Breaking News

အာဏာသိမ်းစစ်တပ်က ကမကထလုပ် ကျင်းပမယ်ဆိုတဲ့ ၂၀၂၃ ရွေးကောက်ပွဲ


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၉ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၂


အာဏာသိမ်းစစ်တပ်က ကမကထလုပ် ကျင်းပမယ်ဆိုတဲ့ ၂၀၂၃ ရွေးကောက်ပွဲ 

စစ်အာဏာသိမ်းပြီးနောက် ၂၀၀၈ အခြေခံဥပဒေ အရ ရွေးကောက်ပွဲကို ပြန်ကျင်းပမယ်လို့ စစ်အာဏာသိမ်းပြီးနောက် ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာရော စစ်ကောင်စီဥက္ကဋ္ဌဖြစ်သူက ပြောဆိုတဲ့ပြောဆိုမှုတွေမှာပါ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကို ပြန်ကျင်းပတဲ့အချက်က ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်မခံနိုင်လို့ စစ်အာဏာသိမ်းခဲ့တာ ထင်ရှားပြီး ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အခင်းအကျင်းမျိုး ဖြစ်အောင်လုပ်ဖို့ စိတ်ကူးမှန်းဆထားသလို စစ်တပ်က အသွင်ပြောင်းသွားတဲ့ ဗိုလ်ချုပ်တွေနဲ့ဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးပါတီက အာဏာရပါတီဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ သူတို့လိုချင်တဲ့ ရလဒ်မရရင် ရွေးကောက်ပွဲကို နောက်တခေါက်ပြန်လုပ်မယ်ဆိုတဲ့ သဘောဖြစ်ပြီး ၂၀၁၀ ခုနှစ်တုန်းကလို ရွေးကောက်ပွဲကို အယုံအကြည် အပြည့်အဝမရှိကြလို့ ဝင်ရောက်မယှဥ်ပြိုင်ကြတဲ့ ပါတီ၊ နိုင်ငံရေးသမားတွေ များလေလေ ကြံ့ခိုင်ရေးအတွက် အသာစီးရမယ်လို့တွက်ဆထားကြတာလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးကို စစ်တပ်က အသုံးချတာ ထင်ရှားနေသလို စစ်တပ်ရဲ့အာဏာကို ရွေးကောက်ခံ အစိုးရဆိုတဲ့ တံဆိပ်တပ်ဖို့အတွက် လာမယ့် ၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပတယ်ဆိုတာ အငြင်းပွားစရာ မရှိတဲ့ အဆိုတရပ်ဖြစ်ပါတယ်။ 

နအဖ လို့ခေါ်တဲ့ အရင် စစ်အစိုးရက စစ်အစိုးရသူ့ရဲ့ အုပ်ချုပ်မှုကို အခြေခံဥပဒေ တခုရေးဆွဲပြီး အသွင်ပြောင်းရေးကို ၂၀၀၇ က နေစတင်ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ မှာ အခြေခံဥပဒေကို လွတ်လပ်မှုမရှိတဲ့အခြေအနေအောက်မှာ လူထုဆန္ဒခံယူပွဲ လုပ်ပြီး ၉၀ ရာနှုန်းကျော် ထောက်ခံတယ်ဆိုကာ အတည်ပြုခဲ့ပြီး ၂၀၁၀မှာ ရွေးကောက်ပွဲကျင်းပပြီး အနောက်မီဒီယာတွေက အရပ်သား တပိုင်းအစိုးရလို့ ခေါ်ဆိုကြတဲ့ ၂၀၁၁ ဦးသိန်းစိန် အစိုးရ ရွေးကောက်ပွဲနဲ့ အာဏာရလာတာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို အန်အယ်လ်ဒီ ဝင်ရောက်ယှဥ်ပြိုင်တာမရှိပေမယ့်လည်း တိုင်းရင်းသား ပါတီတွေ ၊ ၂၀၁၀ မှာ တည်ထောင်ကြတဲ့ ပါတီအချို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာမှာ ကြံ့ခိုင်ရေးက သူ့တပါတီထဲ အပြတ်အသတ်နိုင်အောင် မဲမသမာမှုတွေ ရှိခဲ့တာ အားကောင်းစပြုနေပြီဖြစ်တဲ့ သတင်းမီဒီယာတွေက မှတ်တမ်းတင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို မဲမသမာမှုတွေ ရှိခဲ့ပေမယ့်လည်း အဲဒီအချိန်က လူထုလှုပ်ရှားမှုအားမကောင်းသေးချိန် မို့လို့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နိုင်ငံရေးပြဿနာ ပဋိပက္ခတွေ မဖြစ်ပွားခဲ့ပါဘူး။ 

အခု ၂၀၂၃ ခုနှစ်ကတော့ လူထုရဲ့ နိုင်ငံရေး တက်ကြွမှု ရေချိန်၊ လက်နက်ကိုင်အဖွဲ့အစည်းအများအပြား ပေါ်ထွက်လာပြီး စစ်တပ်ရဲ့ နိုင်ငံရေးအာဏာရော လွတ်လပ်ရေးရပြီးကာလကတည်းက သန္ဓေတည်ခဲ့တဲ့ စစ်တပ်ကို အောက်ခြေက စပြီးအပေါ်ဆုံးထိတိုင် အသစ်က ပြန်စဖို့ လက်နက်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်နေတဲ့ အခြေအနေနောက်ခံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ 

ကြံ့ခိုင်ရေးပါတီနဲ့ စစ်ကောင်စီက နောင်နှစ်မှာ ကျင်းပမယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲဟာ ၄င်းတို့ စိတ်ကူးထဲမှာ  ၂၀၁၀ အခြေအနေနဲ့ နှိုင်းယှဥ်ပြီး မျှော်မှန်းထားမှာ အသေအချာဖြစ်ပါတယ်။ သို့ပေမယ့် လက်တွေ့ပြင်ပအခြေအနေက ၂၀၁၀ လိုမဟုတ်ပဲ ၁၉၄၉-၅၀ ခုနှစ်တွေတုန်းက တိုင်းပြည် ပြည်တွင်းစစ်မီးတောက်မီးလျှံကြားထဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့သာ နှိုင်းမယ်ဆို နှိုင်းလို့ရနိုင်ပါတယ်။ နိုင်ငံရဲ့နယ်မြေတွေကို ကောင်းစွာမထိန်းချုပ်နိုင်တဲ့အခြေအနေ အောက်မှာ လက်နက်ကိုင် အဖွဲ့အစည်းပေါင်းများစွာ ကျေးလက်ရော မြို့ပေါ်မှာပါ ပြောက်ကျားစစ်လို ဆင်နွှဲနေကြချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသမိုင်းမှာ သွေးထွက်သံယို အများဆုံး ရွေးကောက်ပွဲတခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ 

နောက်နှစ်မှာ အမှန်တကယ် ကျင်းပနိုင်ခဲ့ရင် အဆိုပါ ရွေးကောက်ပွဲကို NLD ပါတီမဟုတ်တဲ့ အခြားသော နိုင်ငံရေးပါတီအချို့ နဲ့ တိုင်းရင်းသားပါတီအချို့ ဝင်ရောက်ယှဥ်ပြိုင်ကောင်း ယှဥ်ပြိုင်ကြပါလိမ့်မယ်။

ဝင်ရောက်ယှဥ်ပြိုင်တဲ့ အခြားရှိတဲ့ ပါတီတွေ ဒေသတခုမှာဖြစ်စေ၊ တနိုင်ငံလုံးမှာဖြစ်စေ အနိုင်မရအောင်၊  အများစုအဖြစ်မဆိုထားနဲ့ အချိုးအစားတခုထိမရအောင် ကြံ့ခိုင်ရေး ပါတီက စစ်တပ်ရဲ့ထောက်ခံမှုနဲ့ ထိန်းချုပ်ကာ နည်းလမ်းအမျိုးမျိုးနဲ့ အနိုင်ယူမှာ သေချာပါတယ်။ 

ဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ နိုင်ငံရေး အပေါ်ယံအသွင်ပြောင်းမှု တခုထက်မပိုပဲ အာဏာချုပ်ကိုင်မှု၊ စီးပွားရေး အခွင့်အလမ်းတွေ ချုပ်ကိုင်ထားမှုတွေမှာ စစ်တပ်ရဲ့ အကျိုးစီးပွား စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ ဖြစ်စဥ်တခုသာ ဖြစ်ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar