Breaking News

ရန်ကုန်က ပေါက်ကွဲမှု ရွှေကူမြို့နယ်ထဲက တိုက်ပွဲကြောင့် ကျေးရွာလူထုတချို့ သေဆုံး ဒဏ်ရာရ



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၃ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၂

ရန်ကုန်က ပေါက်ကွဲမှု ရွှေကူမြို့နယ်ထဲက တိုက်ပွဲကြောင့် ကျေးရွာလူထုတချို့ သေဆုံး ဒဏ်ရာရ 

ဒီနေ့ စက်တင်ဘာ ၂၃ ရက်နေ့ သတင်းတွေထဲမှာတော့ ရန်ကုန်မြို့ သမိုင်းလမ်းဆုံ လုံခြုံရေးကင်းကို အဝေးထိန်းစနစ်နဲ့ ဗုံးခွဲရာမှာ ဖြတ်သန်းသွားလာတဲ့ သူ ၄ ဦးဒဏ်ရာရခဲ့တဲ့ သတင်း ရွှေကူမြို့နယ်ထဲက မိုးစစ်ရွာမှာ တနေ့က စစ်ကောင်စီက ပစ်ခတ်တယ်လို့ ယူဆရတဲ့ လက်နက်ကြီးကျည်ကျပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ကျေးရွာသားအချို့ သေဆုံးခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ထဲက သမိုင်းလမ်းဆုံက စစ်တပ်နဲ့ ရဲတွေစောင့်နေတဲ့ အုတ် ၂ ထပ် အဆောက်အဦကို ရန်ကုန်မြို့မှာ လှုပ်ရှားတဲ့ FLA နဲ့ EGA ဆိုတဲ့ မြို့ပြပြောက်ကျား အဖွဲ့ ၂ ဖွဲ့ပေါင်းပြီး ဗုံးခွဲခဲ့ရာမှာ လမ်းသွားလမ်းလာ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

အင်းစိန်လမ်းမနဲ့ ကျိုက်ဝိုင်းဘုရားလမ်း ဆုံတဲ့ သမိုင်းလမ်းဆုံနေရာက လူအသွားအလာစည်ကားတဲ့ နေရာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်က လူအသွားအလာရှိနေတဲ့ မွန်းလွဲပိုင်းလည်း ဖြစ်တာကြောင့် ဗုံးပေါက်ကွဲမှုမှာ လမ်းသွားလမ်းလာတွေ ထိခိုက်ဒဏ်ရာရပြီး စစ်ကောင်စီလုံခြုံရေးကင်းထဲက စစ်သားတွေ ထိခိုက်မှုရှိမရှိက မသိရပါဘူး။ 

ဒီသမိုင်းလမ်းဆုံမှာ ရှိတဲ့ စစ်ကောင်စီ ကင်းကို မကြာခဏ ဗုံးခွဲခံရလေ့ရှိပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ယခုတကြိမ်ကအနည်းဆုံး ၃ ကြိမ်ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်တာ ရဲတွေ ထိခိုက်တာလည်းရှိသလို  တကြိမ်မှာမျက်နှာချင်းဆိုင်ဘက် စီးတီးမတ် နဘေးမှာ ပေါက်ကွဲပြီး စက်ဘီးနဲ့ စားသောက်တွေလိုက်လံပို့ဆောင်တဲ့ သူတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ခုတကြိမ်မှာတော့ လမ်းသွားလမ်းလာတွေ ထိခိုက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့လိုမြို့မှာ ကိုယ်ပိုင်ကားမစီးနိုင်သူ၊ စင်းလုံးငှား တက္ကစီမစီးနိုင်သူက အများစုဖြစ်ပြီး ဘတ်စကားတွေကို အဓိကမှီခိုနေကြရပြီး အခုလို လူစည်ကားရာ လမ်းဆုံတွေ ကားမှတ်တိုင်တွေမှာ ပေါက်ကွဲမှုဖြစ်တဲ့အခါ အများအားဖြင့် ဘတ်စကားနဲ့ သွားလာသူတွေ ထိခိုက်ဒဏ်ရာရလေ့ရှိတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို မတည်ငြိမ်အောင် ၊ မြို့တွေကို စစ်ကောင်စီက ကောင်းစွာ ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ ပုံရိပ်ကို မရရှိအောင် ရည်ရွယ်ပြီး မြို့ပြပြောက်ကျားအဖွဲ့တွေ အနေနဲ့ ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ကြတာမှန်ပေမယ့် အရပ်သား ထိခိုက်မှု မကြာခဏဖြစ်ပွားလာရင် လူထုအနေနဲ့ ထောက်ခံမှုလျော့ကျနိုင်တဲ့ အန္တရာယ်လည်း သတိပြုဖို့ လိုအပ်ပါတယ်။ ခုတိုက်ခိုက်မှုကို လုပ်ဆောင်တဲ့အဖွဲ့က တောင်းပန်ကြောင်းနဲ့ တော်လှန်ရေးပြီးသွားရင် သင့်တော်တဲ့ ပြစ်ဒဏ်ကို ခံယူပါမယ်ဆိုတဲ့ အကြောင်း ဖေ့စ်ဘုတ်ပေ့ချ်ကနေ ထုတ်ပြန်ထားတယ်လို့လည်း ဆိုပါတယ်။ 

မကြာသေးတဲ့ ရက်ပိုင်းကလည်း ကမာရွတ် ဗဟိုလမ်း စည်ပင်ရဲဝင်း အနီးက ကားမှတ်တိုင် အနီးပေါက်ကွဲမှုမှာ ဘတ်စကားစီးဖို့ စောင့်ဆိုင်းနေကြတဲ့ လမ်းသွားလမ်းလာ အချို့ ထိခိုက်ဒဏ်ရရခဲ့ကြပါသေးတယ်။ 

ဒီနေ့ အခြားသတင်းတပုဒ်ကတော့ ရွှေကူမြို့နယ်ထဲက မိုးစစ်ရွာက ကျေးရွာသူ ကျေးရွာသားတချို့ စစ်ကောင်စီက ပစ်တယ်လို့ ယူဆရတဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး အသက်ဆုံးရှုံးကြရတာ ပြင်းထန်တဲ့ဒဏ်ရာရရှိကြရတဲ့ သတင်းဖြစ်ပါတယ်။ 

KIA နဲ့ ဒေသအလိုက်ဖွဲ့ထားတဲ့ PDF တွေ ပူးပေါင်းပြီး ဧရာဝတီမြစ်ကို ဖြတ်လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ကြရာမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိသလို ပြန်ပြီးပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ကျေးရွာထဲကို ကျရောက်ရာမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦး နေရာတင်သေဆုံးခဲ့ပြီး အချို့သတင်းတွေမှာတော့ နောက်ထပ် ကျေးရွာသား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ စုစုပေါင်း ၄ ဦးထက်မနည်း လက်နက်ကြီးကျည် သင့်ခဲ့ပြီး ခြေဖျားပြတ်တာ ကျော၊ ဦးခေါင်း ထိမှန်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ 

စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ် အစပ် ဒေသတွေမှာ စစ်ကောင်စီတပ်တွေကို ကေအိုင်အေ နဲ့ ပီဒီအက်ဖ် ပူးပေါင်းတိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး ကောလင်း ၊ ဝန်းသို၊ ကန့်ဘလူ၊ ကသာ ၊ အင်းတော် ၊ ရွှေကူ စတဲ့ဒေသတွေမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားတာတွေ ရှိနေပါတယ်။ 

NUG အစိုးရက ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၇ ရက်နေ့မှာ စတင်ကာ နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာတယ်ဆိုတဲ့ အရပ်သားစကားနဲ့ပြောရင် စစ်ကောင်စီကို တပြိုင်နက်ထဲ တိုက်ခိုက်မှု စတင်ကြဖို့ နှိုးဆော်ပြီးနောက်မှာ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ မြို့ပေါ် တိုက်ခိုက်မှုတွေ ပိုမိုများပြားလာသလို ကရင်နီ ဒေသ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ချင်းပြည်နယ် တို့မှာလည်း တိုက်ခိုက်မှုတွေ များပြားလာခဲ့ပါတယ်။ အဆိုပါကြေညာချက် ထုတ်ပြန်ပြီး တနှစ်ကျော်အကြာ ပြန်ကြည့်တဲ့အခါ မြို့ပေါ်မှာ ပစ်ခတ်မှုထက် ဖေါက်ခွဲမှုတွေသာပိုမို တွေ့ရပြီး နယ်တွေ ကျေးရွာတွေမှာတော့ တိုက်ပွဲတွေ အလစ်အငိုက်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး နယ်မြေအားဖြင့် ထိန်းချုပ်ကာ လွတ်မြောက်နယ်မြေအဖြစ် ချဲ့ထွင်နိုင်တာမျိုး မတွေ့ရသေးဘဲ စစ်ကောင်စီကို အထိအခိုက် အကျအဆုံးများအောင် လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးတော့ တွေ့မြင်ရပါတယ်။ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်မှာ ထပ်မံ စစ်မျက်နှာဖွင့်ခဲ့ပြီး ရခိုင်ပြည်နယ် ဒေသအများအပြား လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar