Breaking News

တူမောင်ညို - လမ်းဆုံလမ်းခွကို နောက်တစ်ကြိမ် ထပ်မံရောက်ရှိနေပြန်ပြီ



တူမောင်ညို - လမ်းဆုံလမ်းခွကို နောက်တကြိမ် ထပ်မံရောက်ရှိနေပြန်ပြီ

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၂


“နွေဦးတော်လှန်ရေး” ဖြစ်လာတော့ အများဆုံး အကျိုးရှိလာတာ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေပဲ ဖြစ်ပါလိမ့်မယ်။ ပထမဆုံး ရရှိလာတဲ့ အကျိုးရလဒ်က (စကစ) စစ်အုပ်စုက အနိမ့်ဆုံးအဆင့် မျက်နှာချိုသွေးလာရတယ်။ မောက်မောက်မာမာ ရမ်းရမ်းကားကား မလုပ်ဘဲ ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့ သဘောမျိုးနဲ့ ဆက်ဆံလာရတယ်။ (စကစ) စစ်အုပ်စုဘက်က ဟန်ဆောင်ပန်ဆောင် တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆိုတာတွေ လုပ်ပြလာရတယ်။ 

(စကစ) စစ်အုပ်စုအဖို့ ၁၉၆၂ ခုနှစ်ကနေ ယနေ့အထိ စစ်အုပ်စုအဆက်ဆက် ကြုံတွေ့ခဲ့ရဖူးတဲ့ အကျပ်အတည်းတွေအနက် ဒီနေ့ကြုံတွေ့ရတဲ့ အကျပ်အတည်းဟာ အကြီးမားဆုံးနဲ့အကျယ်ပြန့်ဆုံးဖြစ်တယ်။ ဒီအကျပ်အတည်းကပဲ မင်းအောင်လှိုင် ဦးစီးတဲ့ (စကစ) စစ်အုပ်စုရဲ့ ပေါ်လစီတွေ သဘောထားတွေကို ပြဋ္ဌာန်းပေးတယ်။ အခြေခံသဘောထားကတော့ (CPPH- NUG  - PDF) တို့ကို အဓိကရန်သူအဖြစ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ယေဘုယျအားဖြင့် အချိုသပ် ထားတဲ့ပေါ်လစီဖြစ်တယ်။ ဒီအခြေခံသဘောထားအောက်မှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီရဲ့ လက်ရှိအနေအထားနဲ့ လက်တွေ့လုပ်ကိုင်မှုအပေါ် မူတည်ပြီး (စကစ)စစ်အုပ်စုက သူ့ပေါ်လစီကို ထိန်းညှိပါတယ်။ ‘ထိန်းညှိတယ်’ ဆိုတာက (CPPH- NUG  - PDF) တွေကို လက်ခံအားပေးတဲ့ လူမျိုးစုအဖွဲ့အစည်းဆိုရင် စစ်ရေးဖိအားပေးတာနဲ့ ထိုးဖောက်ဖြိုခွဲတာတွေကို အဆက်မပြတ် လုပ်တယ်။ မပတ်သက်ဖို့၊ လက်ခံအားပေး ကူညီတာမလုပ်ဖို့ ဗြောင်အတိအလင်း ပြောတယ်။

(CPPH- NUG  - PDF) အားမပေးတဲ့ လူမျိုးစုအဖွဲ့အစည်းတွေဆိုရင်  ပေးလို့ရတဲ့ အခွင့်အရေးပေးပြီး အနားဆွဲကပ် ထားတယ်။ အင်အားနည်းတဲ့ လူမျိုးစုအဖွဲ့အစည်းတွေဆိုရင် လှုပ်မရအောင် ချုပ်ကိုင်ထားနိုင်ဖို့အထိ လုပ်တယ်။ 

အင်အားအကြီးဆုံးလို့ ဆိုကြတဲ့ “ဝ” လို အဖွဲ့အစည်းမျိုးနဲ့ပတ်သက်လာရင် “မျက်စောင်းမထိုးရ”လို့ တောင်အောက်ခြေကို အမိန့်ပေး ညွှန်ကြားထားလေသလား မသိပါ။ ဗမာပြည်ကွန်မြူနစ်ပါတီအလံအောက်ကနေ ပုန်ကန်ခွဲထွက်သွားကြသူတွေရဲ့ အကျိုးကျေးဇူးက စစ်အုပ်စုအဆက်ဆက်အတွက်  အင်မတန်ကြီးမားလှပါတယ်။ အကယ်၍သာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး အားကောင်းနေတဲ့ အချိန်ကာလမှာ ဗမာပြည်ကွန်မြူနစ်ပါတီသာ အခုလို လိမ့်လိမ့်လဲလဲ ဖြစ်မသွားခဲ့ဘူးဆိုရင် စစ်အုပ်စုရဲ့ ကံကြမ္မာနဲ့ ကွန်မြူနစ်တွေရဲ့ ဇာတာစန်းဟာ တမျိုးတဖုံ ဖြစ်နေမှာပါပဲ။  “ခွဲထွက်တွေ”က ဒီနေ့အထိ စစ်အုပ်စုကို ဘာမှမလုပ်ခဲ့ကြဘူး။ စစ်အုပ်စုကတော့ “ခွဲထွက်မုန်းကိုး” က အုပ်စုတွေကို ရက်ရက်စက်စက် လက်စားချေခဲ့တယ်။ သွေးချောင်းစီး လူသတ်ပွဲကြီး လုပ်ခဲ့တယ်။ ဖုန်ကြားစင်းနဲ့ စစ်ပြန်တိုက်ကြရတယ်။ ဒီလောက်ပါပဲ။ ကျန်တဲ့သူတွေနဲ့ ဘာဆိုဘာမှ မဖြစ်ခဲ့ပါဘူး။ အဲဒီကျေးဇူးဟာ စစ်အုပ်စုအတွက် ကြီးမားတယ်။ ဒီကျေးဇူးကို တုံ့ပြန်တဲ့အနေနဲ့ (နဝတ-နအဖ) စစ်အုပ်စုကလည်း “ခွဲထွက်တွေ”ကို အခွင့်အရေးတွေပေးခဲ့တယ်။ ဒီအခြေအနေအောက်မှာ မြို့ပေါ်က ဒီမိုကရေစီ အင်အားစုတွေဟာ (နဝတ-နအဖ)စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို လိမ့်နေအောင် ခံခဲ့ကြရတယ်။ တချို့သော လူမျိုးစုအဖွဲ့တွေဆိုရင် ကွန်မြူနစ်တွေ အဲဒီလိုအဖြစ်မျိုး ကြုံသွားရတာကို လက်ခုပ်တီးပြီး ဝမ်းသာအားရဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့ အဲဒီ ဝမ်းသာအူမြူးမှုဟာ  မကြာသောလက်တွေ့ကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအတွင်း ပဋိက္ခတွေနဲ့ ထိုးစစ်ကြီးတွေကိုသာ တစ်ခုပြီးတစ်ခု ရင်ဆိုင်ကြုံတွေ့လာစေခဲ့ရတယ် မဟုတ်ပါလား။  ကွဲအက်မှု ခွဲထွက်မှုတွေ တသီတတန်းကြီး ကြုံတွေ့ခဲ့ကြရတယ်။ အဓိက ရန်သူဖြစ်တဲ့ ကွန်မြူနစ်ရန်သူကို ရင်ဆိုင်ထားခဲ့ရတဲ့ သူတို့တပ်တွေကို ဆွဲထုတ်နိုင်လိုက်ပြီး အဲဒီကအင်အားတွေနဲ့ ထိုးစစ်ကြီးတွေကို စစ်အုပ်စုက ပီပီပြင်ပြင် ဆင်နွှဲလာခဲ့တယ် မဟုတ်လား။  

“အဖွဲ့ကြီး ၁၇ ဖွဲ့” နဲ့ငြိမ်းချမ်းရေးတို့ - လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ကြတယ် ဆိုတဲ့ကိစ္စတွေဟာ CPB ခွဲထွက်တွေနဲ့ (နဝတ-နအဖ) စစ်အုပ်စု အပေးအယူလုပ်ပြီးတဲ့နောက်ပိုင်း ၁၉၈၉ ခုနှစ်ကနေစပြီး ၁၉၉၅ ခုနှစ် ကာလတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ ၁၉၈၈ အရေးတော်ပုံကြီးပြီးလို့ ၇ နှစ်မျှ သက်တမ်းအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေပါ။ နွေဦးတော်လှန်ရေးက အခုမှ ပထမနှစ်ပတ်လည်ပဲ ရှိပါသေးတယ်။ ဒီနေ့ဖြစ်ရပ်တွေနဲ့ အသေအချာနှိုင်းယှဉ်ကြည့်နိုင်ဖို့ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၉ အထိ ၁၀ တာကာလ ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေ အဲဒီကာလမှာ ဘယ်လို ရပ်တည်လှုပ်ရှားခဲ့ကြသလဲ ဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။ ဦးအေးဆောင် ရေးတဲ့ “အရှေ့တို့ရဲ့ အရှေ့” စာအုပ်ထဲမှာ အဲဒီကာလတဝိုက်မှာ သူ့ကိုယ်တွေ့ကြုံခဲ့ရတဲ့ “တပ်ပေါင်းစုဆိုင်ရာဝေဒနာတွေ” ကို သူ့ရှုထောင့်ကနေ မှတ်တမ်းတင်ထားတွေပါပဲ။ 

ဒါတွေကို ပြန်ပြောပြန်ရေးနေတာဟာ ဒီကနေ့ တော်လှန်ရေးအကျိုးစီးပွားအတွက်ပါ။  သမိုင်းတပတ် နောက်ထပ် မလည်ချင်တော့လို့ပါ။ စစ်အုပ်စုကို အကုန်အစင် ဖြုတ်ချနိုင်ဖို့အတွက်ပါ။  တော်လှန်ရေးအအတွက် ယူတတ်ကြမယ်ဆိုရင် ဘက်ပေါင်းစုံကနေ ယူစရာ သင်ခန်းစာတွေ များလှပါတယ်။  အဲဒီသဘောထားနဲ့ ဒီအချက်တွေကို ပုံပေါ်လောက်အောင်၊ ဒီနေ့ ကြုံတွေ့နေရတဲ့ လက်တွေ့အနေအထားတွေနဲ့ နှိုင်းယှဉ် စဉ်းစားနိုင်လောက်အောင် တင်ပြတာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ရန်သူကို တိုက်နေတဲ့ အင်အားတွေ လျော့ပါးသွားအောင်၊ အင်အားနည်းသွားအောင်၊ ပြိုကွဲသွားအောင်၊ ရန်သူ ချေမှုန်းနိုင်အောင် ကြံစည်လုပ်ဆောင်တာ၊ တွန်းပို့တာတွေဟာ လက်တွေ့အားဖြင့်လည်း မိမိကိုယ်ကိုယ် သွယ်ဝိုက်သောနည်းနဲ့ သေကြောင်းကြံစည်တာမျိုးပဲ ဖြစ်ပါတယ်။ 

ဒီနေ့ ပေါ်ပေါက်လာတဲ့ “နွေဦးတော်လှန်ရေး”နဲ့ပတ်သက်ပြီး လူမျိုးစု လက်နက်ကိုင်အင်အားစုတွေထဲမှာ တပြည်လုံး အကျိုးစီးပွားကို မြော်မြင်ပြီး အားတက်သရော ကူညီကြသူတွေရှိသလို - တွက်ကိန်းကိုယ်စီနဲ့ ဈေးတွက် တွက်ပြီး ကူညီနေသူတွေလည်း ရှိနေတာပါ။  ယေဘုယျအားဖြင့် ကူညီတာဟာ ကြိုဆိုရမယ့်ကိစ္စ၊ အလေးထားကြရမယ့်ကိစ္စပါ။ 

တချို့က ဒီအခြေအနေမှာ ကိုယ်နယ်/ကိုယ့်တပ် ကျယ်ပြန့်တောင့်တင်း ခိုင်မာလာရေးတွက် အခွင့်အခါကောင်းအဖြစ် အသုံးချနေကြပါတယ်။ “နွေဦးတော်လှန်ရေး” ကူညီတာဟာ ကြီးမားတဲ့ နိုင်ငံရေးအကျိုးအမြတ်လည်း ရရှိစေတယ် မဟုတ်ပါလား။ ဒီနေ့ မျိုးဆက်သစ်တော်လှန်ရေး အင်အားစုတွေဆိုတာ အခုမှ တော်လှန်ရေးသူငယ်တန်းလေးတွေ မဟုတ်ပါလား။ ဒီတော့ အစစအရာရာ ပညာပေးဖို့ တော်လှန်ရေးဝါကြီးသူတွေရဲ့ တာဝန်ပဲ မဟုတ်ပါလား။ တချို့တွေဆိုရင် အုပ်စိုးသူ အဆက်ဆက်က ဗမာလူမျိုးကြီးဝါဒနဲ့ ဖိနှိပ်ခဲ့တာတွေကို သူတို့ကိုယ်စား အားနာလှချည်ရဲ့ဆိုပြီး ဝန်ချတောင်းပန်နေတဲ့အထိ နိုင်ငံရေး အဖြစ်သည်းပြနေကြတယ်။  တကယ်တော့ အုပ်စိုးသူ လူတန်းစားအဆက်ဆက်က အကြမ်းဖက် ဖိနှိပ်ခဲ့တာတွေအတွက် အုပ်စိုးခံလူတန်းစားတွေက ကြားကနေ ဘာမှ ကိုယ်စားပြုပြီး တောင်းပန်နေစရာ မလိုအပ်ပါဘူး။ စစ်အုပ်စု အဆက်ဆက်က လုပ်ခဲ့သမျှ အကြမ်းဖက်မှုတွေကို “အဖိနှိပ်ခံ ဗမာလူမျိုးတွေအားလုံးက လုပ်ခဲ့တယ်” လို့ ကြည့်မြင်တဲ့ အမြင်နဲ့ စဉ်းစားမှုကိုယ်၌က လုံးဝ မှားယွင်းတိမ်းစောင်းနေတာပါ။ တကယ်တော့ ဒီအမြင်နဲ့ စဉ်းစားမှုဟာ  နိုင်ငံရေးအမြင် ဗလာကျမှု၊ နိုင်ငံရေး ဗဟုသုတချို့တဲ့မှု၊ နိုင်ငံရေးစတန့်ထွင်မှုတွေကို ပေါင်းစည်းဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့နယ်မှာ ခိုလှုံရမှာမို့ နိုင်ငံရေးမျက်နှာချိုသွေးတာလည်း ဖြစ်နိုင်ပါတယ်။ 

(စကစ) စစ်အုပ်စုက သူ ကြုံနေရတဲ့ ဘက်စုံအကျပ်အတည်းကနေ အသက်ရှူပေါက်ရလာတာနဲ့အမျှ သူ ခံခဲ့ရသမျှ အတိုးချပြီး တစ်လှမ်းပြီး တစ်လှမ်း ရက်ရက်စက်စက် လက်စားချေပါလိမ့်မယ်။ 

နှစ်ပေါင်း ၇၀ ကျော် (၁၉၄၈-၄၉ ခုနှစ်ကနေ ယနေ့အထိ) သမိုင်းဖြတ်သန်းမှုထဲကို  ပြန်ကြည့်လိုက်ပါ။ အုပ်စိုးသူ အဆက်ဆက်ကို တွန်းလှန်ခဲ့ကြတဲ့ ဘယ်အဖွဲ့အစည်းမှ အောင်ပွဲမရခဲ့ကြသေးပါဘူး။ တနည်းအားဖြင့် နှစ်ပေါင်း ၇၀ ကျော် သမိုင်းဖြတ်သန်းမှုဆိုတာ အောင်ပွဲမရရှိစေတဲ့ အတွေ့အကြုံနဲ့သင်ခန်းစာတွေရဲ့ နှစ်ပေါင်း ၇၀ ပဲ မဟုတ်ပါလား။ အဲဒီသင်ခန်းစာတွေကို အလေးမထား မပြုပြင်ဘဲ နဂိုအတိုင်း ဆက်သွားမလား သို့တည်းမဟုတ် (အရေးနိမ့်မှုဟာ အောင်မြင်မှုရဲ့မိခင် ဆိုတဲ့စကားလိုပေါ့) အရေးနိမ့်မှုထဲကနေ အောင်မြင်မှုရဲ့ သားသမီးရတနာကို အဖတ်တင် ရှင်သန်ကြီးထွားအောင် မွေးမြူကြမလားဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ်ကြရမယ့် လက်ဆုံလမ်းခွကို ကျနော်တို့ နောက်တကြိမ် ထပ်မံရောက်ရှိနေကြပြန်ပါပြီ။ 

အပစ်အခတ် ရပ်စဲတဲ့ နေ့ရက်တွေကို ကြည့်ပါ။ အခြေပြုရာ နယ်မြေဒေသတွေကို ကြည့်ပါ။

၁။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၁) MNDA ‌လောက်ကိုင် ၃၁ /၃/၁၉၈၉

၂။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၂) UWSP ပန်ဆန်း ၉/၅/၁၉၈၉

၃။ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) အထူး‌ဒေသ (၄) NDAA မုံးလား ၃၀/၆/၁၉၈၉

၄။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၃) SSA စိန်‌ကျော့ ၂၄/၉/၁၉၈၉

၅။ ကချင်ပြည်နယ် အထူး‌ဒေသ (၁) NDA (K) ပန်ဝါ ၁၅/၁၂/၁၉၈၉

၆။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၅) KDA ‌ကောင်ခါး ၁၁/၁/၁၉၉၁

၇။ ရှမ်းပြည်နယ်(‌တောင်ပိုင်း) အထူး‌ဒေသ (၆) PNO ‌ကျောက်တလုံး ၁၈/၂/ ၁၉၉၁

၈။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၇) PSLF နမ္မတူ ၂၁/၄/၁၉၉၁

၉။ ကယားပြည်နယ်အထူး‌ဒေသ (၁) KNG မိုးဗြဲ၊ ဖယ်ခုံ ၂၇/၂/၁၉၉၂

၁၀။ ကချင်ပြည်နယ်အထူး‌ဒေသ (၂) KIO လိုင်စင် ၂၄/၂/၁၉၉၄

၁၁။ ကယားပြည်နယ်အထူး‌ဒေသ (၂) KNPLF ဟိုယာဘီယာ ၉/၅/၁၉၉၄

၁၂။ ကယားပြည်နယ်အထူး‌ဒေသ (၃) KNLP ပြင်‌ဆောင် ၂၆/၇/၁၉၉၄

၁၃။ (ရလလဖ) SNPLO ‌နောင်‌ထော် ၉/၁၀/၁၉၉၄

၁၄။ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ KNPP ‌ဒေါတမကြီး၊ ထီးပိုးကလိုး ၂၁/၃/၁၉၉၅

၁၅။ မွန်ပြည်သစ်ပါတီ NMSP ‌ရေး‌ချောင်းဖျား ၂၉/၆/၁၉၉၅

၁၆။ ဘိန်းဘုရင်ခွန်ဆာ (MTA) ဟိုမိန်း၊ လွယ်လန်း ၅/၁/၁၉၉၆

၁၇။ ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့) ဘူးသီး‌တောင်၊ ‌မောင်‌တော ၆/၄/၁၉၉၇

(နဝတ- နအဖ) စစ်အုပ်စုက ဝါဒဖြန့်ကြွားလုံးထုတ်‌လေ့ရှိတဲ့အဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar