ကိုလှိုင်းသစ် - ဗြနရာဇ် (နရစွမ် - King Naresuan)၊ ဆရာတင်သန်းဦးနှင့် အယုဒ္ဓယသစ္စာ
ဗြနရာဇ် (နရစွမ် - King Naresuan)၊
ဆရာတင်သန်းဦးနှင့် အယုဒ္ဓယသစ္စာ
ကိုလှိုင်းသစ်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၂
ဆရာတင်သန်းဦးဆိုတာနဲ့ စာဖတ်သူတွေအနေနဲ့ “တူယှဉ်ကာလေ” ၊ “မခင်တွယ်၊ မကြင်တယ်၊ ချစ်သူစွန့်လို့ရယ်” အစရှိတဲ့စစ်ဝတ္ထုတွေ၊ တိုက်ပွဲအတွေ့အကြုံဝတ္ထုတွေ၊ နေဇော်ဦးရဲ့ စုံထောက် ဆန်ဆန်ဝတ္ထုတွေ အစရှိတာတွေ ကြားဖူးဖတ်ဖူးကြမှာပါ။ ဒါပေမယ့် ဆရာတင်သန်းဦးက သမိုင်းနောက်ခံ ရာဇဝင်ဝတ္ထုသုံးအုပ်လောက် ရေးခဲ့ဖူးပါတယ်။ အမောင်စစ်သူရဲကိုမချစ်ရဲပြီရှင် (အင်းဝဟံသာဝတီ နှစ် ၄၀ စစ်ပွဲအခြေခံ) ၊ နီသောသစ္စာပြာသောအချစ် (လူမျိုးစုနောက်ခံအခြေခံ)နဲ့ အယုဒ္ဓယသစ္စာ (တောင်ငူခေတ်၊ ဘုရင့်နောင်၊ ဗြနရာဇ်သမိုင်းကြောင်းအခြေခံ)ဆိုပြီး သမိုင်းနောက်ခံဝတ္ထု ၃ ပုဒ်ရေးခဲ့ပါတယ်။
သမိုင်းနောက်ခံဝတ္ထုနဲ့ပတ်သက်လို့ ဆရာပါရဂူကတော့ “သမိုင်း၌ဖြစ်ပျက်ခဲ့သည့် မည်သည့်အ ဖြစ်အပျက်ကိုမဆိုနောက်ခံကျောရိုးထားပြီးရေးသားထားသည့်ဝတ္ထုမှန်သမျှသည် သမိုင်းနောက်ခံဝတ္ထု သို့မဟုတ် ရာဇဝင်ဝတ္ထုမည်လေသည်” လို့ ရေးဖူးပါတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ ရာဇဝင်ဝတ္ထုနဲ့ သမိုင်းနောက်ခံဝတ္ထုမတူပါဘူး။ ကွဲပြားမှုတွေရှိပါတယ်။ဆရာချစ်ဦးညိုကတော့ ရာဇဝင်ဝတ္ထုဆိုတာ ပဒေသရာဇ်ခေတ်နောက်ခံထားတဲ့ စိတ် ကူးယဉ်ဇာတ် လမ်းမျိုး (ဖြစ်ရပ်တွေမှန်ချင်မှမှန်မယ်) ကိုဆိုလိုပြီး သမိုင်းနောက်ခံဝတ္ထုဆိုသည်မှာ ပဒေ သရာဇ်ခေတ်ကိုနောက်ခံထားသော်လည်း သမိုင်းအချက်အလက် မှန်ရမယ်၊ အချိန်ကာလတိကျရမယ်ဆိုတာလေးပြောဖူးပါတယ်။ ဓူဝံရဲ့မာလာ၊ နိုင်ဝင်းဆွေရဲ့ မဟူရာမေတ္တာကိုရာဇဝင်ဝတ္ထုလို့ ပြောလို့ရနိုင်ပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူ့ကျွန်မခံပြီ၊ ရန်ကုန်ဘဆွေရဲ့ သေသော်မှတည့် ဪကောင်း၏တို့က သမိုင်းနောက်ခံဝတ္ထုလို့ ပြောနိုင်ပါတယ်။ လေ့လာမိသလောက်တော့ သမိုင်းနောက်ခံ ဝတ္ထု (Historical Novel) ကိုနိုင်ငံတကာမှာအတိုဆုံးအဓိပ္ပာယ်ဖွင့်ထားတာက“Historical fiction is a literary genre in which the plot takes place in a setting located in the past.”ဆိုပြီးအဓိပ္ပာယ်ဖွင့်ထားပါတယ်။
ဆရာတင်သန်းဦးဟာ တောင်ငူခေတ် ဘုရင့်နောင်မင်းတရားကြီးလက်ထက်၊ ဘုရင့်နောင်မင်း တရားကြီးရဲ့မွေးစားသားလိုနေခဲ့တဲ့ ဗြနရာဇ်(နရစွမ်)အကြောင်းကိုအခြေခံပြီး အယုဒ္ဓယသစ္စာ ဆိုပြီး ဝတ္တုရှည်တပုဒ်ရေးခဲ့ပါတယ်။ သမိုင်းနောက်ခံဝတ္ထုလို့ပဲပြောရမှာပါ။ ဘုရင့်နောင်အကြောင်း၊ တပင်ရွှေထီးအကြောင်းနဲ့ တောင်ငူ Dynasty အကြောင်းစာရေးဆရာတွေရေးကြတဲ့ဝတ္ထုတွေအများကြီးပါ။ ဒါပေမယ့် ဆရာတင်သန်းဦးက ဘုရင့်နောင်မင်းတရားကြီးရဲ့ မွေ းစားသားအနေနဲ့ ဘုရင့်နောင်ရဲ့နန်းတော်ထဲမှာအချိန်ကာလတခုအထိနေထိုင်ကျင်လည်ခဲ့ဖူးပြီးယိုးဒယားနိုင်ငံရဲ့သူရဲကောင်းစစ်ဘုရင်အဖြစ် နာမည်ကြီးခဲ့တဲ့၊ ဒီနေ့အချိန်အထိနာမည်ကြီးနေဆဲ၊ ယိုးဒယားမှာသူ့အကြောင်းရုပ်ရှင်ဇာတ်လမ်းတွေရိုက်ကူးနေဆဲဖြစ်တဲ့ ယိုးဒယားမင်းသားမြန်မာအခေါ်ဗြနရာဇ် (ယိုးဒယားအခေါ် နရစွမ် - King Naresuan)အကြောင်းကိုအဓိကအခြေ ခံပြီးရေးခဲ့တဲ့အတွက် ဇာတ်လမ်းအရ ထူးခြားတယ်လို့ပဲ ပြောရမယ်။ ဘုရင့်နောင်၊ နတ်သျှင်နောင်၊ ဓာတုကလျာ၊ နန္ဒဘုရင် (ငါးဆူဒါယိကာ)၊ ဩရာပိသလောက်၊ မင်းကြီးစွာတို့နဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတယ်။ ထူးခြားတာက ဗြနရာဇ်နဲ့ ရာဇဓာတုကလျာကို ချစ်သူတွေအဖြစ် ရေးဖွဲ့ခဲ့တယ်။
ဇာတ်လမ်းက တပင်ရွှေထီးလုပ်ကြံခံရပြီး ဘုရင့်နောင်နန်းတက်ချိန် ဘုရင့်နောင်ရဲ့နန်းတော်အတွင်းမှာခေါ်ယူထားခြင်းခံရတဲ့ ယိုးဒယားနန်းကျဘုရင်ဟောင်း ဗြသာဓိရာဇာဟာ ရဟန်း ဝတ်နဲ့ ယိုးဒယားပြန်သွားပြီး ယိုးဒယားဘုရင်အသစ် ဗြမဟိန် (နန်းကျဘုရင်ဟောင်းဗြသာဓိရာဇာရဲ့သားတော်)နဲ့ပေါင်းပြီး ဘုရင့်နောင်ကို ပုန်ကန်မှုဖြစ်ခဲ့တယ်။ အဲဒါကိုလက်မခံတဲ့ ဗြသာဓိရာဇာရဲ့ညီတော် ပိသလောက်မြို့စားကြီးဩရာပိသလောက်က ဆင်မြင်းအလုံးအရင်းနဲ့ ဘုရင့်နောင်ရွှေနန်းတော်အောက် ဝင်ရောက်တယ်။ ဩရာပိသလောက်က ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တဦးဖြစ်လာမယ့် ဗြနရာဇ် ခေါ် နရစွမ်ရဲ့ဖခင်ပါပဲ။
ဘုရင့်နောင်အောက်ဝင်ရောက်တဲ့အချိန်မှာ ဘုရင့်နောင်က ဩရာပိသလောက်တို့သားအဖနှစ်ယောက်စလုံးကို ချီးမြှင့်မြှောက်စားခဲ့တယ်။ ဩရာပိသလောက်ကို စော်ဘွားသောင်ကျည်ဘွဲ့ အပ်နှင်းခဲ့တယ်။ ဗြမဟိန်တို့ပုန်ကန်မှုကိုနှိမ်နင်းဖို့အတွက် စတင်ပြင်ဆင်တယ်။ ရှေ့ပြေးအနေနဲ့ ပိသလောက်မြို့ကိုပြန်လည်သိမ်းယူဖို့အတွက် စော်ဘွားသောင်ကျည် (ဩရာပိသလောက်)နဲ့ သားတော်ဗြနရာဇ်ဦးဆောင်ပြီးစစ်ထွက်တယ်။ တိုက်တယ်။ ပိသလောက်မြို့ကိုရတယ်။ အဲဒီအချိန်မှာဗြနရာဇ်ကဘုရင့်နောင်ရဲ့သမီးတော် ဓာတုကလျာနဲ့ မျက်လုံးချင်းဆုံ ရင်တွေခုန်နေပြီ။
ဘုရင့်နောင်မင်းတရားကြီးကသီတင်းကျွတ်ပြီး ပွင့်လင်းချိန်ကျမှ ချီတက်လာတယ်။ အယုဒ္ဓယကိုကိုယ်တော်တိုင် ဦးဆောင်ပြီးတိုက်တယ်။ တိုက်နေဆဲမှာပဲ နန်းကျဘုရင်ဟောင်းဗြသာဓိရာဇာကွယ်လွန်တယ်။ စစ်ကူခေါ်တဲ့ လင်ဇင်းမင်းဗြစဲစစ်ကနောက်ကျပြီးရောက်လာပေမယ့်လည်း ဟံသာ၀တီတပ်တွေ တိုက်လို့ တပ်ပျက်တယ်။ ပထမအကြိမ် ယိုးဒယားကိုသိမ်းတုန်းကဗြသာဓိရာဇာနဲ့အတူ ဟံသာဝတီကို ခေါ်လာခဲ့တဲ့ စစ်သေနာပတိသြေဗြစက္ကိကို သူသျှိုလုပ်ပြီးယိုးဒယားကိုလွှတ်တယ်၊ ပြီးမှ ယိုးဒယားကိုထပ်တိုက်တယ်။ ယိုးဒယားကျတယ်။ မြန်မာသက္ကရာဇ် ၉၃၁၊ ဝါခေါင်လပြည့်ကျော် ၄ ရက်နေ့မှာ အယုဒ္ဓယမြို့ဒုတိယအကြိမ် ဘုရင်နောင်အောက် ရောက်ပါတယ်။ သက္ကရာဇ် ၉၃၁ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့မှာဘုရင့်နောင်ဟာ ဗြနရာဇ်ရဲ့ဖခင် စော်ဘွားသောင်ကျည်ကို အယုဒ္ဓယဘုရင် တင်မြှောက်ပါတယ်။ စော်ဘွားသောင်ကျည်ကသမီးတော် ဗြသဝန်ကိုဘုရင့်နောင်ကိုမိဖုရားအဖြစ်ဆက်သတယ်။ လင်ဇင်းမင်းရဲ့အန္တရာယ်ရှိတဲ့အတွက် လင်ဇင်းကိုဆက်တိုက်တယ်။ လင်ဇင်းမင်းရဲ့တပ်တွေပျက်တယ်၊ လင်ဇင်းမင်းထွက်ပြေးရတယ်။ ပြီးတော့မှ ဘုရင့်နောင် ဟံသာဝတီကိုပြန်လာတယ်။ ဗြနရာဇ် ပြန်ပါလာတယ်။ ဘုရင်ဟောင်းဗြမဟိန်ကိုခေါ်လာခဲ့တယ်။
ဗြနရာဇ်ဟာ ယိုးဒယားရဲ့အိမ်ရှေ့စံမင်းသားတပါးဖြစ်ပေမယ့် ဟံသာဝတီနန်းတော်ထဲမှာတော့ အနှိမ်ခံမင်းသားတပါးဘဝနဲ့ပဲနေခဲ့ရတယ်။ ဒါပေမယ့် ရာဇဓာတုကလျာက မျက်နှာသာပေးသလို သူနဲ့အတော်လေးရင်းနှီးမှုရှိခဲ့တယ်။ ချစ်သူနီးပါးအထိ ဖြစ်ခဲ့တယ်။ “အမောင် ယိုးဒယားသားငယ်၊ စကားကြွယ် လှပါဘိ” ဆိုပြီး ဓာတုကလျာဟာ ဗြနရာဇ်ကိုပြောလေ့ရှိတယ်။ ဗြနရာဇ်ရဲဖခင်အပါအဝင် မူးမတ်တွေကဗြနရာဇ်ကိုအိမ်ထောင်ပြုဖို့ တိုက်တွန်းပေမယ့် ဗြနရာဇ်က လက်မခံဘဲဓာတုကလျာမှ ဓာတုကလျာဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ နန်းတွင်းရေးရှုပ်ထွေးလာတယ်။
သိပ်မကြာခင်မှာပဲ ဗြနရာဇ်ရဲ့ဖခင် အယုဒ္ဓယဘုရင် ကွယ်လွန်တယ်။ ထုံးစံအရ ဗြနရာဇ်ဟာအယုဒ္ဓယရဲ့ အိမ်ရှေ့မင်းသားဖြစ်တဲ့အတွက် ဗြနရာဇ်ဘုရင်ဖြစ်ရမယ်။ ဘုရင့်နောင်ဟာ ဗြနရာဇ်ကိုအယုဒ္ဓယဘုရင်အဖြစ် သိမ်းမြန်းစိုးစံစေတယ်။ ဗြနရာဇ်ဟာ နောက်လိုက်နောက်ပါအင်အားများစွာနဲ့ အယုဒ္ဓယကိုချီတက်တယ်။ ဒါပေမယ့် ဟံသာဝတီနန်းတော်ထဲမှာရှိတဲ့ ဗြမဟိန်ကအယုဒ္ဓယထီးနန်းကိုဦးအောင်ယူဖို့သွားတဲ့အတွက် ဗြနရာဇ်လိုက်ရှင်းရတယ်၊ ဗြမဟိန်ကိုသတ်ပြီးမှ ဗြနရာဇ်နန်းတက်တယ်။ တည်ဆောက် ရေးလုပ်တယ်။ တခြားမြို့ပြတွေကသမီးကညာဆက်သတာတွေကိုလက်ခံပြီး မရှုတ်မချထားပေမယ့် ပေါင်းသင်းဆက်ဆံတာမရှိခဲ့ဘူး၊ ဓာတုကလျာကိုပဲ သတိရနေတယ်။ အချိန်ကာလတခုကြာတဲ့အချိန်မှာ ဘုရင့်နောင်မင်းတရားကြီးဆီအခစားဝင်ဖို့ စီစဉ်တယ်။ ဘုရင့်နောင်မင်းတရားကြီးကလည်း အခစားဝင်ဖို့ လက်ခံတဲ့အကြောင်းသိရတယ်။ ဓာတုကလျာနဲ့ လက်ထပ်ပေးမယ့်အကြောင်း သတင်းကြားရတယ်။ ဗြနရာဇ်ဟာ ဟံသာ၀တီကို အမြန်သွားဖို့ ပြင်ဆင်တယ်။
ဒါပေမယ့် နောက်ကျသွားခဲ့တယ်။ ဘုရင့်နောင်မင်းတရားကြီးဟာ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့မှာ ကွယ်လွန်ခဲ့တယ်။ ဘုရင့်နောင်ရဲ့သားတော်ကြီးမဟာဥပရာဇာနန်းတက်တယ်။ သူ့ရဲ့သားတော် မင်းကြီးစွာခေါ် မင်းကျော်စွာကို မဟာဥပရာဇာအမည်နဲ့ အိမ်ရှေ့အရာပေးတယ်။ တကယ်က မင်းကြီးစွာကိုယ်တိုင်ကလည်း ဓာတုကလျာကို ကြွေနေတာပါ။ ဗြနရာဇ်ဟာ ဟံသာဝတီဘုရင်အသစ်ကိုဖူးဖို့နဲ့ ဓာတုကလျာကိုအခစားဝင်ဖို့ဆိုတဲ့ခေါင်း စဉ်နဲ့ ဟံသာဝတီကို အင်အားအလုံးအရင်းနဲ့ ချီပါတယ်။ ဟံသာဝတီဘုရင်ကို လက်ဆောင်ပဏ္ဍာဆက်သတယ်။ ဓာတုကလျာနဲ့တွေ့တယ်။ ဟံသာဝတီဘုရင်အသစ်နဲ့ထပ်တွေ့တဲ့အချိန်မှာ ဗြနရာဇ်ဟာဓာတုကလျာကို လက်ထပ်လိုကြောင်းပြောကြားခဲ့တယ်။ ဟံသာဝတီဘုရင်အသစ် မဟာဥပရာဇာဟာဗြနရာဇ်ကို နန်းတော်ကမောင်းထုတ်တဲ့အထိ စိတ်ဆိုးခဲ့တယ်။ ဗြနရာဇ်ဟာ နန်းတော်ကပြန်လည်ထွက်ခွာပြီး အယုဒ္ဓယကိုပြန်ရတယ်။ သိပ်မကြာခင် အချိန်မှာဘဒွေးတော် သတိုးမင်းစောနဲ့ ဟံသာ၀တီဘုရင် မဟာဥပရာဇာတို့ မသင့်မတင့်ဖြစ်ကြတယ်။ အင်းဝနဲ့ စစ်ဖြစ်တော့မှာဖြစ်တဲ့အတွက် တောင်ငူ၊ ယိုးဒယား၊ လင်းဇင်း၊ ဇင်းမယ်ကတပ်တွေကိုအမြန် ခေါ်ယူတယ်။ အင်း၀ဘုရင်ဘက်က ရှမ်းပြည်ကိုးစော်ဘွားပါမယ်၊ ဟံသာဝတီဘုရင်ဘက်က ပြည်မင်း၊ တောင်ငူမင်း၊ ဇင်းမယ်၊ အယုဒ္ဓယတို့ ပါတယ်။ ဗြနရာဇ်လည်းဆင်းလာရတယ်။ ဗြနရာဇ်ဆင်းလာနေတုန်းမှာပဲ အင်းဝဘုရင်နဲ့ ဟံသာ၀တီဘုရင်တို့ အင်းဝနဲ့ပင်းယကြားက လယ်ကွင်းမှာဆင်စီးချင်းထိုးတယ်။ စီးချင်းထိုးစဉ် ဟံသာဝတီဘက်က စစ်ကူတွေပါလာတဲ့အတွက် အင်းဝဘုရင် တပ်ဆုတ်ပြေးရတယ်။ ဆုတ်ပြေးရင်းနဲ့ တရုတ်နယ်အနီး နမ့်ခမ်းအရောက်မှာကွယ်လွန်တယ်။
ဗြနရာဇ်ဟာစစ်ချီလာစဉ်လမ်းမှာသတင်းအစုံအလင်ကြားသိရတယ်။ အင်းဝကို စစ်ချီရမယ့်အ စားဓာတုကလျာကို စောင့်ရှောက်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ဟံသာတီကိုစစ်ချီတယ်။ ဟံသာ၀တီမြို့အနီးမှာ တပ်အခိုင်အလုံတည်တယ်။ ဟံသာ၀တီမှာကျန်ခဲ့တဲ့ အိမ်ရှေ့မင်းမင်းကျော်စွာနဲ့တပ်ကအမြှောက်နဲ့ပစ်ပေမယ့် ပြန်မပြစ်ဘဲ တပ်အခိုင်အလုံတည်နေတယ်။ ဟံသာဝတီဘုရင်ဟာ အင်းဝကိစ္စပြီးတဲ့အတွက် ပြန်လာတယ်၊ ဗြနရာဇ်ကိုယိုးဒယားအမတ်စစ်သူကြီးတွေဝိုင်းတောင်းပန်တဲ့အတွက် ဗြနရာဇ်တပ်ပြန်ဆုတ် သွားတယ်။ မုတ္တမအပါအဝင် သံလွင်မြစ်အရှေ့ဖျားမှ မြို့ငယ်တွေကိုသိမ်းယူသွားတယ်။ ဟံသာဝတီဘုရင်ကလည်း တပ်တွေကိုစေလွှတ်ပြီး ဗြနရာဇ်ကို နှိမ်နင်းစေတယ်။ အယုဒ္ဓယပြည် စုက္ကလိခံတပ်အထိရောက်တယ်။ ဟံသာ၀တီဘုရင်ရဲ့သားတော် အိမ်ရှေ့မင်းမင်းကြီးစွာခေါ် မင်းကျော်စွာခေါ် မဟာဥပရာဇာငယ်ကိုယ်တိုင်လိုက်တယ်။ ဗြနရာဇ်ကိုယ်တိုင် ထွက်တိုက်တယ်၊ ဟံသာ၀တီတပ်ပြန်ဆုတ်ရတယ်။ ဒုတိယအကြိမ် ဟံသာဝတီအိမ်ရှေ့မင်းကိုယ်တိုင် စုက္ကလိခံတပ်ကိုတပ်အင်အားအလုံးအရင်းနဲ့ ထပ်ချီလာတယ်။ တိုက်တယ်၊ ဗြနရာဇ် စုက္ကလိခံတပ်ကိုအခိုင်အမာလုပ်ပြီးခုခံတယ်၊ ဟံသာဝတီတပ် ပြန်ဆုတ်ရတယ်။
သက္ကရာဇ် ၉၄၈ ခုနှစ်မှာ ဟံသာဝတီဘုရင်ကိုယ်တော်တိုင် စစ်ချီလာတယ်။ ဗြနရာဇ် အယုဒ္ဓယကခုခံတယ်။ ဟံသာဝတီဘုရင်မနိုင်ဘူး၊ ပြန်ဆုတ်ရတယ်။ အဲဒီပွဲမှာနတ်သျှင်နောင်ပါလာတယ်။ ဗြနရာဇ်ကနတ်သျှင်နောင်ကို သတိထားမိတယ်။ ဟံသာဝတီဘုရင် အယုဒ္ဓယကိုတိုက် ခိုက်နေစဉ်မှာပဲ ဟံသာဝတီမှာ မြို့စောင့်ကျန်ခဲ့တဲ့ အိမ်ရှေ့မင်းသား မဟာဥပရာဇာငယ်ကဓာတုကလျာကို သိမ်းပိုက်ပြီး မိဖုယားမြှောက် လိုက်တယ်။
သက္ကရာဇ် ၉၅၂ မှာ ဟံသာဝတီအိမ်ရှေ့မင်းကိုယ်တိုင်ဦးဆောင်ပြီး အယုဒ္ဓယကိုထပ်စစ်ချီလာတယ်။ ထပ်ဆုတ်ရပြန်တယ်။ သက္ကရာဇ် ၉၅၄ မှာထပ်တိုက်တယ်။ ဟံသာ၀တီအိမ်ရှေ့မင်း မဟာဥပရာဇာငယ် ကျတယ်။နောက် ဗြနရာဇ်ဟာ ဟံသာ၀တီကိုသိမ်းဖို့ ချီလာတယ်။ ဟံသာ ဝတီက ကြံ့ကြံ့ခံတိုက်လို့ တပ်ပြန်ဆုတ်ရတယ်။ အဲဒီအချိန်မှာ ဟံသာဝတီနိုင်ငံရေး ရှုပ်ထွေးလာတယ်။ တောင်ငူဘုရင်နဲ့ ရခိုင်ဘုရင်ပေါင်းပြီး ဟံသာ၀တီကိုတိုက်တယ်။ သက္ကရာဇ် ၉၆၁ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်မှာဟံသာ ၀တီပျက်တယ်။ ညီတော် တောင်ငူဘုရင်ကို ဟံသာ၀တီထီးနန်း ထိုးအပ်လိုက်ရတယ်။ ဗြနရာဇ်ဟာ ဟံသာ၀တီကို တောင်ငူတပ်တွေဝင်တိုက်တယ်ကြားကတည်းက ဟံသာ၀တီကို ဆင်းလာခဲ့တယ်။ ဟံသာ၀တီမြို့ပျက်ကြီးပဲတွေ့ရချိန်မှာ တောင်ငူကိုဆက်ချီတက်လာခဲ့တယ်။ အင်အားအလုံးအရင်းနဲ့ ဝိုင်းထားတယ်။ ဟံသာဝတီဘုရင်ဟောင်းကို ကိုးကွယ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်းတယ်။ တောင်ငူဘုရင်ကမပေးဘူး။ ဗြနရာဇ် ပြင်းပြင်းထန်ထန်တိုက်တယ်။ တိုက်ပွဲကြာလာတာနဲ့အမျှ အစာရေစာငတ် မွတ်ခေါင်းပါးလာတယ်။ အဲဒီအချိန်မှာဗြနရာဇ်ဆီကို ဘယ်သူရေးလိုက်မှန်းမသိတဲ့ စာလွှာတစောင်ရောက်လာတယ်။
အတိုချုပ်ပြောရရင်တော့ တောင်ငူနန်းတွင်းအခြေအနေတွေကိုရှင်းပြပြီး ဗြနရာဇ်ကိုပြန်ဖို့ တရားချတဲ့စာပါပဲ။ နတ်သျှင်နောင်ဟာ ထိန်းသိမ်းထားတဲ့ ဟံသာဝတီဘုရင်ဟောင်းကို သတ်ဖို့ကြံစည်နေပြီဖြစ်သလို ဓာတုကလျာဟာလည်း နတ်သျှင်နောင်ကသိမ်းပိုက်သွားပြီပါပြီ။ ဆက်ပြီးတိုက်နေမယ်ဆိုရင် နှစ်ဖက်စစ်သည်တွေနဲ့ တိုင်းသူပြည်သားတွေငတ်မွတ်ခေါင်းပါးပြီးဒုက္ ခရောက်မယ့်အကြောင် းရေးထားတယ်။ စာကိုစဖတ်တဲ့အချိန်မှာ ဘယ်သူရေးလိုက်မှန်းမသိပေမယ့် “စကားကြွယ်သောယိုးဒယားသားငယ်” ဆိုတဲ့ အသုံးအနှုန်းလေးကိုတွေ့လိုက်ရတဲ့အချိန်မှ ာဓာတုကလျာရေးလိုက်မှန်း သိလိုက်ရတယ်။ အဲဒီနောက်မှာတော့ တောင်ငူကိုဝိုင်းထားတဲ့တပ်တွေအားလုံး ပြန်ဆုတ်သွားခဲ့ပြီး ဗြနရာဇ်ဟာ အယုဒ္ဓယကိုပြန်သွားခဲ့ပါတယ်။အမှန်တကယ် ချစ်မြတ်နိုးရသူကိုမရခဲ့တဲ့၊ မိဖုရားမရှိခဲ့တဲ့ ထီးဆောင်းမင်းစစ်ဘုရင်တယောက်ရဲ့ ရင်ထဲမှာတော့ ………
ဝတ္ထုနှင့် ၀တ္ထုရေးသူ
ဒီဝတ္ထုကို ၁၉၉၄ ဖေဖေါ်ဝါရီမှာနှစ်တွဲခွဲပြီး ထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာခုနှစ်ရာကျော်ပါတယ်။ ၁၉၉၄ မတိုင်မီမှ ာဆရာရေးခဲ့တဲ့ဝတ္ထုလို့ပဲပြောရမှာပေါ့။ အထက်မှာရေးခဲ့သလိုပဲဘုရင့်နောင်အကြောင်း၊ တောင်ငူ Dynasty ၊ တပင်ရွှေထီး၊ နတ်သျှင်နောင်၊ ဓာတုကလျာအကြောင်းစာရေးဆရာတွေရေးကြတဲ့၀တ္ထုတွေ အများကြီးပါ။ ဒါပေမယ့် ဘုရင့်နောင်ရဲ့မွေးစားသားလိုဖြစ်ခဲ့တဲ့ ဗြနရာဇ် (နရစွမ် - King Naresuan) အကြောင်းကိုအခြေခံပြီးဇာတ်အိမ်ဖွဲ့ရေးသားထားတဲ့အတွက် ထူးခြားတယ်လို့ပြောရမယ်။ ဇာတ်ကောင်စရိုက်မှာဗြနရာဇ်ကအရမ်းအား ကောင်းပြီး ရုပ်လုံးကြွနေတယ်။ ဘုရင့်နောင်ရဲ့သားတော် အိမ်ရှေ့မင်းမဟာဥပရာဇာ၊ မြေးတော် မဟာဥပရာဇာငယ် (မင်းကြီးစွာ)တို့ကအနည်းငယ် မှေးမှိန်နေသယောင်ထင်ရတယ်။ အထူးသဖြင့် ဗြနရာဇ်နဲ့လည်းအသက်အရွယ်အားဖြင့် မတိမ်းမယိမ်းမဟာဥပရာဇာငယ် (မင်း ကြီးစွာ)က ဒီထက်မကရုပ်လုံးကြွသင့်တယ်လို့ မြင်မိပါတယ်။
စာရေးသူဟာ တပ်မတော်အရာရှိကြီးတဦးမို့လို့လားမသိ၊ စစ်ပွဲတွေအကြောင်းရေးတာ အတော်ကို ပီပြင်ပါတယ်။ ပထမတွဲတတွဲလုံးဟာ တိုက်ပွဲတွေနဲ့ချည်း ပြည့်နေတယ်။ စစ်ပွဲမှာရန်သူ့ပစ္စည်းတွေလုရင်းစစ်သည်တွေအချင်းချင်းစကားများကြ၊ သိမ်းလိုက်တဲ့ မြို့ရွာကပစ္စည်းတွေလုကြရင်းအဝေမတည့်ဖြစ်ကြတာကိုလည်း ထည့်ရေးပေးထားတယ်။ ဒီနေ့ခေတ်လိုပဲပေါ့။ စစ်ပွဲကြောင့်ဖြစ်တဲ့ အနိဌာရုံတွေကို နည်းနည်းပဲဖေါ်ပြပေးထားတယ်။ ဗြနရာဇ်ရဲ့ရုပ်လုံးကိုပီပြင်အားကောင်းစေချင်လွန်းတဲ့အတွက် အခြားအဓိကဇာတ်ကောင်တချို့ အားနည်းကုန်တယ်။ ရာဇဓာတုကလျာဟာ ဒီထက်မကရုပ်လုံးကြွသင့်ပါတယ်။ ထို့အတူပဲဝတ္ထုထဲမှာ ဗြနရာဇ်ရဲ့ဖခင်ဩရာပိသလောက်ကဘုရင့်နောင်မင်းတရားကြီးအယုဒ္ဓယကိုသိမ်းပြီးတဲ့အချိန်မှာသမီးတော်ဗြသဝန် (ထိုင်းမင်းသမီးဗြဣန္ဒဒေဝီ - မြန်မာအခေါ် ဆုပန်ကလျာ ၊ Suphankanlaya)ကိုဘုရင့်နောင်မင်းတရားကြီးကိုဆက်သတယ်။ ဗြနရာဇ်ရဲ့အမပေါ့။ ဒါပေမယ့် အမတော်ဗြသဝန်(ထိုင်းမင်းသမီးဗြဣန္ဒဒေဝီ - မြန်မာအခေါ် ဆုပန်ကလျာ)ရဲ့အခန်းကပျောက်နေတယ်။
လေ့လာမိသလောက်က ဗြနရာဇ် အယုဒ္ဓယမှာပြန်မင်းပြုနိုင်ဖို့ အတွက် ဗြသဝန်ကိုဗြနရာဇ်နဲ့လဲတယ်လို့လည်း သမိုင်းမှာပြောကြတယ်။ အဲဒီအကြောင်းကြီးတခုလုံးမပါဘူး။ ဗြနရာဇ်နဲ့လဲတယ်ဆိုရင် သမိုင်းကြောင်းအရအရေးကြီးပါတယ်။ (ဗြသဝန် ခေါ် ဆုပန်ကလျာမင်းသမီးနဲ့ပတ်သက်လို့ ဟံသာ၀တီသမိုင်းမှာ မှတ်သားထားတာ တော်တော်နည်းပါတယ်။ မြန်မာသမိုင်းတချို့မှာတော့ မင်းသမီးနာမည်ကို “အမျိုးရုံ”လို့ ခေါ်ကြတယ်။ ဒါပေမယ့် ယိုးဒယားမှာတော့ နတ်ဘုရားလို တန်ဘိုးထား ကိုးကွယ်တဲ့သူတွေထဲမှာတဦးအပါအဝင်ပါပဲ။ ဘုရင့်နောင်ရဲ့မိဖုယားတစ်ပါးဖြစ်ခဲ့သလို ဘုရင့်နောင်နဲ့ မင်းအထွေးလို့ခေါ်တဲ့သမီးတော်တပါး ဖွားမြင်ခဲ့တယ်လို့သိရပါတယ်။ ဘုရင့်နောင်ကွယ်လွန်တော့ ဆုပန်ကလျာမင်းသမီးကိုနန္ဒဘုရင်ကမိဖုရားဆက်မြှောက်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ အသက် ၃၃ နှစ်အရွယ်မှ ာမြန်မာပြည်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ရုပ်ဆင်းအင်္ဂါ အတော်ချောမောလှပတယ်လို့လည်း ယိုးဒယားသမိုင်းတွေမှာ ရေးကြပါတယ်။ ကမ္ဘောဇသာဒီနန်းတော်မှာ သူ့အတွက်ဗိမာန်ရှိသလို ကျိုက်ကလို့ဘုရားမှာ သူ့အရိုးအိုးရှိတယ်လို့လည်း ဆိုကြတယ်။ သမိုင်းဆိုင်ရာအထောက်အထားနည်းပါးပေမယ့် လျို့ဝှက်ဆန်းကြယ်ပြီး ယိုးဒယားတွေအခုထက်ထိကိုးကွယ်နေဆဲမင်းသမီးတပါးပါ။)
ဝတ္ထုမှာ သမိုင်းဆိုင်ရာအချက်အလက်၊ ခုနှစ်သက္ကရာဇ်တွေကိုအထူးလေ့လာထားပြီးအတိအကျဖေါ်ပြထားတာကိုတွေ့ရတယ်။ ဒါပေမယ့် စာရေးသူရဲ့အရေးအသား ကျွမ်းကျင်မှုကြောင့် ဖတ်ရတာ အနှောင့်အယှက်ဖြစ်မသွားဘူး။ ဗြနရာဇ်ကဓာတုကလျာထက် ၄ နှစ်ကြီးပါတယ်။ ဗြနရာဇ်ကခရစ်နှစ် ၁၅၅၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး ဓာတုကလျာက ၁၅၅၉ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ အဲဒါကိုစာရေးဆရာက ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး ချစ်သူအဖြစ် ဖန်တီးခဲ့တာပါ။ ၁၅၆၈ ခုနှစ်၊ ဗြနရာဇ် အသက် ၁၃ နှစ်မှ ာဟံသာဝတီကို ရောက်ပါတယ်။ လေ့လာမိသလောက် ဗြနရာဇ်ကဟံသာဝတီကပြန်ထွက်ခွာချိန်မှာ ပိသလောက်မြို့စား အရင်ဖြစ်ပါတယ်။ ပြီးတော့မှ အယုဒ္ဓယဘုရင်ဖြစ်တာပါ။ ဆရာက ယိုးဒယားမင်းဆက်သမိုင်းကိုလည်း ခပ်ပါးပါးလေးရေးပြထားသလိုအယုဒ္ဓယမှာရော၊ ဟံသာ၀တီဘက်မှာပါ ပေါ်တူဂီတွေလက်နက်ရောင်းဖို့ ဝင်ခြေရှုပ်ပုံတွေကို ရေးပြထားတယ်။ ၁၅၈၁ မှာဘုရင့်နောင်ကွယ်လွန်ပါတယ်။ ဘုရင့်နောင်ကွယ်လွန်ပြီးနောက် နန်းတက်လာတဲ့ မဟာဥပရာဇာ (ငါးဆူဒါယကာ)ဟာနန္ဒဘုရင်အနေနဲ့ လူသိများပါတယ်။ ကမ္ဘောဇသာဒီနန်းတော်မှလည်းနန္ဒဘုရင်အနေနဲ့ သုံးနှုန်းထားပါတယ်။ ဒါပေမယ့် ဆရာကတော့ ဝတ္ထုမှာ နန္ဒဘုရင်လို့ သုံးနှုန်းထားတာမတွေ့ရဘူး။
ဗြနရာဇ်နဲ့ အိမ်ရှေ့မင်း မဟာဥပရာဇာငယ် နောက်ဆုံးစီးချင်းထိုးပွဲကို ဆရာရေးထားတာပီပြင်ပါ တယ်။ အမြှောက်ဆံမှန်ပြီးမဟာဥပရာဇာငယ် ကျဆုံးရတာပါပဲ။ ယိုးဒယားသမိုင်းတချို့မှာတော့ ဗြနရာဇ် သတ်လိုက်လို့ပဲကျသလိုလို ရေးထားပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်သျှင်နောင်ပါပါတယ်။ ပြောချင်တာက ဗြနရာဇ်နဲ့ အိမ်ရှေ့မင်းမဟာဥပရာဇာငယ် စီးချင်းထိုးတဲ့နေ့၊ မဟာဥပရာဇာငယ်ကျတဲ့နေ့ ၁၅၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ကို ယိုးဒယားတပ်မတော်နေ့လို့ သတ်မှတ်ပါတယ်။ “The Royal Thai Armed Forces Day is celebrated on January 18 to commemorate the victory of King Naresuan the Great in battle against the Vice-King of Burma in 1593.” လို့ ရေးထားတာပါ။ မြန်မာရာဇဝင်သမိုင်းတွေမှာတော့ မဟာဥပရာဇာငယ်ကျတဲ့နေ့ ၁၅၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ မှာကျတယ်လို့ရေးပြီး ယိုးဒယားသမိုင်းတွေမှာတော့ ၁၅၉၃ ဇန်နဝါရီ ၁၈ လို့ ရေးထားပါတယ်။ တကယ်က နန္ဒဘုရင်လက်ထက်မှာယိုးဒယားကိုတိုက်တာ ဝတ္ထုထဲမှာပါတဲ့ အကြိမ်ထက်များပါတယ်။ ဆရာကစာရေးဆရာအတတ်ပညာနဲ့ လိုအပ်သလောက်သာထည့်ရေးသွားတာပါ။
ဗြနရာဇ်(၁၅၅၅- ၁၆၀၅) ဟာလည်း စစ်ဘုရင်တပါးပီပီ စစ်တိုက်ရင်းနဲ့ပဲကွယ်လွန်ခဲ့တာပါ။ တိုက်ပွဲမှာကျဆုံးခဲ့တာမဟုတ်ပေမယ့် စစ်ပြင်ရင်းနေမကောင်းဖြစ်ပြီးအသက် ၅၀ အရွယ်မှာပဲကွယ်လွန် ခဲ့တာပါ။ မြန်မာသမိုင်းမှာတော့ ရှမ်းပြည်ဘက်မှာစစ်ပြင်ရင်းနေမကောင်းဖြစ်ပြီးကွယ် လွန်ခဲ့တယ်လို့ ရေးတာတွေ့ရသလိုယိုးဒယားသမိုင်းမှာတော့ ချင်းမိုင်ဘက်မှာစစ်ပြင်ရင်းနေမကောင်းဖြစ်ပြီးကွယ် လွန်ခဲ့တယ်လို့ရေးကြတာလည်း တွေ့ရပါတယ်။ ဗြနရာဇ်ဟာအသက် ၅၀ အရွယ်မှာကွယ်လွန်ခဲ့သလိုနတ်သျှင်နောင်ဟာအသက် ၃၆ မှာကွပ်မျက်ခံခဲ့ရတယ်။ စစ်ဘုရင်တွေအသက်ရှည်ကြရင် ဘယ် လောက်အထိတိုက်ပွဲတွေဖြစ်၊ အသက်သွေးချွေးတွေပေးဆပ်ကြရဦးမလဲမသိ။ ရာဇဓာတုကလျာလည်းအသက် ၄၄ မှာကွယ်လွန်ခဲ့တယ်။ နတ်သျှင်နောင်ဟာဓာတုကလျာနဲ့ တစ်နှစ်ကျော်လောက်ပဲပေါင်းလိုက်ရတာပါ။ ဓာတုကလျာကအရင်ကွယ်လွန်ခဲ့တာပါ။ နတ်သျှင်နောင်နဲ့ ဓာတုကလျာကအသက် ၂၀ လောက်ကွာပါတယ်၊ ဓာတုကလျာကကြီးတာပါ။ (ဒီနေ့လူငယ်တွေလိုက်အတုယူအားမကျပါနဲ့လို့ ပြောချင်တာပါ။ …..)
ဝတ္ထုအနေနဲ့ပြောရရင် ယိုးဒယားတွေအတွက် ဆက်တင်အပြင်အဆင်ကောင်းကောင်းနဲ့ ရိုက်လို့ ကောင်းမယ့် ဝတ္ထုမျိုးပေါ့။ သူတို့ဘုရင်ဘက်ကလိုက်ရေးထားတာကိုး။ အများသိတဲ့အတိုင်းယိုးဒယားတွေကဘုရင့်နောင်မင်းတရားကြီးကိုလေးစားတန်ဘိုးထားပါတယ်။ ဒါကတစ်ပိုင်းပါ။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်မင်းတရားကြီးဘုန်းတန်ခိုးဘာညာ လျှောက်မပြောပါနဲ့၊ ကွန်ပျူတာမှာ Microsoft Word ကိုဖွင့်ပြီး King Naresuan လို့ရိုက်ကြည့်ပါ။ Microsoft Word က သိပါ တယ်။ King Bayintnaungကိုမသိပါဘူး၊ King Anawrahtaကိုမသိပါဘူး။ အဲဒါအဖြေပါပဲ။ ပြောချင်တာ က ဝါးလုံးခေါင်းထဲလသာမနေကြဖို့ပါ။
ဆရာက ၁၉၈၉ ခုနှစ်မှာအယုဒ္ဓယမြို့ကိုရောက်ခဲ့ပါတယ်။ အလောင်းမင်းတရားနဲ့ဆင်ဖြူရှင် လက်ထက် အယုဒ္ဓယမြို့ပျက်စီးပုံကိုအခြေခံပြီးအယုဒ္ဓယချစ်သူဆိုတဲ့အမည်နဲ့ ၀တ္ထုရေးဘို့အစီအစဉ်ရှိခဲ့ ပြီးလောလောဆယ်တော့ ဘုရင့်နောင်ခေတ်စစ်ပွဲတွေနဲ့ ဘုရင့်နောင်ကွယ်လွန်ပြီးပဋိပက္ခတွေကိုအရင် ရေးဘို့ဆုံးဖြတ်ခဲ့ပြီးအယုဒ္ဓယသစ္စာကိုရေးသားခဲ့ကြောင်း ၀တ္ထုအမှာမှာ ရေးသားခဲ့ပါတယ်။ စာအုပ်အနေနဲ့ပြောရရင်တော့ ၁၉၉၄ ခုနှစ်မှာနှစ်အုပ်တွဲ (စာမျက်နှာ ၇၀၀ ကျော်) ထုတ်ဝေခဲ့ပြီးပြန်လည်ရိုက်နှိပ် ခြင်းမရှိတဲ့အတွက် အတော်တော့ရှားနေပါပြီ။ စာကြည့်တိုက်အချို့နဲ့ အဟောင်းဆိုင်တချို့မှာရနိုင်လိမ့် မယ်ထင်ပါတယ်။ မိတ္တူတော့ ရနိုင်မှာပါ။
၁၉၉၄ - ၉၅ လောက်ကသတင်းစာမှာဆရာယိုးဒယားကိုရောက်ခဲ့တုန်းကအကြောင်းလေးရေးထားတာလေးဖတ်မိပါတယ်။ ယိုးဒယားကိုရောက်တဲ့အချိန်မှာဆရာတို့ကိုလိုက်ပို့တဲ့သူကလက်နက်မှောင်ခိုရောင်းတဲ့နေရာတွေကိုလိုက်ပြပါတယ်။ လက်နက် အတိုအရှည် အစုံပေါ့။ အဲဒါနဲ့ဆရာတို့ကလက်နက်ကြီးလိုချင်တယ် ရှိလားဆိုပြီးမေးတော့ တကယ်ယူမလား၊ပြပေးမယ်ဆိုပြီးဆရာတို့ကိုမြေအောက်တိုက်ခန်းထဲခေါ်သွားပြီးတော့ စိန်ပြောင်း၊ လောင်ချာတွေပြတယ်ဆိုတာလေးရေးထားတာပါ။ ယိုးဒယားမှာအဲဒီတုန်းကလက်နက်အလွယ်တကူရနိုင်တဲ့သဘောပေါ့။ နောက်တော့ ဆရာတို့ကသူတို့ကိုလိုက်ပို့ပေးတဲ့သူကိုခွန်ဆာအိမ် သွားချင်တယ်၊ လိုက်ပို့ပေးမလားလို့မေးတော့ ဟာဒါတော့မဖြစ်နိုင်ဘူးလို့ ပြန်ပြောတာလေးဆရာရေးထားတာအမှတ်ရမိပါတယ်။
ဆရာတင်သန်းဦးကို အဖစာရေးဆရဦးငွေမောင်း၊ အမိဒေါ်သန်းလှတို့က ၁၉၅၂ နိုဝင်ဘာ ၁၃ ရက်နေ့မှာကျိုက်ထိုမြို့အနီးမှာမွေးဖွားခဲ့ပါတယ်။ ၁၉၆၉ မှာအခြေခံပညာအထက်တန်းအောင်ပြီး ၁၉၇၁ မှာစစ်တက္ကသိုလ်အပတ်စဉ် ၁၆ ကိုတက်ရောက်ခဲ့ပါတယ်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ် ဓာတ်စစ်ဆင်ရေးရုံးမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအထိတာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၀၇ မှာအငြိမ်းစားယူခဲ့ပါတယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ရုပ်ရှင်ဗီဒီယိုဇာတ်ညွှန်းများစွာရေးသားခဲ့သလို ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ အသက် ၅၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အခုတော့ ဆရာကွယ်လွန်သွားပြီဖြစ်တဲ့အတွက် အလောင်းမင်းတရားနဲ့ အယုဒ္ဓယအကြောင်းရေးမယ့် အယုဒ္ဓယချစ်သူတော့ ကျွန်တော်တို့ ဖတ်ခွင့်မရတော့ဘူးပေါ့။ ဒီဆောင်း ပါးဟာတောင်ငူခေတ်သမိုင်းမဟုတ်သလို ဗြနရာဇ်သမိုင်းလည်းမဟုတ်ပါဘူး။ အယုဒ္ဓယသစ္စာဝတ္ထုကို ပြန်ဖတ်မိရာကနေစိတ်ကူးရပြီး ဒီဆောင်းပါးလေးကိုရေးဖြစ်ပါတယ်။ ဆောင်းပါးတွေရေးခဲ့ပေမယ့် ဇာတ်လမ်းအကျဉ်းရေးတာပထမဆုံးဖြစ်တဲ့အတွက် အမှားရှိရင် နားလည်ပေးစေလိုပါတယ်။
ကိုလှိုင်းသစ်
14-10-2022 11:36 PM
ရည်ညွှန်း
၁။ တင်သန်းဦး၊ အယုဒ္ဓယသစ္စာ (ပထမတွဲနှင့် ဒုတိယတွဲ) ပထမအကြိမ်၊ မြ၀တီပုံနှိပ်တိုက်၊ ၁၉၉၄ ဖေဖေါ်ဝါရီလ
၂။ ကိုကိုလေး၊ ယိုးဒယား-ဗမာစစ်ပွဲသမိုင်း၊ ယဉ်မျိုးစာအုပ်တိုက်၊ ပထမအကြိမ်၊ ၂၀၁၇ ဩဂုတ်လ
၃။ ဦးစိန်လွင်လေး၊ ကထိက၊ မင်းတရားရွှေထီးနှင့်ဘုရင့်နောင်၊ ရန်အောင်စာပေ ၂၊ ပထမအကြိမ်၊
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar