စစ်ကိုင်းတိုင်းက မြို့နယ်အချို့ ဒေသခံတွေ ရွာတွေက တိမ်းရှောင်နေရ၊ ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှု စီစီတီဗီ ထွက်ပေါ်လာ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၄ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၂
စစ်ကိုင်းတိုင်းက မြို့နယ်အချို့ ဒေသခံတွေ ရွာတွေကတိမ်းရှောင်နေရ၊ ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှု စီစီတီဗီ ထွက်ပေါ်လာ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာက လူ ၅ ထောင်နီးပါး နေအိမ်တွေ စွန့်ခွာပြီးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ အခုလိုအဖြစ်အပျက်မျိုးက ဖြစ်နေကျ အဖြစ်အပျက်တွေလို့ ဆိုရမှာဖြစ်ပေမယ့်လည်း လူထောင်နဲ့ချီတဲ့ ထွက်ပြေးတိမ်းရှောင်ရတာ၊ ရိက္ခာတွေ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာ၊ နေအိမ်တွေ မီးရှို့ခံရတာ နဲ့ ကလေးသူငယ်အရွယ်တွေပါ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေကို တွေးကြည့်ရင် အဖြစ်အပျက်တိုင်းကို သတင်းအဖြစ်နဲ့ ဖော်ပြဖို့ အကြောင်းလုံလောက်သလို အနှေးနဲ့အမြန် ဖြစ်စေ တာဝန်ခံမှုအတွက် မှတ်တမ်းတင်ထားဖို့တွေ သတင်းမီဒီယာတွေကလည်း ဖော်ပြနေဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ မတရားမှုတွေ နိုင့်ထက်စီးနင်း လုပ်ဆောင်မှု၊ လူ့အခွင့်အရေး ဆိုးရွားစွာ ကျူးလွန်ဖောက်ဖျက်မှု၊ စစ်ရာဇဝတ်မှု စတာတွေကို သူ့အဆင့်အလိုက် မှတ်တမ်းတင်ထားဖို့ လိုအပ်ပါတယ်။ တရားမျှတမှုကို ဘယ်အချိန်မှာ စီရင်နိုင်မလဲဆိုတာ တထစ်ချ ဘယ်သူမှ မပြောနိုင်ပေမယ့် မတရားမှုတွေ ဖြစ်ပွားနေချိန်မှာ ဖြစ်နေကျမို့လို့ လျစ်လျူမရှုသင့်သလို စာနာမှု အားပေးမှု ရုပ်ဝတ္တုအားဖြင့်၊ စိတ်ဓါတ်ခွန်အား အားဖြင့် ကူညီမှုပေးကြဖို့လည်း ဝတ္တရားရှိကြတာ ဖြစ်ပါတယ်။
အခုလိုအခြေအနေတွေ တနှစ်ကျော်ကြာလာတဲ့အခါမှာ ဒေသခံတွေရဲ့ အသက်၊ ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း ဆုံးရှုံးရမှုတွေက အသက်ဝင်တဲ့ ခံစားမှုတွေထက် ကိန်းဂဏန်းတွေ အဖြစ်ပိုမို ဖေါ်ပြလာကြပြီး ဖြစ်ရိုးဖြစ်စဥ်တရပ်လို ထင်မှတ်လာကြတာလည်း တွေ့မြင်နေရပါတယ်။ သတင်းအများစု ဖြစ်ရပ်အများစုက အသက်ဆုံးရှုံးမှု၊ သတ်ဖြတ်ခံရမှု၊ ပိုင်ဆိုင်မှု ဖျက်ဆီးခံရတာ လုယူခံရတာနဲ့ အိုးအိမ် ကျေးရွာကို စွန့်ခွာတိမ်းရှောင်ကြရတဲ့ သတင်းတွေ အများစုဖြစ်လာနေတာက လူတွေရဲ့ ခံစားချက်တွေလည်း အရေထူလာကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အနက် စစ်ကိုင်းတိုင်းဟာ စစ်ဒဏ်ခံစားရမှု အများဆုံးဒေသလို့ ဆိုရမှာပါ။ နယ်မြေအနေအထားအရ တောတောင်ကြီးကြီးမားမားမရှိ စိုက်ပျိုးမြေတွေ မြစ်တွေ၊ ချောင်းတွေနံဘေးက စိုက်ပျိုးရေးအတွက် ကောင်းမွန်တဲ့ မြစ်ဝှမ်းလွင်ပြင်တွေ စိုက်ခင်း ယာခင်းတွေက လက်နက်သံ လေယာဥ်၊ ရဟတ်ယာဥ်နဲ့တိုက်ခိုက်သံ အသက်ဆုံးရှုံးမှုတွေ အများဆုံး နဲ့ စစ်ကောင်စီတပ်ရဲ့ ဒုက္ခပေးမှုကို အခံရဆုံးဒေသဖြစ်နေပါတယ်။
သီတင်းပတ်အလိုက် လအလိုက် မြို့နယ်တခုပြီးတခု သတင်းထဲ အလှည့်ကျ ပါရှိနေသလို ခံစားရပါတယ်။ ဒီပဲယင်း၊ ချောင်းဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဝက်လက်၊ ရေဦး ဆားလင်းကြီး၊ ကနီ၊ ယင်းမာပင် စသဖြင့် တမြို့နယ်ပြီးတမြို့နယ် အလှည့်ကျ တိုက်ခိုက် မီးရှို့ဖျက်ဆီး ခံနေကြရတာ ဖြစ်ပါတယ်။ အရုဏ်မတက်မီ မှောင်မိုက်တာလို့ ဆိုကောင်းဆိုကြပေမယ့် မှောင်မိုက်တဲ့ ကာလမရှည်ကြာအောင်လည်း ကြိုးစားဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်မှာတော့ အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားတဲ့ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်း ကားဂိတ်မှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုရဲ့ အချို့သော အပိုင်းတွေပါရှိတဲ့ လုံခြုံရေးကင်မရာမှတ်တမ်းတွေကို စစ်ကောင်စီ ဘက်က ထုတ်ပြန်လိုက်ပြီး အဲဒီနေ့က သတင်းဖော်ပြခဲ့တဲ့ သတင်းဌာနတွေ အနက်က ဘီဘီစီ သတင်းဌာနနဲ့ ဧရာဝတီသတင်းဌာနကို အမှုဖွင့် တရားစွဲမယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။
ကျိုက်ထီးရိုးတောင်ကို တက်ရောက်တဲ့ ကားဂိတ်ဖြစ်တဲ့ ကင်မွန်းစခန်းက ရဲနဲ့ စစ်သားတွေရဲ့ လုံခြုံရေးကင်းကို သထုံခရိုင် PDF လို့ ဆိုထားတဲ့ အဖွဲ့တဖွဲ့က အဲဒီနေ့ နံနက် ၁၁ နာရီလောက်မှာ လာရောက်ပစ်ခတ်ရာက ဘုရားဖူးလာသူတွေထဲက အမျိုးသမီး ၃ ဦး သေဆုံးပြီး ၁၃ ဦးလောက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ စစ်ကောင်စီက ကေအန်ယူရဲ့ သထုံခရိုင် တပ်မဟာ ၁ နဲ့ PDF ကိုစွပ်စွဲပြီး ကေအန်ယူဘက်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သထုံခရိုင် ကေအန်ယူ မိတ်ဖက်ကြီးကြပ်ရေးကော်မတီက စုံစမ်းစစ်ဆေးသွားမယ်လို့ ဧရာဝတီသတင်းဌာနကို ထုတ်ဖော်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ကေအန်ယူရဲ့ နယ်မြေသတ်မှတ်မှုအရ တပ်မဟာ ၁ လို့သတ်မှတ်ပြီး ဒေသအားဖြင့် သထုံခရိုင်လို့ခေါ်ဆိုတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေထဲမှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ကေအန်ယူက မိတ်ဖက်ကြီးကြပ်ရေး ကော်မတီဖွဲ့ထားပြီး စစ်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင် တာဝန်ခံမှုရှိဖို့ စစ်ရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ လိုက်နာဖို့ ကြီးကြပ်တဲ့ အဖွဲ့လို့ နားလည်ရတဲ့ အဖွဲ့က အခု ဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး လူထုကို အသိပေးမယ်လို့ လည်းဆိုပါတယ်။
အရပ်သားတွေ ဘုရားဖူးတွေ သွားလာနေတဲ့ နေရာက လုံခြုံရေးကင်းကို တိုက်ခိုက်ရာမှာ အရပ်သားတွေ ထိခိုက်နိုင်ခြေရှိတာကြောင့် ကေအန်ယူအနေနဲ့တော့ ဒီလိုတိုက်ခိုက်မှုမျိုးကို ဘယ်တော့မှ မလုပ်ဖူးလို့လည်း မီဒီယာကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar