Breaking News

နွေဦး - တံခါးမရှိ ဓားမရှိ

တံခါးမရှိ ဓားမရှိ 
နွေဦး
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၂

      (၁)

ဘာသာရေးခေါင်းဆောင်တွေ
ထွက်သွား...ထွက်သွား
အမျိုးသမီး
လူအသက်
လွတ်လပ်ခွင့်လို့
အီရန်တလွှား
စာသင်ခန်းထဲက
ကြွေးကြော်သံ ကမ္ဘာ့လေထုထဲ
ရွက်လွှင့်သွားတော့
အာရပ်ကမ္ဘာက
ငိုက်မြည်းနေတဲ့ နီစွေးနှင်းဆီတွေ
လန့်နိုးသွားတယ်
ငါ့နှလုံးသားထဲလည်း
စံပယ်ဖြူတွေ ပွင့်လို့

    (၂)

ခေါင်းမြီးမခြုံ (ဟီဂျပ်ခေါင်းဆောင်း)ခြင်းဟာ 
နံရံလေးဘက်ကြား
ထောင် သုံးနှစ်သုံးမိုး တဲ့လား
အာဇမ်ဂျန်ဂရာဗီရေ
၁၉၇၉ ဆိုတာ 
ကမ္ဘာကြီးကလုံးနေတုန်းဆိုတော့
မင်းအဖြစ်ဆိုးကို
ကမ္ဘာလူသားတယောက်ဖြစ်တဲ့
ငါမသိလိုက်ဘူး
အဲဒီအတွက် ..
အားနာတယ် အာဇမ်ရေ
ဟုတ်တယ်..
အမျိုးသမီးတယောက်က 
သူအခွင့်အရေးကို တောင်းဆိုရဲတဲ့
အချိန်ဟာ အလှအပဆုံးပဲဆိုတဲ့
မင်းရဲ့စကား 
ကမ္ဘာတည်သရွေ့မှန်နေမှာပါကွာ။

     (၃)

အသက် ၂၂ နှစ်ဆိုတဲ့အရွယ်က
ငယ်လွန်းတယ် မာရှာအာမီနီရေ
မင်းဆံနွယ်တွေဖြန့်
နေရောင်အောက်သွားချင်တာ 
ဘုရားရှင်အလိုကိုဆန့်ကျင်တာလားကွာ
ဓနနဲ့ အာဏာအတွက်
ဘုရားသခင်ကို အသုံးချတဲ့သူတို့စကား
ငါတော့..
မယုံရေးချ ..မယုံဘူး မာရှာအာမီနီရေ
မင်း အသက်ဝိညာဉ်ကို
နှုတ်ယူရဲ တဲ့ 
ခါမေနီရဲ့ မဟာပုရိသတအုပ်ကိုတော့
ငါဖြင့် ရွံလိုက်တာ။

     (၄)

ဆရီနာအက်စ်မေးဇဒါက ရေ
၁၆ နှစ်ဆိုတဲ့အရွယ်ဟာ 
အို..ငယ်လွန်းလှတယ်
မင်းနှလုံးသားနဲ့ မင်းခေါင်းခွံကို
ဖောက်ထွက်သွားတဲ့ 
ကျည်းတတောင့်ဟာ 
အမျိုးသမီးအခွင့်အရေးဆိုတဲ့ 
အရှိတရားကိုမဖောက်နိုင်ပါဘူးကွာ။
မင်းတို့မျိုးဆက်ဟာ
နယူးယောက်ကလူငယ်တွေလို
ဂီတနဲ့ ကခုန်ပိုင်ခွင့်ရှိသလို
လူငယ်ပီသစွာ လူပီသစွာ 
ဘဝကိုဖြတ်သန်းချင်တယ်ဆိုတဲ့
မင်းဆန္ဒကို
ငါတို့ထမင်းစားတဲ့လူသားတွေ 
ဟော့ဒီ..ရင်ဘတ်ကြီးကိုထု
မျက်ရည်တွေနဲ့ ထောက်ခံတယ်ကွ

   (၅)

ခါမေနီကို အန်တုတဲ့သူတွေကြား
ပိုကောင်းတဲ့အနာဂတ်ဆီကိုမျှော်ကိုးလို
ဟာဒစ်နဂျာဖီ ဆိုတဲ့သူမငယ်က
တစ်ပ်တော့ က ပြလိုက်တော့
ယူကျူ့ထဲက လွတ်လပ်ပန်းတွေ
ကမ္ဘာမြေပေါ် ဆင်းသက်လိုက်ကြတာ
တံခါးမရှိ ဓားမရှိပါတကား ။ ။

နွေဦး
၁၅.၁၀.၂၂
* ကြယ်စင်လင်းအပါအဝင် အီရန်က အမျိုးသမီးများအား ဦးညွှတ်လျက်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar