြပါတယ်။ အသစ်ဖြစ်လာတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖတွေရဲ့  စီမံဆောင်ရွက်မှု၊ နှစ်ကာလရှည်ကြာကတည်းက တည်ဆောက်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခုခံအဖွဲ့တွေရဲ့ နယ်မြေဒေသတွင်း တာဝန်ယူနိုင်စွမ်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ စီဒီအမ်တွေရဲ့ ဝန်ဆောင်မှုပေးနိုင်အား ဒါတွေဟာ အန်ယူဂျီရဲ့ အားသာချက်ဖြစ်ပြီး သူ့ရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ ထိုက်တန်ခြင်းကိုလည်း ဒီချိတ်ဆက်စီမံဆောင်ရွက်နိုင်စွမ်းနဲ့ပဲ ဆုံးဖြတ်ကြသင့်တယ်လို့ ထောက်ပြပါတယ်။ 

ဒီနေရာမှာ ရန်ပုံငွေ ရှာဖွေရေးနဲ့ ပတ်သက်ပြီး ပြည်ပရောက်မြန်မာတွေရဲ့ အခန်းကဏ္ဍကို အသေးစိတ် မပြောထားပေမဲ့ ဒီအလုပ်တွေအားလုံး လုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ ထောက်ပံ့ရေးအပြင် ထိရောက်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို လုပ်ဆောင်ရာမှာ ပြည်ပရောက် မြန်မာတွေရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးကြီးတာကိုတော့ အသိအမှတ် ပြုကြရမှာပါ။ ဒါဟာလည်း အမိနိုင်ငံ အဖနိုင်ငံကို ကောင်းစေချင်တဲ့စိတ်နဲ့ စစ်အာဏာရှင် ကင်းစင်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် နိုင်ငံတော်သစ်အဖြစ် မြင်ချင်တဲ့စိတ်တွေကြောင့်ဆိုတာ သိသာပါတယ်။ ဒီအချိန်မှာ သမိုင်းတလျှောက် မရှိခဲ့တဲ့ စုစည်းစွမ်းအားကို တွေ့မြင်နေရာကိုလည်း အစီရင်ခံစာက အသိအမှတ်ပြုထားပါတယ်။ အရေးကြီးတဲ့ နိုင်ငံတည်ထောင်ရေးဆိုင်ရာအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် ရေးဆွဲခဲ့ကြပြီး ကောင်းသထက် ကောင်းအောင် အန်ယူစီစီက ကြိုးစားအားထုတ်နေတာကိုလည်း ထောက်ပြပါတယ်။ ပြီးပြည့်စုံတဲ့ အနေအထား မရှိသေးပေမဲ့ အန်ယူဂျီအနေနဲ့ လျှောက်နေတဲ့လမ်းဟာ မြန်မာ့အနာဂတ်အတွက် အဖြေပေးနိုင်မယ့်၊ နိုင်ငံရေးအကြပ်အတည်းတွေကို ကျော်လွှားသွားပြီး ရေရှည်တည်တဲ့တဲ့ ဖြေရှင်းချက်ကို ဖြစ်စေမယ့် လမ်းပါပဲဆိုတာကိုလည်း ထောက်ပြထားပါတယ်။

အဲဒီအချက်တွေအပြင် နောက်ထပ် ထောက်ပြတာကတော့ စကစအနေနဲ့ သူ ကြွေးကြော်နေသလို ၂၀၂၃ ဩဂုတ်မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ့် အနေအထားတောင် မရှိနိုင်တော့လောက်အောင် ခက်ခဲနေပြီဆိုတာပါပဲ။ စကစရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုဟာ ပြန်ပြီး ကောင်းလာနိုင်စရာ မရှိလောက်အောင် ဆိုးနေပြီမို့ အဲဒီကာလထိ သက်ဆိုးရှည်နိုင်ဖို့တောင် မလွယ်ဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း အဓိပ္ပါယ်ရှိတဲ့ ဆက်ဆံဆက်သွယ်မှုမျိုး မလုပ်နိုင်ဘူးဆိုတာ သက်သေပြပြီးရင်းပြရင်းလည်း ဖြစ်နေပါပြီပေါ့။ စကစ လုပ်နိုင်ခဲ့ရင်တောင် အဲဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက်ရော နိုင်ငံတကာအတွက်ပါ အနိမ့်ဆုံးအဆင့် ဒီမိုကရေစီနည်းလမ်းမကျဘဲ ရလဒ်ထွက်သွားတာမျိုး ဖြစ်လာနိုင်တာမို့ ခုချိန်မှာ အလှူရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့ အန်ယူဂျီကိုသာ အစိုးရအဖြစ် အသိအမှတ်ပြုပြီး ဆက်သွယ်ဆက်ဆံကြတာက ပိုပြီး အဓိပ္ပာယ်ရှိမယ်လို့ တိုက်တွန်းထားတာပါ။ အားလုံး သိဖို့က မြန်မာပြည်က အစစ်အမှန် အပြောင်းအလဲကို လူထုကသာ ဦးဆောင်ဖော်ဆောင်နေတယ်ဆိုတာပါတဲ့။ 

ဒါကြောင့် နိုင်ငံတကာက ပိုပြီး ထိရောက်တဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကူအညီတွေကိုသာ အန်ယူဂျီကို ပေးကြမယ်ဆိုရင် မြန်မာလူထုရဲ့ တော်လှန်ရေးနဲ့ ခုခံမှုဟာ အောင်မြင်ပြီး မြန်မာ့အနာဂတ်ဟာ တောက်ပလာမှာလို့ ဆိုထားပါတယ်။ ဒီအစီရင်ခံစာကတော့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီတဲ့အပြင် မြေပြင်အနေအထားအပေါ် သုံးသပ်မှုတွေကလည်း မှန်ကန်နေတာကို တွေ့ရမှာပါ။ ဒီခွဲခြမ်းစိတ်ဖြာပြထားတာတွေကို တော်လှန်ရေးအပေါ် ယုံကြည်သက်ဝင်ကြသူတွေက သေချာပြန်လေ့လာပြီး တော်လှန်ရေး အောင်မြင်ဖို့ နည်းလမ်းတွေကို ဆက်လက်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 

နိုင်ငံတကာက ဘယ်လိုတွေးတောဆုံးဖြတ်‌လေ့ရှိတယ်ဆိုတာနဲ့ ဘယ်လိုတွေးသင့် ဆုံးဖြတ်သင့်တယ်ဆိုတာကို အက်စ်အေစီအမ်က ပြောပြသွားတာကို သေချာလေ့လာပြီး တော်လှန်ရေးအတွက် နည်းဗျူဟာတွေ ထပ်ပြီး ချမှတ်နိုင်ကြဖို့ လိုပါတယ်။ ပြည်ပ-ပြည်တွင်းနဲ့ မြေပေါ်-မြေအောက်၊ ထောက်ပို့-တီထွင်နဲ့ တိုက်ခိုက်-ထောက်လှမ်း၊ ကျဉ်တုတ်မခံနဲ့ ငုတ်တုတ်ခံ၊ အဲဒီလိုတွေ ဘယ်လိုပဲ ကွဲနေနေ တော်လှန်ရေးကို သက်ဝင်ယုံကြည်နေကြသူတိုင်းအတွက် ဘယ်လိုနေထိုင်ဆောင်ရွက်ရင် တော်လှန်ရေးကို အထိရောက်ဆုံးနဲ့ ဆုပ်ဆုပ်ပိုင်ပိုင် အဖြစ်ဆုံး အထောက်အကူ ဖြစ်စေမယ်ဆိုတာ ဒီအစီရင်ခံစာကို အခြေခံပြီး ပိုမြင်သာထင်သာ ရှိလာပြီလို့ ယူဆပါတယ်။ 

လတ်တလောမှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ အပြု၊အပြော၊အကြံတွေ ပိုများလာဖို့လည်း အရေးကြီးလှပါတယ်။ ကမ္ဘာဟာ မြန်မာမှာ ကွက်ပျက်နေတယ် ထင်ရလောက်အောင် ဆိုးရွားတဲ့ အပြု၊အပြော၊အကြံတွေကို နေ့စဉ်နဲ့အမျှ ကြုံနေ၊မြင်နေ၊ကြားနေ၊ခံစားနေရသူတွေအဖို့ အကြည်ဓာတ်လေးတွေ ခဏတာလေး ရှိနေဖို့ဆိုတာတောင် အတော်မလွယ်တာ သေချာပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အနာဂါတ်မြန်မာပြည်ကို ရည်မျှော်စိတ်ကူးရင်း အကြည်ဓာတ်လေးတွေကို မူးစုပဲစု စုကာ တော်လှန်ရေးအင်အားစုတွေကြားမှာ တစ်ယောက်အပေါ် တစ်ယောက်၊ တစ်ဖွဲ့အပေါ် တစ်ဖွဲ့ ပိုပြီးပိုပြီး အသိအမှတ်ပြုနိုင် ကြည်ဖြူနားလည်နိုင်ကြပါမှ ကမ္ဘာမှာ ‘ငါတို့ကွ’လို့ မြည်ဟီးနိုင်ကြရမှာ မဟုတ်ပါလား။ ငါတို့ဟာ ငါတို့ပဲ ဖြစ်တယ်။ 

အရေးတော်ပုံ အောင်ရမည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar