Breaking News

နေသွင်ညိဏ်း - တန်းစီခြင်း

Photo- CNN

တန်းစီခြင်း
နေသွင်ညိဏ်း
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၂

*(နတ်ရွာစံ ဘုရင်မကို နောက်ဆုံးအရိုအသေပြုဖို့ ဒေးဗစ်ဘက်ခမ်း (၁၃) နာရီလောက် တန်းစီတဲ့ သတင်းတွေဖတ်ရတော့ တခါက ရေးဖူးတဲ့ အက်ဆေး ပြန်သတိရပါတယ်။) 

တန်းစီခြင်းမှာ တိရိစ္ဆာန်တွေက လူထက်သာတယ်လို့ပြောနိုင်ပါတယ်။ ပုရွက်ဆိတ်တွေ၊ ခါချဉ်ကောင်တွေ၊ ဆိတ်တွေ၊ နွားတွေ၊ သိုးတွေ စသဖြင့် တန်းစီကြတာကို သတိထားကြည့်ရင် ဒီကိစ္စရှင်းပါတယ်။ ဓာတ်ကြိုးမှာ ငှက်တွေနားနေတဲ့အခါ တန်းစီတဲ့သဘောကို တွေ့ ရနိုင်ပါတယ်။
ဓာတ်ကြိုးမှာ တန်းမစီဘဲနဲ့ဘယ်လို နားမလဲလို့ စောဒကတက်ချင်သူများရှိပါလိမ့်မယ်။ ကျနော်ဖြေပါ့မယ်။ တကောင်ရဲ့ကျောမှာ တကောင်ရဲ့ခေါင်းမှာ တက်နားချင်ရင်  နားလို့ရပါတယ်။ ဒါပေမဲ့ ငှက်တွေ ဒီလိုမနားကြပါဘူး။
ပုရွက်ဆိတ်တွေ၊ ခါချဉ်တွေလည်း ဒီလိုပါပဲ။ တကောင်ရဲ့ကုတ်ပိုးမှာ တကောင်က ခွစီးလိုက်ပါသွားတာ မျိုး၊ ဆိတ်တွေ သိုးတွေ ဒီလိုသွားလာတာမျိုးကို မိတ်ဆွေတွေ့ဖူးတယ်ဆိုရင် ကျနော့်အဆိုမှား ယွင်းကြောင်း ဝန်ခံပါမယ်။
ကျနော်ကတော့ မီတာဖိုးဆောင်ဖို့ လျှပ်စစ်ရုံးမှာ လစဉ်တန်းစီစောင့်သူ ဖြစ်ပါတယ်။ စူပါမားကက် ငွေရှင်းကောင်တာမှာ ငြိမ်သက်စွာတန်းစီစောင့်သူဖြစ်ပါတယ်။ 
တချို့ရုံးတွေနဲ့ကောင်တာတွေမှာ ' တန်းစီပါ' ' ကျော်မတက်ပါနဲ့' စသဖြင့် အဓိပ္ပာယ်ရတဲ့စာတန်းတွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် တန်းစီတာကို ယဉ်ကျေးတဲ့ကျင့်ဝတ်မှန်း မသိတတ်သူတွေ ရှိနေတာရှင်းပါတယ်။  သိုး၊ဆိတ်တွေ အတွက် စာတန်းမလိုပါဘူး။ကျနော်ဆိုလိုတာက ဒီသဘောပါ။ 
တခါမှာ ကုန်စုံဆိုင်မှာ တန်းစီနေတုန်း လူတယောက်က နောက်ဘက်ကနေကျော်တက်ပြီး သူ့ ဘီယာ ဘူးတွေကို ကောင်တာမှာ တင်ပါတယ်။ ' ဘယ်လောက်ကျလဲ' လို့ အင်္ကျီဗလာနဲ့အနှီပုဂ္ဂိုလ်က အကျယ်ကြီးအော်လိုက်ပါသေးတယ်။ လူ့သဘာဝအရ ဒေါသ ထွက်သွားပေမယ့် သတိရှိလို့ ထိန်းလိုက် နိုင်ပါတယ်။
နိုင်ငံရပ်ခြားမှာ နှစ်အကြာကြီးနေခဲ့တဲ့အချိန်မှာ ဒီလိုတခါမှ မကြုံဖူးပါဘူး။  လုပ်တဲ့လူရှိရင်တောင် ကောင်တာကဝန်ထမ်းက တန်းမစီတဲ့လူကို ငွေရှင်းမပေးဘဲ 'သူက အရင်' လို့ပြောပြီး အစဉ်အတိုင်းငွေရှင်းပါတယ်။ ဝယ်သူအချင်းချင်းထိပ်တိုက်တွေ့ဖို့မလိုပါ။ ဒီမှာက လူတွေ စည်းကမ်းမဲ့တာကို စနစ်က ထိန်းမပေးပါဘူး။ စိတ်ဆတ်သူ နှစ် ယောက်ဆိုရင် ဘာမဟုတ်တာနဲ့ ရန်ဖြစ်ကြမယ် ကိန်းပဲ။
တကယ်တော့ တန်းစီတာဟာ လူယဉ်ကျေးတွေရဲ့အလုပ်ဖြစ်ပါတယ်။ စာအုပ်ပွဲတခုမှာ ခိုင်ခိုင်ကျော် ထမင်း ဆိုင်မှာ လူတန်းကြီးက အတော်ရှည်တတ်ပါတယ်။  ဒါပေမဲ့ လူတွေ ယဉ်ကျေးစွာတန်းစီကြတာကိုပဲ အမြဲတွေ့ရတတ်ပါတယ်။ စာအုပ်ပွဲ လာသူတွေဖြစ်လို့ ယဉ်ကျေးမှု အမူအရာကိုတန်ဖိုးထားတာ ဖြစ်နိုင်ပါတယ်။ ရပ်ကွက် စတုဒီသာတွေ၊ နိဗ္ဗာန်စျေးတွေမှာလို ဆူညံမနေပါ။
လူတိုင်းက ကိုယ့်အလုပ်ကိုယ် မြန်မြန်ပြီးစေချင်ကြတာသဘာဝပါပဲ။ တချို့လည်း အချိန်မရလို့လောနေ တာလည်းရှိပါမယ်။ ဒါကိုလည်း နားလည်ပေးနိုင်သော်လည်း ဆင်ခြေတခုလို့ပဲ သတ်မှတ်ပါတယ်။ 
ဥပမာ မီတာရုံးမှာ စောစောပြီးချင်ရင် စောစောသွားစောင့်ရပါမယ်။ ကားကျပ်တာ၊ မိသားစု အရေး စသဖြင့် နောက်ကျစရာအကြောင်းတွေ လူတိုင်းမှာ ရှိပါတယ်။ နောက်ကျမှရောက်ပြီး အမြန်ပြီးချင်လို့မရပါဘူး။ ဥပမာ လဝကရုံးမှာ ဗီဇာတိုးဖိုကိစ္စ စောစောပြီးဖို့မနက် အစောကြီးသွားတန်း စီကြရပါမယ်။
တချို့က တန်းစီတာကို သိုးတွေလုပ်တဲ့အလုပ်လို့ထင်တတ်ပါတယ်။ တနည်းနည်းနဲ့ကျော်လွားဖို့ဉာဏ်ထုတ်သုံးကြပါတယ်။ တကယ်တော့ အများနည်းတူတန်းစီတာဟာ ရှက်စရာမဟုတ်ပါဘူး ။ 
တခါကနာမည်ကြီး ပုဂ္ဂိုလ်တယောက်ကို စာအုပ်မှာလက်မှတ်ထိုးဖို့လူတွေ တန်းစီကြပါတယ်။ နေကလည်းပူ လူတန်းကရှည် အချိန်ကလည်း ကုန်ခါနီးလို့လူတွေ ပြာယာခတ်နေကြပါတယ်။ ကျနော် မိတ်ဆွေတယောက်က အခြေအနေကို ရိပ်စားမိလို့ သူနဲ့သိတဲ့လူတယောက်က တဆင့် ကျနော့် စာအုပ်ကိုဖြတ်လမ်းကနေ ပို့စေချင်ပါတယ်။ 
ကျနော်က ကိုယ့်လို တန်းစီနေသူတွေကို အားနာလို့ လက်မခံပါဘူး။  ကျနော် လက်မှတ်ထိုးစေချင်တဲ့လူဟာ လူကြီးလူကောင်းတယောက်ဖြစ်ပါတယ်။ နောက်တော့ ကံအားလျော်စွာ သူ့လက်မှတ်ကိုအများနည်းတူ ကျနော်ရခဲ့ပါတယ်။  နောက်တော့မှ ပြန်စဉ်းစားတော့ ဖြတ်လမ်းနည်းသုံးခဲ့ရင် ဘယ်လောက်ရှက်စရာကောင်းမလဲဆိုတာပါ။
တန်းမစီတဲ့ဖြတ်လမ်းနည်းဟာ လူတွေရဲ့စာရိတ္တကို ပျက်စေတယ်ဆိုတာ နားလည်ဖို့မခက်ပါဘူး။ တချို့ က ဒါဟာ သိုးတကောင်လိုနာခံခြင်းဖြစ်လို့ လူညံ့ လူအတွေရဲ့အလုပ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တန်းစီတာကို ရှက်စရာလို့ထင်တတ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်လောကမှာမရှိတဲ့ တယောက်ခေါင်းကိုတယောက်နင်း၊ တယောက် ကုတ်ကို တယောက်ခွစီး၊ စသဖြင့်လုပ်ကြပါတယ်။ အင်အား၊ ငွေ၊ အရှိန်အဝါတို့ကိုသုံးဖို့ဝန်မလေးကြပါဘူး။
ဒီလိုအပြုအမူတွေဟာ ပညာမဲ့ သီလမဲ့တွေရဲ့အလုပ်ဆိုတာတောင် မသိကြပါဘူး။ ဒီလိုမနာခံခြင်းကို စနစ်ကို တော်လှန်ခြင်း၊သူပုန်ထခြင်း လို့ထင်ကြပါတယ်။ မိမိဘာသာ ထက်မြက်တယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ မိမိစိတ်အဆင့်အတန်းလျော့ကျသွားတယ်ဆိုတာ မသိကြပါဘူး။
တန်းစီတာဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ လက္ခဏာဖြစ်ပါတယ်။ တန်းတူရည်တူ လူ့အဖွဲ့အစည်းမှာ မြို့သားဖြစ်ဖြစ်၊ တောသူ ဖြစ်ဖြစ်၊ အာဏာရှိ အာဏာမဲ့ အားလုံးတန်းစီကြပါတယ်။ ရထားလက်မှတ်ဝယ်တာကနေ ရွေးကောက်ပွဲမဲပေးတဲ့အထိ တန်းစီကြရပါတယ်။ အိုင်တီခေတ်မှာ ဒီစနစ်ထက်ကောင်းအောင် အပြည့်အဝအစားထိုးနိုင်တဲ့ တခြားစနစ် မရှိသေးပါဘူး။

(ဒီအက်ဆေးကို ၂၀၁၈ က ရေးခဲ့ပါတယ်။)
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar