ပန်ဒိုရာ - ဇာတ်ခုံတွေရဲ့အလွန်
ဇာတ်ခုံတွေရဲ့အလွန်
ပန်ဒိုရာ
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၂
နာမည်ကျော် ဂျပန်စာရေးဆရာ မူရာကာမိ၏ဝတ္ထုများကို ဖတ်ခဲ့စဉ် After Dark စာအုပ်အဖွင့်ဝယ် အထူးစိတ်ဝင်စားစရာနှင့်ကြုံခဲ့ရသည်။ တိုကျိုမြို့၏ကျယ်ပြန့်သော Panorama မြင်ကွင်းမှသည် ရပ်ကွက်များ၊ လမ်းမများ၊ လူသွားလူလာများ။ Focus ဆုံချက်က တဖြည်းဖြည်းကျဉ်းကျဉ်းလာကာ စားသောက်ဆိုင်ထဲတွင် စာထိုင်ဖတ်နေသော မိန်းကလေးတဦး၏ စားပွဲပေါ်မှ ဆေးလိပ်ပြာခွက်ထဲက စီးကရက်ပြာမှုန်များအထိ။ ဝတ္ထုအဖွင့်သရုပ်ဖော်ထားပုံကို ဖတ်ရသည်
မှာ ကပွဲရုံတရုံ၏ဇာတ်စင်ကို နောက်တန်းထိုင်ခုံအပေါ်စီးကမြင်ရသလို၊ ရုပ်ရှင်တကားကို ထိုင်ကြည့်နေရသလို ဖြစ်လာသည်။ နောက်ခံဂီတကိုလည်း သဲ့သဲ့ကြားနေရသေးသည်။ တင်ပြဟန်က မီးဆလိုက် မီးမောင်းများကို ချက်ချင်း သတိရစေသည်။ စာလုံးများပုံနှိပ်ထား၍သာ စာအုပ်ဟု ခေါ်နိုင်သော်လည်း ကျွန်မအတွက်တော့ ပြဇာတ်ကြည့်ရသည့်အရသာ ပိုဆန်ပါသည်။ မူရာကာမိ ဘာကြောင့် ဒီလိုရေးသလဲ။ မူရာကာမိသည် ပြဇာတ်ဘာသာရပ်ကို ကျောင်းမှာ အထူးပြုသင်ယူခဲ့သည်ဟူသော သဲလွန်စကို ရခဲ့သည်။
စာအုပ်ထဲမှာပင် ပြေးမလွတ်နိုင်ခဲ့သော ဇာတ် ဟူသည့် အသိစိတ်သည် ဆက်လက်လွင့်ပျံရင်း မြန်မာပြည်မှ ဇာတ်ပွဲများနှင့် ပတ်သက်သည့် အတိတ်မှတ်ဉာဏ်တို့ကို တူးဆွခဲ့ဖူးပါသည်။ ဇာတ်ပွဲတွေအများကြီးကို ကျွန်မတို့ကြည့်ခဲ့ဖူးသည်ပဲ။ စတိတ်စင် သို့မဟုတ် ဇာတ်ခုံတခုံကို စင်အောက်က ခဏဖြစ်ဖြစ် မော့မကြည့်ဖူးပါဟုဆိုသူ မရှိနိုင်ဘူးဟု ထင်ပါသည်။ အနည်းဆုံးတော့ အခမ်းအနားတခုခုရဲ့ စင်မြင့်ဆီကိုပေါ့။ သို့သော် မိမိကိုယ်တိုင် ဇာတ်ခုံပေါ်ကို ရောက်ကာ ပရိသတ်ကိုငုံ့မိုးကြည့်ဖူးသလား ဟုမေးလျှင်တော့ မတွေ့ကြုံဖူးပါဘူးဟုဖြေမည့်လူအချို့ ရှိကောင်းရှိလာနိုင်ပါသည်။ လူတိုင်း ဇာတ်ခုံပေါ် ရောက်ဖူးနိုင်ပါသလား။
ဇာတ် ဟုပြောလိုက်လျှင်တော့ ဖျော်ဖြေမှု၊ အဆို၊ အက၊ အလွမ်း သို့မဟုတ် အနိမ့်အမြင့် အတက်အကျ အလှည့်အပြောင်းပါသော ဇာတ်လမ်းများ၊ ဇာတ်လိုက်၊ ဇာတ်ရံ၊ ဗီလိန် ဇာတ် ကောင်များ စသဖြင့် ဖြစ်လေ့ဖြစ်ထသွင်ပြင်လက္ခဏာများက မှတ်ဉာဏ်တွင်ထင်ဟပ်နေကြပါလိမ့်မည်။ ဇာတ်ထုပ်၊ ဇာတ်ပွဲ၊ ဇာတ်သဘင် ဟုဆိုလိုက်လျှင်တော့ ထိုစကားလုံးများနှင့်အတူ ဝေးဝေးမှာ ကျန်ခဲ့သောယဉ်ကျေးမှုတရပ်ကို လွမ်းဆ မြင်ယောင်လာကြလိမ့်မည်။
ရေဒီယိုမှာအသံလွှင့်သော ဇာတ်ထုပ်များကို နားထောင်တတ်သည့်အရွယ်ကတော့ မပေးပေးပေး ပေးပေးပေး ငါ့ရွှေခွက်ပြန်ပေး၊ ဟုတ်ပါ့မလား မောင်ကာဠုရဲ့. ဒီ့ထက်တောင်ပိုပါသေး၊ တခရီးတည်းသွားတဲ့ လှည်းသားငါးရာ လှည်းသားငါးရာ.. စသဖြင့် ပါးစပ်ထဲစွဲမိစွဲရာ ကလေးပီပီ တုပ လိုက်ဆိုခဲ့ဖူးသည်။ မိုးလေကင်းလွတ်၍ ရာသီလေအေး နုသွေးတတ်သောကာလမျိုးတွင် ဇာတ်ပွဲများသည် ကျေးလက်အတွက်တော့ တခေတ်တခါက အကောင်းဆုံး အပန်းဖြေစရာဖြစ်ခဲ့သည်။ ဗလာဇာတ်ဆိုလျှင် ကွင်းပြင်ကျယ်ကျယ်မှာ လေတဟူးဟူးနှင့် စောင်ခြုံကွေးကာကြည့်နိုင်မည်။ ရုံသွင်းကပြမည်ဆိုပါက အနီးဆုံးဖျာဆိုလျှင် ဘယ်လောက်၊ နောက်ဆုံးတန်းက ကုလားထိုင်နှင့်ဆို ဘယ်လောက်၊ VIP အတွက် သီးသန့်ချန်လှပ်ထားသော ဖျာများ စသဖြင့် အဖိုးစားနားမျိုးစုံ သတ်မှတ်ထားစေကာမူ ရုံပြည့်ရုံလျှံ ရုံကွဲထွက်အောင် အားပေးခံရသော ဇာတ်သဘင်ညတို့ ရှိခဲ့ဖူးသည်။
စင်မြင့်ရယ်လို့ ပေါ်မလာခင် ဟိုးရှေးရှေးခေတ်ကတော့ မြေဝိုင်းဇာတ် တဲ့။ ဒီတော့ စင် ဆိုတာမရှိ၊ အားလုံးတပြေးညီမြေမှာထိုင်ပြီး ဇာတ်သဘင်ကို ဝိုင်းကြည့်ကြသည်ပေါ့။ အဲဒီနောက်တော့ စင်အမြင့်ပေါ်လာ၊ ကဇာတ်ရုံများ ပေါ်လာသည်။ ကျေးလက်တောရွာအတော်များများမှာတော့ ဇာတ်ရုံဟူသည် အမြဲတစေတည်ရှိနေသော အဆောက်အဦမျိုးတော့ မဟုတ်တတ်ပါ။ ကျွန်မတို့မိဘဇာတိ မြစ်ဝကျွန်းပေါ် ရွာကလေးမှာတော့ ဇာတ်ပွဲကျင်းပတော့မည်ဆိုမှ ရိုင်ဟု ခေါ်သော နှီးဝါးဖြင့် ရက်လုပ်ထားသည့် ဖျာကြမ်းကြီးတစ်မျိုးဖြင့် ခင်းကျင်းကာရံပြီး ယာယီဇာတ်ရုံဆောက်ကြရသည်။ ဇာတ်ပွဲမလာခင် ဇာတ်ရုံဆောက်နေပြီဆိုကတည်းက လူတိုင်းရင်ထဲမှာ ဆိုင်းသံဗုံသံ ညံကုန်ကြပြီ။ စပါးပေါ်၍ ငွေစကြေးစလေးများရွှင်သည့် ဆောင်းဦးရာသီ သို့ မဟုတ် မိုးမကျခင် ဘုရားပွဲကျင်းပလေ့ရှိသည့်တပေါင်းလပွဲတော်မျိုးတွင် ဇာတ်ပွဲများကို ကြည့်ရတတ်ပါသည်။
တချို့ကတော့ ဇာတ်ပွဲကြည့်ရန်ထက် ပွဲရှိတုန်း ဈေးဗန်းခင်းရန် အားထုတ်ကြရသည်။ မုန့်ဆီကြော်၊ မုန့်လေပွေ၊ ရေခဲမုန့်၊ ပြောင်းဖူးပြုတ် မုန့်မျိုးစုံ ညှော်နံ့တသင်းသင်းနှင့် ပွဲဈေး တန်းမှာ ကလေးများပျော်ရွှင်မြူးတူးပြီ။ မိုးပျံပူဖောင်းဝယ်နိုင်ပြီ။ စာကလေးဗေဒင်မေးနိုင်ပြီ။ ဓာတ်ပုံဆိုင်ကလေးများတွင် နောက်ခံကားချပ်လှလှရှေ့၌ စတိုင်ထုတ်ကာ ဓာတ်ပုံရိုက်နိုင်ပြီ။ ဓာတ်ခဲကားကလေးများဖြင့် လောင်းကြေးထပ် ကားပြိုင်ပွဲတွင် ကာလသားများ ဝိုင်းအုံနေပြီ။ ရွာသူအပျိုချောကလေးများကို ဝတ်ကောင်းစားလှများဖြင့် အုပ်စုလိုက် တွေ့မြင်နိုင်ပြီ။ ငွေကြေးတတ်နိုင်သူများက လက်ဝတ်ရတနာ အပြည့်အစုံ ဆင်မြန်းကာ၊ ချိုင့်ကြီးချိုင့်ငယ်များနှင့် အစား အသောက်မျိုးစုံသယ်ဆောင်ကာ၊ ကော်ဇောလှလှများ ဖျာကြီးဖျာငယ်များ ခင်းကျင်းကာ၊ အချို့ကလည်း မင်း သား မင်းသမီးကို ချီးမြှင့်လိုသည် ဆုတော်ငွေများ လက်ဆောင်များကို တပါတည်းသယ်ဆောင်ကာ၊ ညလုံး ပေါက်ပွဲကြည့်ရအောင် အိမ်ရှိလူကုန် ကြွလာကြပြီ။
အပျော်လွန် အသောက်သမားများသည်လည်း ကျေးလက်မှ စည်ကားသောပွဲခင်း၏ ရှိလေ့ရှိထ ဓလေ့စရိုက် သွင်ပြင်လက္ခဏာတစ်ရပ်ပင်။ ဇာတ်စင်နောက်ဘက်ကို ထရံပေါက်မှ ချောင်းသူလည်း ရှိလာတတ်သည်။ ဇာတ်စင်ရှေ့မေးထောက်ကာ မင်းသမီးကို ဝူးဝူးဝါးဝါး ထအော်သူများ ရှိလာတတ်သည်။ လက်ပါခြေပါ ရန် ဖြစ်သူများ ရှိလာတတ်သည်။ နောက်ဆက်တွဲရလာဒ်အဖြစ် ဆရာတော်၏ကြိမ်လုံးစာမိခဲ့သူများ၊ ဆယ်အိမ်မှူး၏ ထိတ်တုံးဒဏ်ခံရရင်း အမူးလွန်ကာ တညလုံး အိပ်ပျော်သွားခဲ့ဖူးသူများ ရှိများရှိသေးလျှင် ယခုအချိန်တွင် ပြန်မရတော့သည့် အတွေ့အကြုံကို ရယ်ပွဲဖွဲ့နေကြမည်လား လွမ်းဆွတ်နေကြမည်လား မပြောတတ်ပါ။
ဧည့်သည်ကို ဧည့်ဝတ်ကျေလိုသော ရွာဓလေ့ဝယ် ဇာတ်အဖွဲ့ရောက်လာလျှင် ထမင်းဖိတ်ကျွေးလိုသူတို့ မင်းသားမင်းသမီးလုရင်း အချင်းများကြနိုင်သေးသည်။ ခွဲတမ်းချရသည်။ တစ်ရက်ပင် မကြာလိုက်၊ ဇာတ် သမားများနှင့် ရွာသူရွာသားများ ရင်းနှီးသွားတတ်သည်။ ရွာသားများက တဖက်၊ ဇာတ်သမားများက တဖက် ချိန်းပြီး ချစ်ကြည်ရေး ဘောလုံးကန်ခဲ့ကြဖူးသည်။ ဇာတ်ပွဲတွင် လိုက်ပါလာသည့် သီချင်းရေးဆရာ တယောက်ဖြစ်သည့် ရွှေမြိုင်အုန်းဖေလေးက အုန်းချောင်းဆိုသော ရွာကလေးဝယ် သူ့နာမည်နှင့်လည်း တိုက်ဆိုင်သည်နှင့် ...အုန်းပင်ရိပ်ဝယ် အုန်းရေကိုသောက် အုန်းသီးကိုစားပြီး အုန်းဖေလေးက အုန်းချောင်းသီချင်းကို ရေးတယ်.. အုန်းချောင်းရယ်လွမ်းဖို့တကယ်ကောင်းတယ်..ဟုသီချင်းသစ်တပုဒ်ကောက်ခါငင်ကာစပ်လိုက်ပြီး ညတွင်းချင်းဖျော်ဖြေလာသောအခါ ခင်မင်လွယ်သောရွာသူရွာသားများမှာ ယခုခေတ်စကားနှင့်ဆိုရသော် heart ထိ သွားခဲ့ရဖူးသည်။
ကရင်းခုန်ရင်းနှင့်ပင် ဘဝကိုအနိုင်နှင့်ပိုင်းသွားသော မင်းသား ရွှေမန်း(ဦး)တင်မောင်သည် နှစ်နာရီ သုံးနာရီကြာပြသသည့်ရုပ်ရှင်များနှင့် ပြိုင်ဆိုင်လာရသောအခါ ညဉ့်ဝက်စနစ်သစ်ဖြင့် ကပြပြီး ရုပ်ရှင်ပရိသတ်ကို ဇာတ်ပွဲဘက်သို့ဆွဲဆောင်ခေါ်ယူရန် ကြိုးစားခဲ့သည်ဟု ကြားဖူးသည်။ ကျွန်မတို့ကြုံတွေ့ခဲ့ဖူးသော ဇာတ်ပွဲများက တော့ ညလုံးပေါက်စနစ်ပင်ဖြစ်သည်။ ပထမပိုင်းတွင် နတ်ကတော်၊ အပျိုတော်၊ သီချင်းဆိုဖျော်ဖြေမှုများ၊ ယိမ်းအကများ၊ အော်ပရာ၊ ထို့နောက် ပြဇာတ်၊ ပြီးလျှင် ခေတ္တအားလပ်ချိန်ပေးသည်။ အားလပ်ချိန်အပြီးတွင် နှစ်ပါးသွားတင်ဆက်မှု၊ ထို့နောက် နောက်ပိုင်းဇာတ်တော်ကြီး။ မနက်ငါးနာရီကျော် လောက်မှ ကတ္တီပါကား လိပ်ချ ဇာတ်သိမ်းတတ်သည်။ ပွဲတော်သည် များသောအားဖြင် သုံးညဖြစ်တတ်သည်။ သုံးညအတွင်း ပွဲအစီ အစဉ်များမှာ အနည်းငယ်ထပ်တူညီသည် ရှိတတ်သော်လည်း သုံးညလုံး ဆက်ကြည့်ချင်သူများအတွက် ဆွဲဆောင်မှု ရှိရန်လည်း အစီအစဉ်ချထားတတ်ပါသည်။ ညလုံးပေါက်ပွဲကြည့်ပြီးလျှင်တော့ နေ့ခင်းဘက်တွင်ပွဲကိုက်ပြီ။ အိပ်သူကအိပ်ကြ၊ အလုပ်ကိစ္စရှိလျှင်လည်း အိပ်ချင် မူးတူးဖြင့် လုပ်သူကလုပ်ဖြင့် ပွဲတော်နေ့လည်ပိုင်းတွင် ရွာကလေးအတွင်း အနည်းငယ်တိတ် ဆိတ်နေတတ်သည်။
ကျွန်မတို့စာအုပ်ဆိုင်ကလေး ဖွင့်နေစဉ် နေ့လည်ဘက် မင်းသား(ဦး)မောင်သိန်းဇော် တို့ညီ အစ်ကိုနှစ်ယောက် စာအုပ် လာငှားသွားသည်ကိုတော့ အစဉအမှတ်တရဖြစ်နေရသည်။ ထုံးစံအတိုင်းဆိုလျှင်တော့ မငှားဖူးသူကို စာအုပ်အပေါင်တန်ဖိုးတခု တောင်းယူထားရသည်။ ရုပ်ရည်သန့်ပြန့်သော မျက်နှာစိမ်းလူငယ်နှစ်ယောက် စာအုပ်ရွေးနေတော့ ဖေဖေက အိမ်ကအစ်ကို့ကို ဖိုးဇော်ရေဟုခေါ်လိုက်သောအခါ လူငယ်တယောက်က ဗျာ ဟု ထူးလိုက်ပြီးမှ ရယ်မော လိုက်သည်။ သူကကျွန်တော့်နာမည်ခေါ်လိုက်သလားလို့ဟုပြောပြီး မေမေက နာမည်က ဘယ်သူလဲဟု မေးသောအခါ အစ်မကြီး ညက ပွဲမကြည့်ဘူးထင်တယ်ဟုပြောမှ အားလုံးက မင်းသားမှန်း ရိပ်မိနိုင်တော့သည်။
မင်းသားထဲတွင် ကြည်လင်သောရုပ်ရည်ပိုင်ရှင်၊ ထူးခြားသောအတွေးဓာတ်တခုရှိသည်ဟု အာ ရုံခံစားရသော ဇာတ်မင်းသားလေး(ဦး)သိန်းဇော်သည် ကျွန်မနှစ်သက်သော ဇာတ်မင်းသားများထဲမှ တဦးဖြစ်သည်။။ ဇာတ်စင်ပေါ်မှာ မင်းသားဝတ်စုံနှင့် ကဗျာရွတ်ပြီး ပွဲကြည့်ပရိသတ်ကြား ခေတ်ပေါ်ကဗျာကိုရောက်ရှိစေသူမှာ သူ တဦးတည်းသာရှိမည်။ နောက်ထပ် နှစ်သက်ရသူက ရွှေမန်း(ဦး)ချမ်းသာ။ သူကတော့ ကြည့်ရသည်မှာ ဟာသဉာဏ်ရှိပြီး ခင်မင်စရာကောင်းသည်။ အကစွမ်းရည်ကလည်း အထူးပြောစရာမလို။ နှစ်ပါးခွင်တွင် မင်းသားလေသံကို ဘယ်တော့မှ မဖျောက်ဘဲ ဇာတ်ဟန်အပြည့်ဖြင့် ပြောတတ်သည်ကို သဘောကျရသည်။
ထို့နောက် မင်းသား (ဦး)နန်းဝင်း။ အတီးအမှုတ်အရေးအသားပါ အားလုံး ဘက်စုံထူးချွန်သူဟု ထင်သည်။ သူကလည်း ပျော်စရာရွှင်စရာဖြစ်အောင် ကပြတတ်သူဖြစ်သည်။ မေမေကတော့ (ဦး)နန်းဝင်း၏ နှစ်ပါးခွင်တွင် ဆင်ကြီးဂဠုန်ချီသီချင်းကို ဆိုရန်ကရန် မျှော်လင့်တတ်သည်။ မိုးစင်စင်လင်း ပွဲသိမ်းချိန်တွင် ကန့်လန့်ကာကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း သီချင်းသံဖြင့် ကတ္တီပါကားလိပ်ကြီး ပြန်တက်လာတတ်သော ဇာတ်ခုံကြောင့် ထွက်ခွာနေဆဲ ပွဲကြည့်သူများ နောက်ပြန်လှည့်ကြည့်ရင်း ရယ်မောခဲ့ရပုံများမှာ အမှတ်ရစရာ။
သီချင်းအကြောင်းပြောတော့ ဇာတ်ပွဲများနှင့်ပတ်သက်၍ ဘဝင်မကျဖြစ်ခဲ့ရသည်များလည်း အမှတ်ရသေးသည်။ မင်းသားတိုင်းတွင် အထူးသိသာထင်ရှားသော ကိုယ်ပိုင် (signature) သီချင်းတပုဒ်စီ ရှိတတ်သည်။ သို့သော် ထိုသီချင်းများအတွက် ကျွန်မငယ်ငယ်က အမြင်မှာ သံစဉ်နားထဲစွဲစေသော သီချင်းလွယ်လွယ်များဟု ထင်ခဲ့သည်။ စာသားအကြောင်းအရာကလည်း မင်းသားလေးက ချောကြောင်းလှကြောင်း၊ နာမည်ကျော်ကြောင်း၊ အောင်မြင်ကြောင်း၊ အားပေးကြစေလိုကြောင်းပင် ဖြစ်သဖြင့် ဘာကြောင့် ဒီ့ထက်လေးနက်သောစာသား၊ ပိုမိုအဆင့်မြင့်အားထုတ်သောသံစဉ်များနှင့် မင်းသား၏ signature သီချင်းအဖြစ် မဖွဲ့ဆိုပေးခဲ့ကြသလဲဟုအားမလိုအားမရ ဖြစ်ခဲ့ဖူးသည်။ နောက်တခုဘဝင်မကျသည်ကတော့ နှစ်ပါးသွားတွင် မင်းသမီးတို့၏ အခန်းကဏ္ဍ။ ထုံးတမ်းစဉ်လာအရတော့ အားလုံးက မင်းသား၏ကြင်ယာများအဖြစ် တလှည့်စီတွဲကာ သရုပ် ဖော် ကပြရသည်။ မလိုင်(ဒေါ်)သန်းသန်းမြင့်ကဲ့သို့ ဝါရင့်နာမည်ကျော် မင်းသမီးလောက်ဖြစ်မှသာ နှစ်ပါးခွင်တွင် မိမိနေရာတခုကိုတည်ဆောက်နိုင်သည်ဟု မြင်ခဲ့သည်။ ဒါကိုလည်းဘယ်တတ်နိုင်မလဲ မင်းသားဦးဆောင်တဲ့ဇာတ်ပွဲက ရှေးအစဉ် အဆက်ဆက်က ဖြစ်လာခဲ့တာပဲဟုသာ စိတ်ကိုဖြေရသည်။ ထို့နောက်ပိုင်းခေတ်များတွင်တော့ မင်းသမီးများက လက်ခုပ်ထိုင်တီးရုံသာ ရှိသော နှစ်ပါးခွင်များပင် ပေါ်ပေါက်ခဲ့ပါသည်။ ဒီတော့လည်း ဇာတ်သဘင်ထက် အငြိမ့်သဘင်များဖြင့်သာ မင်းသမီး၏အကအလှ အခန်းကဏ္ဍကို ကြည့်ရှုရတော့ သည်။
ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်သတဲ့။ အဲဒီတုန်းက ကျွန်မတို့လို ကလေးတွေကတော့ ဇာတ်ပွဲတပွဲကြည့်ပြီးလျှင် ဇာတ်ပိုးထကာ ကျန်ခဲ့သည်။ မှတ်မှတ်သားသား လူရွှင်တော်တို့၏ ဟာသများကို ပြန်ပြောင်းပြောကာ ရယ်မောကြမဆုံး။ ပြဇာတ်ထဲမှ တချို့ဒိုင်ယာလော့ဂ်များက ပါးစပ်ဖျားတွင် အချိန်အတော်ကြာ ခေတ်စားကျန်ခဲ့တတ်သေးသည်။ ကလေးတို့က ဒီမျှနှင့်အားမရနိုင်ဘဲ ပွဲကတမ်း သို့မဟုတ် ကတမ်းခုန်တမ်း ကစားကြသေးသည်။ ဒီကစားနည်းက တနေ့တရက်ဖြင့်မပြီးပါ။ ကြိုတင်စီမံချက်ချရသည်။ ပုဝါ အင်္ကျီများကို စုဆောင်းရသည်။ ဇာတ်တိုက်ရသည်။ လူမပြည့်လျှင် သူငယ်ချင်းများကို ဆွဲဆောင်ခေါ်ယူရသည်။ ဇာတ်ခေါင်းကွဲမည်စိုး၍ ရန်မဖြစ်အောင် သတိထားရသည်။ ပရိသတ်ကိုလည်း ဖိတ်ရသေးသည်။ ကျွန်မတို့ထက်ကြီးသော အစ်ကိုအစ်မဝမ်းကွဲများ လက်ထက်တွင် ကျွန်မတို့ထက် အများကြီး ပိုပြည့်စုံပါသေးသည်။ ကျွန်မတို့နယ်ဘက်က ရွာတချို့တွင် ညခင်းချိန်ခါ မီးစုံဆိုင်းစုံဖြင့် ကလေးများက ကျင်းပသော ဇာတ်ပွဲ ကစားတမ်း ကို လူကြီးများကပါ ဝိုင်းအုံကြည့်ရှုရသော ကာလများ ရှိခဲ့ပါသည်။
၁၉၈၀ ကျော်ခုနှစ်များသည် ဇာတ်သဘင်တို့ အားကောင်းနေဆဲ ကာလ ဖြစ်ခဲ့ပါသည်။ မွန်ပြည်နယ်က မင်းသားချောလေးတွေ အလျှိုလျှို ပေါ်ထွက်လာသည်။ မဂ္ဂဇင်းများတွင် ရုပ် ရှင် ဂီတနှင့်အတူ ဇာတ်သဘင်သတင်းကိုလည်း အမြဲဖော်ပြရသည်။ ကျွန်မတို့ စာအုပ်ဆိုင်ကလေးတွင် သဘင်မဂ္ဂဇင်းမှာ လက်မလည်အောင် ငှားရသည်။ ဆရာကြည်သာ(ပွဲကြိုက်ခင်) စီစဉ်သော ပွဲကြိုက်သူ စာစောင်လည်း ထွက်လာသည်။ သဘင်မဂ္ဂဇင်းတွင် လစဉ်ပါလေ့ရှိသည့် မင်းသားပုံ ကြွေချောစက္ကူပိုစတာကို စာအုပ်ငှားသူများက ဖြတ်မယူခင် အရင်ဖြတ်ပြီး ဆိုင်က ကြော်ငြာဘုတ်မှာ လူတိုင်းကြည့်နိုင်အောင် ကပ်ပေးထားရသည်။ ရုပ်ပြပန်းချီရာမ၏ ရွှေပွဲလာရဲ့ရွှေသည်းညှာ ဟူသော နှစ်အုပ်တွဲ ရုပ်ပြစာအုပ်မှာ လူကြိုက်များသည်။ ထိုစာအုပ်ထဲတွင် နာမည်ကြီး ဇာတ်မင်းသမီးကို ပြဇာတ်ဒါရိုက်တာက တဖက်သတ် ချစ်နေသည်။ မင်းသမီးက တောရွာမှ ဇာတ်ရူးကလေးတယောက်ကို သူ့ဘဝနှင့် ကိုယ်ချင်းစာပြီး မင်းသားအဖြစ် စင်တင်ပေးခဲ့သည်။ ထိုမင်းသားလေးပေါ် သံယောဇဉ်ကြီးခဲ့သော်လည်း မင်းသားလေးက နာမည်ကြီးလာသောအခါ သရုပ်ပျက်ပြီး သောက်စားပျော်ပါးကာ အောက်ခြေလွတ်လာသော ဇာတ်လမ်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုခေတ်ကတော့ ဆိုရှယ်လစ်စနစ် ၏ဝါဒများအောက်ဝယ် သရုပ်ပျက် ဆိုသောစကားနှင့် ဆန်းသစ်တီထွင်မှုဆိုသည်မှာ အရောရောအထွေး ထွေး ဖြစ်ခဲ့ရသည်။
တချိန်တည်းမှာပင် ဆရာချစ်ဦးညို၏ ထူးခြားသောခင်းကျင်းပုံရှုထောင့်မှ သမိုင်းကို ဆန်းသစ်ထားသောဝတ္ထု ရှည်များက လူကြိုက်များလှသည်။ မင်းသားညီအစ်ကိုများဖြင့် အင်အားတောင့် တင်းသော ရွှေမန်းသဘင်က လင်္ကာဒီပချစ်သူကို မြိုင်မြိုင်ကြီး ကပြသည်ကို ကြည့်ခွင့်မကြုံလိုက်၍ တောက်တခေါက်ခေါက် ဖြစ်ခဲ့ရသည်။ သို့သော် ဆရာမြသန်းတင့်၏ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်ကိုတင်ဆက်လိုက်သော ဆရာမောင်ယဉ်အောင်၏ပြဇာတ်ကို ကြည့်ဖူးခဲ့၍ ကျေနပ်မဆုံး ဖြစ်ရသည်။ ဆရာမင်းသိင်္ခ၏ ပုဂံသားမောင်ဘမော်ဝတ္ထုကို ဖတ်ရတော့ စစ်ကြီးအတွင်းမှ ဇာတ်အဖွဲ့ကြီးတဖွဲ့ကို စိတ်မျက်စိတွင်မြင်ယောင်ရင်း ပျောက်ဆုံးနေသော တစုံတစ်ယောက်ကို ဇာတ်စင်ပေါ်မှရှာရန် အတွေးတစ ရခဲ့သည်။ ဆရာရန်ကုန်ဘဆွေ ၏ မင်းလိုလူစားအများကြီးဟေ့ စာအုပ်မှ မမျှော်လင့်ဘဲတွေ့မိလိုက်သော ဇာတ်ကွက်တခုတွင် ဆရာရန်ကုန်ဘဆွေတို့ စီစဉ်ကပြခဲ့သော ပြဇာတ်ဖြစ်ပေါ်လာပုံအသေးစိတ်ကိုဖတ်ရင်း ဇာတ်စင်နောက်ကွယ်မှ စီမံပုံများကို တအံ့တသြ ပိုလို့ စိတ်ဝင်စားခဲ့ရသည်။
သည်လိုနှင့် ၁၉၈၈ အရေးတော်ပုံကြီးနောက်ပိုင်းတွင် နေဝင်မီးငြိမ်း ဆိုသည့် အမိန့်ကြမ်းကြမ်းများက ညသဘင်စင်မြင့်မှ ဆလိုက်မီးရောင်တွေကိုပါ အနည်းနှင့်အများဆိုသလို ငြှိမ်းသတ်စေ သည်ဟု ဆိုနိုင်မည်။ ငြိမ်ဝပ်ပိပြားလဲပြိုခဲ့ရသောအရှိန်တို့က တော်တော်နှင့် မပြေနိုင်။ ဤသို့ဖြင့် အချိန်တခုကို ဖြတ်သန်းခဲ့ကြရပြန်သည်။ သို့သော် မြစ်ဝကျွန်းပေါ်ဒေသမှ ကျွန်မတို့ မိဘဇာတိ ရွာကလေးအတွက်တော့ ပြန်လည်တခေတ်ဆန်းစ ပြုလာသောဇာတ်ပွဲများကို ကြည့်ရှုပျော်ရွှင်နိုင်ခွင့်ကို နာဂစ်လှိုင်းလုံးကြီးက အငိုက်ဖမ်း ရိုက်ဖုံးလိုက်ပြန်သည်။ ဒေသတွင်းတွင် မိသားစုအများအပြား ပျောက်ဆုံးသွားကြသည်။ စီးပွားရေးအချို့ ပင်လယ်ရေငန်နှင့်အတူ မျောပါသွားသည်။ ငယ်သူတို့၏အနာဂတ်အတော်များများကလည်း ရေကြည်မြက်နုရာမြို့သို့ပြောင်း ရွှေ့သွားကြပြီ။ ခေတ်အခါအလိုက် နောက်ထပ်အသစ်ပေါ်လာသောဇာတ်အဖွဲ့များကိုလည်း စိတ်မဝင်စားနိုင်တော့။ အဖြစ်အပျက်ဆိုးကြီး၏ နောက်ပိုင်း တပေါင်းလဘုရားပွဲတွင် ဇာတ်ပွဲအစား တရားပွဲများ တရားစခန်းများဖြင့် ငြိမ်းအေးရာကို ရှာဖွေကြသည်။ အုန်းပင်တန်းများကြားမှ ရွာကလေးတွင် ဆိုင်းသံဗုံသံများ တိတ်ဆိတ်သွားတာ ကြာခဲ့ပြီ။
တက္ကသိုလ်မှာ ရှိတ်စပီးယားပြဇာတ်တွေ သင်ခဲ့ရသည်။ As You Like It ထဲတွင် ဇာတ်ကောင် Jaques ကပြောသော နာမည်ကျော်စကားကို မှတ်သားရသည်။ ဒီကမ္ဘာလောကကြီးတခုလုံးဟာ ဇာတ်ခုံပဲ တဲ့။ ယောက်ျားတွေ မိန်းမတွေ အားလုံးဟာ ဇာတ်ကောင်တွေသာ တဲ့။ သူတို့မှာ သူတို့ရဲ့အထွက်ခန်းတွေ အဝင်ခန်းတွေနဲ့။ လူတယောက်ဟာ သူ့အချိန်ကျရောက်ရင် အခန်းကဏ္ဍမျိုးစုံ ကပြ အသုံးတော်ခံရသတဲ့။ ရှိတ်စပီးယားက လူ့ဘဝကို အခန်းကဏ္ဍ သို့မဟုတ် အသက်အရွယ် ခုနှစ်ခု (၇ ခု) ပိုင်းခြားပြခဲ့ပါသည်။ ကလေးထိန်းလက်ထဲက အူဝဲကလေးဘဝမှစကာ သန်မာပြီး လုပ်နိုင်ကိုင်နိုင် ခွန်အားဗလနှင့် ပညာဉာဏ်ပြည့်သောဘဝများကို ကျော်ဖြတ်ပြီး နောက်ဆုံး ခုနှစ်ဆင့်မြောက်တွင် ဒုတိယအကြိမ် ပြန်လည်ကလေးဆန်ခြင်း တနည်းဆိုရသော် သူငယ်ပြန်ခြင်း second childishness သို့ ရောက်ရှိလာမည် ဆိုသည်က ကျွန်မကို တုန်လှုပ်စေခဲ့သည်။ Sans teeth, sans eyes, sans taste, sans everything တဲ့။ နောက်ဆုံး အာရုံငါးပါး အားလုံးကင်းမဲ့သွားခြင်းသာ ထင်းထင်းကျန်မည်။ လူ့ဘဝကိုယ်တိုင်က ဇာတ်ခုံတစ်ခုံပါပဲ။ အားလုံးက ဇာတ်လိုက်တွေပါပဲ။ ဒီလိုဆိုလျှင်တော့ ဇာတ်ခုံပေါ် မရောက်ဖူးပါဘူးဟု ထင်မိသူများ ပြန်တွေးကြည့်ရပါတော့မည်။
ခေတ်တွေ ပြောင်းလာသည်။ မိမိကိုယ်ကို မိမိ အီလက်ထရွန်းနစ်ခေတ်၏ မလွှဲသာမရှောင်သာ လူမှုကွန်ရက်ထဲတွင် ကြိုးအထပ်ထပ် အတုပ်အနှောင်ခံနေရသူတဦးအဖြစ် ပြန်မြင်လာရသည်။ ပွဲခင်းထဲမှာ လူပျောက်လျှင် ဇာတ်ခုံပေါ်က ရှာနိုင်သည်။ တကယ့်ဘဝထဲတွင်လည်း ပျောက်ဆုံးနေသော တယောက်ယောက်ကို လူမှုကွန် ရက်စာမျက်နှာများပေါ်တွင် ပြန်ရှာတွေ့ခဲ့ကြဖူးသည်။ သူတပါးကို ပြန်ရှာတွေ့စဉ်မိမိများစွာက ပျောက်ဆုံးနေကြသည်လား။ ဇာတ်တို့ ၏ အနိမ့်အမြင့် အလှည့်အပြောင်း သဘောများကလည်း နေ့စဉ်စာမျက်နှာများတွင် ထင်ဟပ်နေသည်။ ကျွန်မတို့သည် အပေါ်ယံစိတ်၊ အတွင်းစိတ်များကို ဆိုရှယ်မီဒီယာဟူသည့် စုပေါင်းဇာတ်ရုံကြီးများထဲ နေ့စဉ်ထင်သာမြင်သာ တဝေါဝေါချပြရင်း ဘယ်သူဘယ်ဝါကိုရယ်မသိ ကပြအသုံးတော်ခံနေကြသည်။ ငယ်ဘဝဇာတ်ပွဲများကိုလွမ်းဆွတ်နေစဉ်ကိုယ်တိုင်လည်း ရှုထောင့်တခုခုမှ မီးမောင်းထိုးခံရသော ဇာတ် ခုံပေါ်ကို ရောက်မှန်းမသိ ရောက်ရှိနေပြီး ဖြစ်နိုင်ပါသည်။ စင်အသီးသီးပေါ်မှ ကိုယ်ပိုင် signature သီချင်းများကိုတော့ မိမိလှကြောင်း၊ ကောင်းကြောင်း၊ အောင်မြင်ကြောင်းသာ ဖြစ်သော ခပ်လွယ်လွယ်စာသားများနှင့် ဆိုလွယ်သံစဉ်များသာမက ဒီ့ထက် လေးနက် ပြောင်မြောက်စေချင် ပါသေးသည်။
ညသဘင်၏အလှဆင်မှုကို ကိုဗစ်ကပ်ရောဂါဆိုးက ဆင့်ပိုးနှိပ်စက်လာပြန်သည်။ ဇာတ်ပွဲများ ၏သမိုင်းက တော့ ရွှေ့ပြောင်းသွားကြပြီ။ လူမှုပွဲခင်းကြီးထဲတွင် နေ့စဉ်နေ့တိုင်း မြောက်မြားလှစွာသော သူတပါးတို့၏ဇာတ်စင် တစ်စင်ပြီး တစ်စင်အောက် လှည့်ပတ်ငေးမောကြည့်ကာ ဇာတ်လိုက်လား၊ ဗီလိန်လား၊ ဇာတ်ပို့လား၊ ဇာတ် ကောင်စရိုက်များကို ဝေဖန်သုံးသပ်ကာ၊ နောက်ထပ် ဘာဆက်ဖြစ်မလဲ၊ ဇာတ်လမ်းတွေက ဘယ်လို လှည့်ပြောင်းဦးမလဲ စသဖြင့် ကောက်ချက်မျိုးစုံ ချနေမိစဉ်၊ ကျွန်မကရော ရှိတ်စပီးယား ဘဝအပိုင်းအခြား၏ ဘယ်အခန်းမှာ သရုပ်ဆောင်နေရပြီလဲ။ အလင်းရှိလျှင် အမှောင်ရှိတတ်သည့် လောက၏နိယာမများကိုတော့ မလွန် ဆန်နိုင်။ တချိန်တည်းမှာပင် ကျွန်မတို့၏ကိုယ်ပိုင် ဇာတ်ခုံများအောက် ပြန့်ကျဲစုပုံနေသည့် အရာများမှာ ကိုယ်လိုချင်သည့် ပန်းစည်းလှလှများ၊ ဆုကြေးများချည်းသာ ဖြစ်ပါ့မလား။ ပြောင်းဖူးရိုးများ၊ အုတ်ခဲကျိုးများ ဖြစ်နေလေမလား။
သေချာသည်ကတော့ ပန်းစည်းဖြစ်စေ ပြောင်းဖူးရိုးဖြစ်စေ၊ အားလုံးဟာ ပွဲသိမ်းချိန်တွင် အမှိုက်များအဖြစ် တနေ့နေ့တော့ စွန့်ပစ်ကျန်ရစ်ရမည်သာ။
ပန်ဒိုရာ
၁၅.၁.၂၀၂၁-၅.၁၀.၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar