Breaking News

အောင်သူငြိမ်း - ရီကာဒို-ရှားပါးမှုဆိုင်ရာ အခြေခံမူ (The Principle of Scarcity)

အောင်သူငြိမ်း - ရီကာဒို-ရှားပါးမှုဆိုင်ရာ အခြေခံမူ (The Principle of Scarcity)

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၂


Thomas Piketty - Capital in the 21st Century (Part 3)

အကယ်၍ နောက်ကို ပြန်ပြောင်းကြည့်ရမည်ဆိုလျှင် ကမ္ဘာပျက်ကိန်းဟူသော ရှေ့ဖြစ်ဟောချက်များက အလွန်ရယ်စရာကောင်းသည်ကို အထင်းသား တွေ့နိုင်ပါသည်။ သို့သော် အရေးကြီးသည်မှာ ၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစု အဆန်းပိုင်းရှိ စီးပွားရေးနှင့် လူမှုရေး အသွင်ပြောင်းဖြစ်ပေါ်မှုများသည် ဓမ္မဓိဋ္ဌာန်ကျကျ မြင်ကြည့်လျှင် အတော့်ကို အထင်ကြီးစရာကောင်းလှသည်။ အမှန်တကယ် ဖြတ်သန်း ကိုယ်တွေ့ကြုံရသူများအဖို့ စိတ်ထိခိုက်ခံစားဖွယ်ရာ ပြောဆိုနေ၍ မသင့်ဟူသည်ကို သဘောပေါက်ထားသင့်ပါသည်။ အမှန်ဆိုရလျှင် (မားသျှူးနှင့် ယန်းတို့သာမက) ခေတ်ပြိုင်လေ့လာသုံးသပ်သူ အများစုက မည်းမှောင်နေသည့်၊ နောက်ဆုံး ဓနဥစ္စာခွဲဝေမှုနှင့် လူမှု အသိုက်အဝန်း၏ ဖွဲ့စည်းထားပုံနှင့် ပတ်သက်၍ ရေရှည် တဖြည်းဖြည်း ဖွံ့ဖြိုးမှုအဖြစ် ဆက်သွားလျှင် ကမ္ဘာပျက်ကိန်းအမြင်များကို မျှဝေလက်ခံထားကြသည်ကို တွေ့ကြရပါသည်။ ဒေးဗစ် ရီကာဒို နှင့် ကားလ်မာ့စ်တို့တွင်လည်း အလားတူပင် ဖြစ်ပါသည်။ ထိုသူများက ၁၉ ရာစုအတွက် ဩဇာတိက္ကမအကြီးမားဆုံး စီးပွားရေးပညာရှင်များ ဖြစ်ကြပါသည်။ ထိုသူနှစ်ဦးလုံးက သေးငယ်သည့် လူမှုအုပ်စု (ရီကာဒိုအတွက်မူ မြေပိုင်ရှင်များနှင့် မာ့စ် အတွက်မူ စက်မှုအရင်းရှင်ကြီးများ) က နောက်ဆုံး မလွှဲမရှောင်သာ တဖြည်းဖြည်းတိုးပွားလာသည့် ထုတ်လုပ်မှုများနှင့် ဝင်ငွေ များကို ပိုင်ဆိုင်သွားကြလိမ့်မည်ဟု မြင်ထားကြပါသည်။၂

၁၈၁၇ ခုနှစ်တွင် ထုတ်ဝေသည့် ရီကာဒို၏ နိုင်ငံရေးစီးပွားရေးဆိုင်ရာ အခြေခံမူများနှင့် အခွန်ကောက်ခြင်း (Principles of Political Economy and Taxation) စာအုပ်တွင် အဓိကစိုးရိမ်ပူပန်မှုမှာ ရေရှည်တွင် မြေတန်ဖိုးများနှင့် မြေငှားခများ တဖြည်းဖြည်း မြင့်တက်လာနေခြင်း ဖြစ်သည်။ မားသျှူးကဲ့သို့ပင် သူ့တွင်လည်း အစစ်အမှန်စရင်းအင်းများကို လက်လှမ်းမမီခဲ့ပါ။ မည်သို့ဖြစ်စေ သူ့တွင် သူ့အချိန်ကာလက အရင်းရှင်စနစ်နှင့် ပတ်သက်၍ နီးနီးစပ်စပ် ဗဟုသုတ ရှိနေပါသည်။ ဂျူး ငွေကြေးလုပ်ငန်းရှင်၊ ပေါ်တူဂီအနွယ် မိသားစုက ဖွားမြင်ခဲ့ပြီး၊ သူက မားသျှူး၊ ယန်း သို့မဟုတ် စမစ်တို့ထက်စာလျှင် နိုင်ငံရေးအရ အစွဲ၊ တင်ကူးဆုံးဖြတ်ထားချက် ပို၍နည်းပုံရပါသည်။ သူ့ကို မားသျှူး၏ မိုဒယ်က ဩဇာလွှမ်းမိုးခဲ့ပုံရပြီး၊ သူက နောက်ထပ်ပို၍ တွန်းတိုက်ပြောဆိုခဲ့သည်။ 

အောက်တွင်ဖော်ပြထားသည့် ကျိုးကြောင်းဆင်ခြင်မှု ဝိရောဓိအားလုံးအတွက် စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ အကယ်၍ လူဦးရေနှင့် ထုတ်လုပ်မှု နှစ်ခုစလုံး တဖြည်းဖြည်း တိုးတက်လာခဲ့ပါက၊ မြေက အခြားကုန်ပစ္စည်းများထက် ပို၍ပို၍ ရှားပါလာ လိမ့်မည်။ ဝယ်လိုအားနှင့် ရောင်းလိုအားသဘောနှင့် တွက်ကြည့်ပါက မြေဈေးနှုန်းက ဆက်၍ဆက်၍ တက်လာလိမ့်မည် ဟု ဆိုသည်။ အလားတူမြေရှင်ထံမှ မြေငှားရသူများအတွက် ငှားရမ်းခလည်း မြင့်လာလိမ့်မည်။ သို့အတွက်ကြောင့် မြေရှင်များက အမျိုးသားဝင်ငွေတွင် ပါဝင်မှုအချိုး ပို၍ကြီးလာမည် ဖြစ်သည်။ ကျန်လူထုများအတွက် အမျိုးသားဝင်ငွေတွင် ပါဝင်မှုအချိုးက လျော့ကျသွားမည် ဖြစ်သည်။ ထိုအခါ လူမှုရေးအရ မျှခြေဖြစ်နေမှုကို ထိခိုက်စေလိမ့်မည်ဟု သူ မြင်သည်။ ရီကာဒိုအတွက်မူ ကျိုးကြောင်းဆီလျော်ကျစွာ၊ လက်ခံနိုင်သည့် တခုတည်းသော အဖြေသည် မြေငှားခများနှင့်ပတ်သက်၍ တိုး၍ တိုး၍ အခွန်ကောက်ယူရန် ဖြစ်တော့သည်။ 

ဤသို့ မှောင်မိုက်နေသည့် တင်ကူးနိမိတ်ဖတ်ချက်သည် မှားယွင်းကြောင်း သက်သေပြခဲ့ပါသည်။ မြေငှားခက ကာလတခုတိုင် အောင် ဆက်၍မြင်နေခဲ့သည်။ သို့သော် နောက်ဆုံးတွင် အခြားသောဓနဥစ္စာ ပိုင်ဆိုင်မှုများနှင့် နှိုင်းယှဉ်လျှင် စိုက်မြေတန်ဖိုး များက မလွှဲမရှောင်သာ ကျဆင်းသွားခဲ့သည်။ အကြောင်းမှာ အမျိုးသားဝင်ငွေတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ဝင်ငွေအချိုး က ကျဆင်းသွားသောကြောင့် ဖြစ်သည်။ ရီကာဒိုက ၁၈၁၀ ခုနှစ်များတွင် ရေးသားခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ဖြစ်ပေါ်လာ မည့် နည်း ပညာတိုးတက်မှု သို့မဟုတ် စက်မှုဖွံ့ဖြိုးတိုးတက်မှုကို သူက ကြိုတင်မှန်းဆနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ မားသျှူးနှင့် ယန်းတို့ကဲ့သို့ပင်၊ လူသားတို့အနေဖြင့် အစာအိမ်လမ်းကြောင်း၏ အရေးပါမှုမှ လုံးဝ လွတ်မြောက်နိုင်ကြောင်းကို သူက မျှော်မှန်းဆမှု မပြုနိုင်ခဲ့ပါ။ 

သူ၏ မြေဈေးနှင့် ပတ်သက်၍ သိမြင်ချက်သည် မည်သို့ဆိုစေ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ သူက အမှီပြုထားသည့် “ရှားပါးမှု ဆိုင်ရာ အခြေခံမူ” (scarcity principle) အရ အချို့သောဈေးနှုန်းများသည် အလွန်မြင့်မားနေပြီး ဆယ်စုနှစ်အချို့တိုင် ဖြစ် ပေါ်နေနိုင်ပါသည်။ ဤအခြေအနေသည် လူမှုအဖွဲ့အစည်းတစုံလုံးကို မတည်မငြိမ်မှု ဖြစ်စေလောက်အောင် လုံလောက်ပါသည်။ ဈေးနှုန်းစနစ်က သန်းပေါင်းများစွာသော ပုဂ္ဂလိက လူတဦးချင်းတို့အကြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပူးပေါင်း ဆောင်ရွက်မှုဖြစ်စေရန် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်နေသည်။ အမှန်ဆိုရလျှင် ယနေ့ကာလမျိုးတွင် ကမ္ဘာ့စီးပွား ရေး စနစ်သစ်တွင် လူသန်းထောင်နှင့်ချီ၍ ပါဝင်ပတ်သက်နေကြပါသည်။ ပြဿနာမှာ ယင်းဈေးနှုန်းစနစ် (price system) က အကန့်အသတ်ကိုလည်း သိမနေပါ။ ကျင့်ဝတ်ဆိုင်ရာ ကိစ္စများကိုလည်း သိမနေခြင်း ဖြစ်ပါသည်။ 

၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ ဓနဥစ္စာခွဲဝေမှုကို နားလည်ဖို့ ကြိုးစားရာတွင် “ရှားပါးမှုဆိုင်ရာ အခြေခံမူ” (scarcity principle) ၏ အရေးပါမှုကို ပစ်ပယ်စဉ်းစားမည်ဆိုလျှင် ကြီးလေးသော အမှားဖြစ်ပါလိမ့်မည်။ ဤအချက်ကို လူတဦးတယောက်ကို နားချနိုင်ရေးအတွက် ရီကာဒို၏ စိုက်မြေဈေးနှုန်း မိုဒယ်ကို ကမ္ဘာ့မြို့တော်ကြီးများရှိ မြို့ပြအိမ်ရာဈေးနှုန်းများနှင့် အစားထိုး၍ ကြည့်နိုင်ပါသည်။ သို့မဟုတ် ရေနံဈေးနှုန်းနှင့်တဖုံ အစားထိုး၍ ကြည့်နိုင်ပါသည်။ ဤဖြစ်ရပ်နှစ်ခုလုံးတွင် ရသမျှဒေတာနှင့် ဦးတည်ရာ ခန့်မှန်းကြည့်ပါက ၁၉၇၀-၂၀၁၀ ကာလအကြား အခြေအနေကို၊ ၂၀၁၀-၂၀၅၀ အကြားကာလ သို့မဟုတ် ၂၀၁၀-၂၁၀၀ အကြားကာလနှင့် ယှဉ်ကြည့်ပါက စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေး မျှခြေပျက်မှုကြီး၏ အတိုင်းအဆကိုမှန်းကြည့်နိုင်ပါသည်။ နိုင်ငံတခုအတွင်းရှိ ဦးတည်ရာ အခြေအနေနှင့်ပါ တွက်ကြည့်နိုင်သည်။ သို့ဆိုလျှင် ရီကာဒို၏ ကမ္ဘာပျက်ကိန်း ဟောချက်အရ မျှခြေပျက်မှုကို မလွှဲမရှောင်သာ ထည့်သွင်းတွက်ချက်မိစေမည် ဖြစ်သည်။ 

သေချာသည်မှာ စီးပွားရေးအရ အတော်ရိုးရှင်းလွယ်ကူသည့် လုပ်ငန်းစဉ်စနစ်တခုက ထိန်းညှိနေသည့် မျှခြေ ရှိနေခြင်းပင် ဖြစ်ပါသည်။ ယင်းမှာ ဝယ်လိုအားနှင့် ရောင်းလိုအားစနစ်ပင် ဖြစ်သည်။ အကယ်၍ ပစ္စည်းတခုခုကို ရောင်းလိုအားက မလုံလောက်ပါက ဈေးနှုန်းက အလွန်မြင့်မားလာမည် ဖြစ်သည်။ ထိုအခါ ယင်းပစ္စည်းအပေါ် ဝယ်လိုအား ကျဆင်းလာလိမ့်မည်။ ထိုအခါ ဈေးနှုန်းက ပြန်၍ကျဆင်းလာပေလိမ့်မည်။ တနည်းဆိုရသော် အိမ်ရာများနှင့် ရေနံဈေးနှုန်း မြင့်မားလာပါက လူများက ကျေးလက်သို့ ပြောင်းရွှေ့သင့်သည်။ သို့မဟုတ် စက်ဘီးစီး၍ ခရီးသွားသင့်ပါသည်။ (နှစ်ခုစလုံးလည်း ဖြစ်နိုင်သည်) ဤသို့ ချိန်ညှိဆောင်ရွက်ရသည့်အတွက်ကြောင့် မသက်မသာ ဖြစ်နိုင်သည်၊ ရှုပ်ထွေးခက်ခဲမှုများလည်း ကြုံရနိုင်သည်ကို စိတ်မရှိပါနှင့်။ ဤအခြေအနေက ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။ ဤအခြေအနေတွင် မြေရှင်များနှင့် ရေနံတွင်းပိုင်ရှင်များ က ကျန်လူထုများထက်စာလျှင် ဓနဥစ္စာ ကောင်းစွာစုဆောင်းမှု ဖြစ်စေပြီး၊ သူတို့ပိုင်ဆိုင်လိုသမျှ အလွယ်တကူ လာ၍ပိုင်ဆိုင် ဖို့ ဖြစ်နိုင်ပါသည်။ ကျေးလက်အိမ်ရာများရော၊ စက်ဘီးများပါ တခါတည်း ပိုင်ဆိုင်နိုင်ပါသေးသည်။၃ ဖြစ်နေကျအတိုင်း အဆိုးဆုံးက မည်သည့်အခါမျှ မရောက်လာမည်မှာ သေချာပါသည်။ 

သက္ကရာဇ် ၂၀၅၀ တွင် ရှိမည့် စာဖတ်သူများအတွက် သူတို့၏မြေငှားခများကို ကွာတာရှိ အီမာစော်ဘွား (emir of Qatar) တို့ ထံ ပေးရလိမ့်မည်ဟု သတိပေးလျှင် သိပ်စောလွန်းနေပါသေးသည်။ အချိန်တန်သည့်တိုင် မိမိအနေဖြင့် စောင့်ဆိုင်းပြီးမှ ပြောဖို့ ဆုံးဖြတ်ပါမည်။ မိမိ၏ အဖြေက ပို၍သိမ်မွေ့နိုင်ပါသည်။ အတန်အသင့် ဖြေသိမ့်ပေးခြင်းမျိုးသာ ဖြစ်နိုင်ပါသည်။ သို့ သော် ယခုအချိန်တွင် အရေးကြီးသည်မှာ ဝယ်လိုအားနှင့် ရောင်းလိုအားတို့၏ အပြန်အလှန် ဆက်နွယ်နေပုံနှင့် အချို့သော ဈေးနှုန်းများ အလွန်အမင်း ပြောင်းလဲသွားခဲ့ပါလျှင် ယင်းနှင့်ဆက်စပ်ပြီး ဓနဥစ္စာခွဲဝေမှု အကြီးအမားနှင့် ရေရှည်သဘော လမ်းလွဲပြောင်းလဲသွားနိုင်ခြင်း ဖြစ်နိုင်သည်ကို ပစ်ပယ်၍ မရနိုင်ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ရီကာဒို၏ ရှားပါးမှု အခြေခံမူ ၏ နောက်ဆက်တွဲအကျိုးဆက်ပင် ဖြစ်ပါသည်။ သို့သော် အံစာတုံးကို ပစ်ချကစားလိုက်ခြင်းကြောင့် ကောင်းလာမည်၊ ဆိုးလာမည်ဟု မဆိုနိုင်ရကား မည်သည့်အချက်ကမျှ မိမိတို့ကို လုပ်ရမည်ဟု မဖြစ်မနေ တိုက်တွန်းနေခြင်း မရှိပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar