Breaking News

မြင့်အေး - ဖက်ခွက်နှင့်အိုးပုတ်ခွက်

ဖက်ခွက်နှင့်အိုးပုတ်ခွက်
မြင့်အေး
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၂

ကျွန်တော် ဖက်ခွက်စား ဖြစ်ခဲ့ဖူးပါတယ်။
ဗမာပြည်မှာနေတုန်းက စာတွေဖတ်ရတဲ့အခါ ရှေးတုန်းက သဘင်သည်တွေကို ဖက်ခွက်စားလို့ခေါ်တယ်ဆိုတာ ဖတ်ဘူးတယ်။ နှိမ်ပြီး ပြောတာလို့နားလည်မိပါတယ်။ ဖက်ခွက်ဆိုကိုလည်း နားလည်သလို မလည်သလိုပါပဲ။ မြင်မှ မမြင်ဘူးတာ။ အိန္ဒိယ ရောက်တော့မှ ဒီစကားကို ကောင်းကောင်းနားလည်သွားပါတော့တယ်။
ဗမာတွေပြောတဲ့ ဖက်ခွက်ဆိုတာ ဘယ်လိုလုပ်ထားတာလဲ မသိပါဘူး။ ခုပြောမှာကတော့ အိန္ဒိယရဲ့ ဖက်ခွက်အကြောင်းပါ။ အိန္ဒိယမှာ ဖက်ခွက်အရွယ်အစားအမျိုးမျိုးရှိပါတယ်။ လက်ဖက်ရည်ပန်းကန်လောက်ကနေ ပန်းကန်ပြားရွယ်အထိ မြင်တွေ့သုံးစွဲခဲ့ဖူးပါတယ်။ ပုံစံကလည်း အစုံပါပဲ။ ဇောက်ခပ်နက်နက် ခွက်ကနေ ပန်းကန်ပြားလိုပဲ ပြန့်ပြန့်အထိ မျိုးစုံရှိပါတယ်။ 

 အဲဒီဖက်ခွက်တွေကို သနပ်ဖက်နဲ့လုပ်တာပါ။ သနပ်ဖက်ကလည်း အရွယ်မျိုးစုံရှိပါတယ်။ လက်တဝါးသာသာကနေ ဆီမီးခွက်အရွယ်လောက်အထိ အစားစားရှိပါတယ်။ အဲဒီအရွက်တွေကို ထပ်ပြီးတော့ ပုံစံကျအောင်ခေါက်ချိုးပြီးခွက်လုပ်ထားတာပါ။ သနပ်ဖက်က ကျွန်တော်တို့ဆီမှာ ဆေးပေါ့လိပ်လိပ်ကြတာပါ။ တချို့တော့ အနုကို ချဉ်ရည်ချက်စားကြပါတယ်။ 

စကားစပ်လို့ပြောရရင် အိန္ဒိယကလည်း သနပ်ဖက်ကို ဆေးလိပ်လိပ်ရာမှာလည်း သုံးပါတယ်။ ကျွန်တော်တို့လိုပဲ သူတို့မှာလည်း ရိုးရာဆေးလိပ်ရှိပါတယ်။ ဘီဒီ Bedi လို့ခေါ်ပါတယ်။ သူ့အရွယ်က အိမ်ရိုက်တဲ့ လေးလက်မသံလောက်ပဲရှိပါတယ်။ အိန္ဒိယသားတွေက များသော အားဖြင့် လူကောင်တွေကြီးကြပြီး ဆေးလိပ်ကတော့ အလွန်သေးပါတယ်။ အဲကျွန်တော်တို့က လူကောင်သေးပြီးဆေးလိပ်ကျတော့ ကြီးပါတယ်။ နယ်စပ်ဒေသတွေ (မီဇိုရမ်၊ မဏိပူ)ဘက်ကနေ ဆေးပေါ့လိပ်တွေ သယ်လာကြပြီး ဒေလီက လက်ဖက်ရည်ဆိုင်တွေမှာသောက်တော့ သူတို့က လန်ဘားဘီဒီလို့ အမည်သမုတ်ကြပါတယ်။ အဓိပ္ပာယ်က ဘီဒီ အရှည်ကြီးပေါ့လေ။ ပြောင်းဖူးဆေးလိပ်တွေ့လို့ကတော့ မဟာလန်ဘားဘီဒီလို့ ပြောမလားမသိပါ။

ဖက်ခွက်အကြောင်းဆက်ပါ့မယ်။ သူတို့ရဲ့ အလှုမင်္ဂလာဆောင်တွေရှိတဲ့အခါ ဗမာပြည်မှာလိုပါပဲ လမ်းဘေးမှာ မဏ္ဍပ်ထိုး၊ ဒယ်အိုးကြီးတွေနဲ့ ချက်ပြုတ်ပြီး လာတဲ့သူတွေကို အဲဒီဖက်ခွက်တွေနဲ့ကျွေးတော့တာပါပဲ။ သူတို့က အများအားဖြင့် ပူရီး လက်ညှိုးနဲ့လက်မဝိုင်းထားသလောက်လေးတွေ ကြော်ကြပါတယ်။ ပြီးတော့ဖက်ခွက်ထဲမှာ အားလူးနဲ့ ပန်းဂေါ်ဖီလေး၊ ခရမ်းချဉ်သီးလေး ရောပြီးချက်ထားတာကို ( စပ်ဘဂျီးလို့ခေါ်ပါတယ်) တခွက်၊ ပူရီးကို တခွက်ထည့်ပြီး ရော့အင့်ဆို ပေးလိုက်တာပဲ။ ပွဲတွေဘာတွေရှိရင် ကိုယ်လည်းကြုံရင် ဝင်ဆွဲလို့ရတယ်။ ဒါကြောင့်ဖက်ခွက်စားခဏခဏဖြစ်ဖူးတယ်။ အများအားဖြင့် ဆင်းရဲသားတွေကို ပေးလှုချင်တဲ့အခါ ကျွေးတတ်ကြပါတယ်။ 

ရထားစီးသွားလို့ ဘူတာရုံတွေရပ်နားရင်လည်း အဲဒီအစားအစာတွေကို ခုလိုပဲ ဖက်ခွက်နဲ့ရောင်းတာပါပဲ။ ဂရမ်ပူရီ..ဂရမ်ပူရီ ဆိုပြီးအော်တတ်ကြပါတယ်။ ပူရီပူပူနွေးနွေးလေးပေါ့။ သတ္တုအိုးကြီးကို ရေနံဆီမီးဖိုပေါ်မှာ တင်ထားတော့ ပူပူနွေးနွေး စားလို့ကောင်းပါတယ်။ သူတို့ကလည်းအတော်နပ်ပါတယ်။ မနက်စာနဲ့ညစာ လပ်နေတဲ့ဘူတာရုံတွေမှာ ရောင်းတတ်ကြလို့ အတော်ရောင်းကောင်းပါတယ်။ ဆိုချင်တာက ဖက်ခွက်စားယဉ်ကျေးမှုက အိန္ဒိယလူမှုနယ်ပါယ်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားဆဲပါပဲ။ ခုနောက်ပိုင်း ပလပ်စတစ်တွေပေါ်လာပေမဲ့ ဆင်းရဲသားများတဲ့ အိန္ဒိယမှာတော့ နောင်နှစ်ပေါင်းများစွာအထိ ဆက်ပြီး အသုံးကျနေဦးမှာပါ။ 

နောက်တခုကတော့ မြေခွက်(သို့မဟုတ်) အိုးပုတ်ခွက်ပါ။ ကျွန်တော်ဆို့ဆီမှာတော့အိုးပုတ်ချိုးရုပ်ပဲ မြင်ကြရမှာပါ။ လူတွေက သုံးစွဲတာရှိမရှိတောင် ကျွန်တော်တော့ မသိပါဘူး။ အိန္ဒိယမှာတော့ အိုးပုတ်ခွက်က နေ့စဉ်သုံးပစ္စည်းဖြစ်ပါတယ်။ အထူးသဖြင့်လမ်းဘေးဘူတာတွေမှာ လက်ဖက်ရည်သောက်မယ်ဆိုရင် အဲဒီအိုးပုတ်ခွက်နဲ့ သောက်ရမှာပါပဲ။ အဲရထားပေါ်က ထမင်း စားရင်ပေးတဲ့ ဒဟီး Dahi ခေါ် ဒိန်ချဉ်ကိုလည်း အိုးပုတ်ခွက်နဲ့ပဲပေးတာပါ။ ဖန်ခွက်နဲ့ရောင်းသူလည်း ရှိပါတယ်။ ဒါပေမဲ့ အိုးပုတ်ခွက်ကတော့ တော်တော်များပါတယ်။ 

လွန်ခဲ့တဲ့ (၁၀) နှစ် ဝန်းကျင်က လာလူးဆိုတဲ့ နိုင်ငံရေးသမားတယောက်ရထားဝန်ကြီးဖြစ်လာတော့ အိန္ဒိယက ရထားပေါ်မှာမြေခွက်ပဲ အသုံးပြုရမယ်လို့အမိန့်ထုတ်ခဲ့ပါတယ်။ အိန္ဒိယက ရထားလမ်းဆက်သွယ်မှုက ကမ္ဘာမှာ အရှည်ဆုံး ဖြစ်ပါတယ်။ ရထားနဲ့ခရီးသွားသူက နေ့စဉ် ခရီးသည်သန်းပေါင်းများစွာ သွားနေကြလို့ တနေ့ကို မြေခွက်ပေါင်း ကုဋေချီပြီးသုံးစွဲပါတယ်။ ဒါကြောင့် အိုးပုတ်ဖုတ်သူတွေ အတော် အလုပ်ရသွားခဲ့ကြပါတယ်။ သူကလွယ်တယ်လေ သောက်ပြီးတာနဲ့ ရထားလမ်းပေါ်ပစ်ပေါက်ခွဲလိုက်ရုံပါပဲ။ ခုတော့အဲဒီဝန်ကြီးလည်းပြုတ်သွားလို့ ရထားတွေပေါ် ပလပ်စတစ်တွေပြန်ရောက်နေပြီလားမသိပါ။

တကယ်တော့ ခေတ်ကဘယ်လိုပဲ တိုးတက်နေပေမဲ့ ဆင်းရဲတဲ့ တိုင်းပြည်ကလူတွေကတော့ စျေးပေါပြီး အသုံးလည်းတည့်တဲ့ပစ္စည်းတွေကို ဆက်သုံးနေကြရဦးမှာပါပဲ။ 

တကယ်တော့လည်း ဖက်ခွက်နဲ့ အိုးပုတ်ခွက်ကိုသုံးနေလို့ လူပေါင်းသိန်းနဲ့ချီပြီး အလုပ်ရနေရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို လည်းထိမ်းသိမ်းထားရာရောက်လို့ ချမ်းသာလာတယ်ဆိုရင် တောင်မှ ဆက်ပြီးသုံးစွဲသင့်ပါတယ်။ 

ဖက်ခွက်နဲ့ အိုးပုတ်ခွက်ကို တကမ္ဘာလုံးသုံးစွဲလာခဲ့ရင် ကမ္ဘာကြီးပူနွေးမှု လျော့ချနိုင်ပါလိမ့်မယ်။

မြင့်အေး
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar