Breaking News

စာအုပ်အညွှန်း- စုန်းမများအလိုရှိသည် (ဘာသာပြန်သူ - နေသွင်ညိဏ်း)

စုန်းမများအလိုရှိသည်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၂
-

စုန်းမများအလိုရှိသည်
မူရင်း - Why the world needs more wicked women by Angelina Jolie
ဘာသာပြန်သူ - နေသွင်ညိဏ်း
တန်ဖိုး - ၃၀၀၀ ကျပ်

အခုစာအုပ်ဟာ ခေတ်တခေတ်ကို ညှို့ငင်အားပြင်းပြင်းနဲ့ ပြုစားလွှမ်းမိုးနိုင်ခဲ့တဲ့ အလှဘုရင်မတယောက်ရဲ့ အက်ဆေးတွေပါပဲ။ အက်ဆေးတွေဆိုတာထက် အတွေးအခေါ်တွေ ပိုမှန်ပါလိမ့်မယ်။ အဲဒီအလှဘုရင်မကတော့ "ဂျိုလီ" လို့ လူတွေ အလွယ်ခေါ်လေ့ရှိတဲ့ "အင်ဂျလီနာဂျိုလီ" ပဲဖြစ်ပါတယ်။

သူမဟာ ဟောလိဝုဒ်မှာအောင်မြင်တဲ့သရုပ်ဆောင်တယောက်ဖြစ်သလို၊ ရုပ်ရှင်ဒါရိုက်တာ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။ လူသိနည်းလှတဲ့ ထူးခြားချက်တခုက ဂျိုလီဟာ တိုင်းမ်မဂ္ဂဇင်းရဲ့ ဧည့်အယ်ဒီတာတဦး ဖြစ်နေတာပါပဲ။ အခုစာအုပ်မှာ The New York Times, Elle နဲ့ Time မဂ္ဂဇင်းတွေမှာ ဂျိုလီရေးသားခဲ့တဲ့ အက်ဆေးများနဲ့ အင်တာဗျူးတွေကို ဆရာနေသွင်ညိဏ်းက စုစည်း မြန်မာပြန်ဆိုထားပါတယ်။ 

အင်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှာ အလုပ်လုပ်ရင်း စစ်ဖြစ်တဲ့ဒေသတွေ သွားရောက်၊ ဒုက္ခသည်ကလေးတွေ၊ သွေးမတော် သားမစပ်၊ အသားရောင်မတူ၊ ယဉ်ကျေးမှုမတူ၊ ဘာဆို ဘာမှမတူတဲ့ကလေးတွေကို ဟောတယောက်၊ ဟောတ ယောက် မွေးစားတယ်။ သူမရဲ့ချစ်စိတ်၊ လူသားဆန်မှု၊ ကိုယ်ချင်းစာတရားနဲ့ယှဉ်ပြီး ချဉ်းကပ်ရေ းသားထားတဲ့စာတွေဟာ အလွန့်အလွန် လှပနေတာတွေ့ရပါမယ်။ ယခုစာအုပ်က ရည်ညွှန်းလိုသော စုန်းမများဆိုတာ လူ့အဖွဲ့အစည်းထဲ အဆုံးမရှိတဲ့ မတရားမှုနဲ့ အနိုင်ကျင့်မှုများအပေါ် စိတ်ကုန် ငြီးငွေ့နေကြသူတွေပါပဲ။

အမျိုးသမီးတယောက်ရဲ့ဆွဲဆောင်နိုင်မှုဆိုတာ ခန္ဓာကိုယ်အလှအပနဲ့ အဝတ်အစားများမဟုတ်ပါဘူး။ သူမတို့မှာလွတ်လပ်တဲ့စိတ် ရှိခြင်း၊ ကိုယ်ပိုင်အယူအဆရှိခြင်းတို့ကသာ တခြားသော အရာတွေထက် ပိုမို ဆွဲဆောင် ညှို့ငင်နိုင်စွမ်းရှိတာပါ လို့ ဂျိုလီကဆိုပါတယ်။ 
နောက်ပြီး... ကမ္ဘာ့ အမျိုးသမီးထုကြီးရဲ့ စိတ်ဒဏ်ရာတွေနဲ့ ပတ်သက်လို့ သူမအမြင်က ထူးခြားလှပါတယ်။ ဒဏ်ရာများကြောင့် ကျမတို့ဟာ ထူးခြားလာရတယ်။ ဒါဟာ တခြားသော ကွဲပြားခြားနားတဲ့အလှတရားများစွာထဲက တခုပါပဲ လို့ ဒဏ်ရာတွေကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

ကလေးငယ်တွေနဲ့ပတ်သက်ပြီး သူမက အခုလိုပြောပြန်ပါတယ်။ ကလေးတွေလိုချင်တာက သူတို့မိဘတွေဆီက ရိုးသားဖြောင့်မတ်မှု ဖြစ်ပါတယ်။ မိဘတွေမဖြည့်ပေးနိုင်တဲ့ ကွက်လပ်ဟာ ကလေးတွေသင်ကြားရမယ့် သိတတ်နားလည်မှု ဖြစ်လာပါတယ် တဲ့။

ယခုစာအုပ်မှာ ဂျိုလီရေးသားထားတဲ့ အက်ဆေးကိုးပုဒ်နဲ့ Timeမဂ္ဂဇင်း အတွက် သူမကိုယ်တိုင် မေးမြန်းပေးထားတဲ့ အင်တာဗျူးသုံးပုဒ်ပါဝင်ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ရှုထောင့်များကနေ ချဉ်းကပ် မေးခွန်းထုတ်ထားတဲ့အင်တာဗျူးတွေဟာ လူသားဆန်စွာ ဆွဲဆောင်မှု ရှိလှပါတယ်။ ဒါအပြင် စာအုပ်ထဲမှာ ကမ္ဘာအနှံ့သူမရဲ့ ပရဟိတခရီးစဥ်များနဲ့ မြန်မာပြည်သို့လာရောက်ခဲ့စဉ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အမှတ်တရ ဓာတ်ပုံတွေကိုလည်း မှတ်တမ်းအဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။

https://m.facebook.com/story.php?story_fbid=1591768871014739&id=792063761477128

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar