Breaking News

မ လ ရ - စစ်ဝိုင်းထဲက ထွက်ရမယ်

စစ်ဝိုင်းထဲက ထွက်ရမယ်
မ လ ရ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၂

ပြည်ထွင်းစစ်လို့ပဲဆိုလိုက်ချင်တော့
လိုအပ်ရာပုံကို ထွင်းလို့ နှစ်ခုနစ်ဆယ်နဲ့ အပြီးမသတ်နိုင်တဲ့ တိုင်းပြည်
ဒါဟာ နောက်ဆုံးတကြိမ် ထွင်းဖို့အခွင့်အလမ်း ပြည်တွင်းစစ်။
ကမ္ဘာစစ်လို့ ခေါ်လို့ရတယ်
လူထုက တကမ္ဘာ မိစ္ဆာက တကမ္ဘာ
ဖိနင်းခံကြမ်းပြင်က တကမ္ဘာ ဖိနင်းရကျိုးနပ်တဲ့ညစ်ပတ်သူ ဖိနပ်က တကမ္ဘာ
ကမ္ဘာချင်းဖြစ်တဲ့စစ်ပွဲတွေ မစဲနိုင်သေး
သမိုင်းလည်း မစဲနိုင်သေး
ငါတို့နွေဦးလည်း မစဲနိုင်သေး။
ထိုင်စောင့်ရင်းနဲ့ ရောက်လာဖို့ သေချာတာက သေခြင်းပဲ
လည်စင်းခံတဲ့နေခြင်းဟာ ဘယ်လောက် ရှည်လျား ရှည်လျား
နွေဦးရဲ့ အလှတွေရရှိလာမယ်ဆိုရင်တောင် တန်တန်ရာရာ စိတ်ဖြောင့်နိုင်မလား
သိုးများလိုပဲ လည်မဖြတ်ခင် အမွေးညှပ်ခံဖို့ ထိုင်စောင့်နေရစ်တော့။
စက်ဝိုင်းထဲက ထွက်ရမယ်
ဖိနပ်ကြိုး အကြိမ်ကြိမ်ပြန်ချည်နေရရင်း ခရီးကိုမရောက်ခဲ့တဲ့ တိုင်းပြည်
ပြန်လည်ဆန်းသစ်ရေးအိပ်မက်ကိုမက်နေတုန်း မိုးလင်းလင်းသွားခဲ့တဲ့ နိုင်ငံ
တော်လှန်ရေးအကြိမ်ကြိမ် စစ်ပွဲအကြိမ်ကြိမ်။ ဒါဟာ
စစ်ဝိုင်းထဲ နောက်ဆုံးအကြိမ် ဖြစ်ပါစေတော့။

အောက်တိုဘာ ၇၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar