Breaking News

တရားဥပဒေ စိုးမိုးမှု ပိုပြီးပျက်ယွင်းလာတဲ့ မြန်မာနိုင်ငံ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၁ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၂


တရားဥပဒေ စိုးမိုးမှု ပိုပြီးပျက်ယွင်းလာတဲ့ မြန်မာနိုင်ငံ 

ဒီနေ့ သတင်းတွေထဲပါရှိတဲ့ ဖြစ်ပျက်တဲ့ လုယက်မှု အဖြစ်အပျက် ၂ ခုမှာ တခုက မုံရွာမြို့က ရွှေဆိုင်ကြီးတဆိုင်ကို လက်နက်နဲ့ ဝင်ပြီး ရွှေပိဿာနဲ့ချီ ဓားပြတိုက် ယူသွားတဲ့အဖြစ်အပျက်ဖြစ်ပြီး နောက်တခုက ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ စတိုးဆိုင်တဆိုင်ကိုဝင်ကာ  ဓားထောက်ပြီး စတိုးဆိုင်က ရောင်းချငွေတွေကို လုယက်သွားတဲ့သတင်း ဖြစ်ပါတယ်။ 

ဒီသတင်းတွေလိုပဲ မကြာခဏ ဖတ်ရှု ကြားသိနေရတဲ့ သတင်းတွေက ဘဏ်ဓားပြတိုက်တဲ့ သတင်း၊ ရွှေဆိုင် ဓားပြတိုက်တဲ့ သတင်း၊ လူနေအိမ်ကို ဝင်ပြီး ပစ္စည်းယူ လူသတ်သွားတဲ့ သတင်းတွေ ဖြစ်ပါတယ်။ သတင်းမီဒီယာတွေမှာ မဖော်ပြဖြစ်တဲ့ သတင်းတွေလည်း မြန်မာနိုင်ငံရဲ့ ဟိုမြို့သည်မြို့တွေမှာ နေ့စဥ်လိုလို ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပျဥ်းမနားမြို့ပေါ်မှာ ရွှေဆိုင်ရောင်းတဲ့ အိမ်တအိမ် ဓားပြတိုက်ခံရတဲ့ အဖြစ်အပျက်ဖြစ်ပေမယ့် သတင်းတွေထဲ မပါရှိပါဘူး။ ပျဥ်းမနားမှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်က လယ်ဝေးမုန့်လုံးကြီးကြော် လို့ ဒေသမုန့် လှည့်လည်ရောင်းတဲ့သူကို ဓားနဲ့ ထိုးသတ်ပြီး မုန့်ရောင်းချရငွေကို ယူဆောင်သွားပါတယ်။ အဆိုပါ အဖြစ်အပျက်တွေက ဒေသခံတွေအကြားမှာပဲ သိရှိကြပြီး သတင်းမီဒီယာထဲ မပါရှိပါဘူး။ 

အဲဒီအဖြစ်အပျက်တွေ မတိုင်ခင်က မြစ်ကြီးနားမှာ ချောင်ချောင်လည်လည် မရှိလှတဲ့ မိသားစုကို သူခိုးက ပစ္စည်းယူဖို့ ဝင်ရောက်ရာမှာ တွေ့မြင်သွားလို့ အဘိုးဖြစ်သူကို သတ်သွားတဲ့ အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့ပါသေးတယ်။ မြို့တွေမှာ ရွှေဆိုင်တွေလို ငွေပမာဏ များများစားစား လုယူရနိုင်တဲ့ နေရာတွေက ပစ်မှတ်ဖြစ်လာနေပြီး မကြာခဏ သေနတ် သို့မဟုတ် ဓား လက်နက်ပြပြီး လုယက်တာတွေ ဖြစ်ပွားနေသလို ရန်ကုန်မြို့ ရဲ့ ဆင်ခြေဖုံးမြို့နယ် ဖြစ်တဲ့ မြောက်ဒဂုံလိုမြို့နယ်မှာ ဆွဲကြိုးဖြတ်ပြေးတာ လုယက်တာတွေက နေ့စဥ်လိုလို ဖြစ်ပျက်နေတဲ့ သဘောဖြစ်ပါတယ်။ 

လူတွေ စီးပွားရေးကျပ်တည်းကြတဲ့အချက်က လုယက်မှု ဓားပြတိုက်မှုရဲ့ အကြောင်းရင်းလို့ ဆိုကြပေမယ့် အမှန်က တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ အချက်က အဓိက အကြောင်းရင်းဖြစ်ပြီး စီးပွားရေးကျပ်တည်းတဲ့ အချက်က ပံ့ပိုးတဲ့အချက်အလက် ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြို့၊ ကျေးရွာတွေရဲ့ အုပ်ချုပ်ရေးကို မအုပ်ချုပ်နိုင်အောင် နိုင်ငံရေးအရ တိုက်ခိုက်ချေဖျက်လာနေတဲ့ အချက်၊ တရားဥပဒေစိုးမိုးရေးမှာ အဓိကအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဟာ နိုင်ငံရေး အရ စစ်တပ်ဆန့်ကျင်သူတွေကို နှိပ်ကွပ်ရာမှာ စစ်တပ်နဲ့လက်တွဲပါဝင်နေရတာကြောင့် ရဲ နဲ့ စစ်တပ်ကို ပစ်မှတ်အဖြစ် တန်းတူထားပြီး မြို့ပြပြောက်ကျားနဲ့ နယ်က PDF တွေက ပစ်ခတ်တိုက်ခိုက်တာ ဖောက်ခွဲတိုက်ခိုက်တာ လုပ်ကြံသတ်ဖြတ်တာတွေ လုပ်နေကြတာကြောင့် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းက သူ့ရဲ့ ပင်မတာဝန်ကို မလုပ်ဆောင်နိုင်တော့ပဲ စစ်တပ်က ဖမ်းဆီးလာတဲ့သူတွေကို စစ်ဆေးမေးမြန်းရတာ တရားရုံးတင်ရတာမျိုးတွေကိုသာ ရဲတပ်ဖွဲ့ရဲ့ တာဝန်အဖြစ် လုပ်ဆောင်နေတော့တာ ဖြစ်ပါတယ်။ 

ရဲစခန်းက အညိုရောင်ဝတ် ရဲတွေတင်မကပဲ အဖြူရောင်ဝတ်တဲ့ ယာဥ်ထိန်းရဲတွေတောင် မြို့တွေမှာ ပစ်မှတ်အဖြစ် သဘောထားလာပြီး ယာဥ်ထိန်းရဲတွေကိုပါ လုပ်ကြံသတ်ဖြတ်မှုတွေ ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်း ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး စတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တာပါ။ 

ရန်ကုန်မြို့လိုမြို့ကြီးတွေမှာတောင် မီးပွိုင့်တွေမှာ လျှပ်စစ်မီးပျက်ချိန် ယာဥ်လမ်းကြောင်း ပိတ်ဆို့မှုတွေ ဖြစ်ပေမယ့်  ယာဥ်ထိန်းရဲတွေ လာရောက်ရှင်းလင်းတာမျိုး မရှိသလောက်ဖြစ်ပါတယ်။ လမ်းဆုံလမ်းမကြီးတချို့ မှာ မီးပွိုင့် မီးပျက်တဲ့အခါ ကားတစီးနဲ့ တစီးအလုအယက်ဖြတ်ကျော်ကြရာက ၁ မိနစ် ၂ မိနစ်လောက် ဖြတ်ရမယ့်လမ်းဆုံမှာ ၁၀ မိနစ်ကနေ မိနစ် ၂၀ လောက်ထိ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ ပိတ်မိတဲ့ အဖြစ်အပျက်တွေ ကြုံရလေ့ရှိပါတယ်။ 

ဘဏ်ဓားပြတိုက်မှု၊ လူသတ်မှု၊ ပစ္စည်းယူ လူသတ်မှု အနုကြမ်းစီးမှုတွေကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့အနေနဲ့ မြန်မြန်ဆန်ဆန် နဲ့ ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ရဲတပ်ဖွဲ့က မြို့ပေါ်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှု ပစ်ခတ်မှုတွေကို ဖော်ထုတ်ဖို့ ကိစ္စတွေကို ဦးစားပေး စုံစမ်းဖမ်းဆီးတဲ့ ကိစ္စတွေမှာ ကူညီပေးနေရတာဖြစ်ပါတယ်။ 

အလားတူ ပြည်သူတွေကလည်း တော်ရုံ ဖြစ်ပွားတဲ့ လုယက်မှု၊ ဓားပြတိုက်မှု ၊ ခိုးမှုတွေ ဖြစ်လာရင် ရဲစခန်းကို မတိုင်ကြားတော့ပါဘူး။ ရဲကို အယုံအကြည်မရှိတာ၊ ရဲစခန်းကလည်း ဒီအမှုတွေအတွက် လိုက်လံ ဖော်ထုတ်ဖမ်းဆီးမယ်လို့ မယုံကြည်တာကြောင့် မတိုင်ကြားတော့တာ ဖြစ်ပါတယ်။ ဒီလို မတိုင်ကြားတော့တာကြောင့် အပြစ်ပေး အရေးမယူနိုင်တော့တာက တရားဥပဒေ စိုးမိုးမှု ပျက်ပြားခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ စားဝတ်နေရေး ကျပ်တည်းတာကြောင့် ခိုးဆိုး လူသတ်တယ်ဆိုတာထက် အပြစ်ပေး အရေးယူခံရမယ့် ဘေးကနေ လွတ်ဖို့ အခွင့်အလမ်းများတာက ကျူးလွန်ဖို့ စေ့ဆော်စေတာဖြစ်ပါတယ်။ 

အခုအခြေအနေမျိုးဟာ ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံကို ကူးစက်လာတဲ့အချိန် အုပ်ချုပ်ရေး ပျက်ပြားပြီး လူဆိုးသူခိုးတွေ လက်နက်နဲ့ ငွေရှိသူတွေကို ဓားပြတိုက် လူသတ်တဲ့ကာလနဲ့တော့ နှိုင်းယှဥ်စရာ မဟုတ်ပေမယ့်လည်း အလားတူ အခြေအနေမျိုးကို ဦးတည်နေတယ်လို့ ယူဆရပါတယ်။ ခုထက် လက်နက်ကိုင် ပဋိပက္ခအရှိန်ပိုမြင့်လာတဲ့ နေရာ ဒေသတွေ မှာ အခုထက်ပိုပြီး တရားဥပဒေစိုးမိုးမှု ပျက်ပြားလာနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။

စစ်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့ပြတွေလည်း မလုံခြုံတော့သလို ဖြစ်စေတဲ့ အဖြစ်အပျက်က လက်နက်ကိုင် တော်လှန်မှုကြောင့် လူတွေရဲ့ အသက် အိုးအိမ်စည်းစိမ် အကာအကွယ်မဲ့သလိုဖြစ်လာတယ်ဆိုတဲ့ ယူဆချက်ကို ပိုမြင့်တက်လာစေနိုင်တာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာ စားဝတ်နေရေး အခက်အခဲကြုံနေရသူတွေကို အချင်းချင်း ကူညီပေးတဲ့ အစီအစဥ်တွေ၊ ပြည်သူလူထုရဲ့ လုံခြုံမှုကို အချင်းချင်းဝိုင်းဝန်း စောင့်ရှောက်ကြတဲ့ အစီအစဥ်တွေ အခုကတည်းက စတင်လုပ်ကိုင်နိုင်ကြဖို့ အရေးတကြီး လိုအပ်နေချိန် ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar