Breaking News

မ လ ရ - မှောင်နေတဲ့ ထောင့်ချိုးထဲက အိမ်မြှောင်စုတ်ထိုးသံ

မှောင်နေတဲ့ ထောင့်ချိုးထဲက အိမ်မြှောင်စုတ်ထိုးသံ
မ လ ရ
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၂

ကိုယ်ဟာ မုဒိတာနုတ်ထားတဲ့ ခံတွင်းပျက် သံပုရာဆိုဒါတစ်ခွက်
ငါ့ကို အရသာရှိပါလို့ တစာစာမအော်နိုင်တော့တဲ့ ဆက်ရက်တောင်ပံကျိုး
ဟဲလို အချိုတွေ အပျော်တွေနဲ့ ငါ ဒီတနွေလုံး တံတားချိုး ဆွေခန်းမျိုးခန်းဖြတ်ထားတာပါ
ငါဟာ စိတ်ကောင်းမရှိတတ်တော့တဲ့ မနူးမနပ်အနုပညာသမား
တက်ကြွလှုပ်ရှားသူဆိုတဲ့ကမ်းပါးကို နတ်သမီးကမ်းပါးလား နတ်သမီးတင်ပါးလား ငေးကြည့်မိသူ
ညောင်ဦးသား ညောင်ဦးဖီးလို ငါဟာ ထန်ပြင်းဆူပွက်နေတဲ့ မြစ်ရေကိုကူးဖြတ် 
နတ်သမီးကမ်းပါးကို ပြေးတက်ပြီး နဖူးနဲ့ပွတ်သပ်နိုင်မလား
သွားစမ်းပါ ငါဝံ့ပါ့မလား ဆိုတဲ့ ထိုကဗျာထဲက ထိုအသံ မိကျောင်းမှန်ရင် ဆန်ကြလိမ့်မည်ပ
မိုးအကျ ရဲနွယ်ချောင်းရေစီးထဲ တိုးဝှေ့မျောပါလာတဲ့သစ်လုံးတွေနဲ့ ထင်းအကျိုးအကြေတွေကိုသတိရမိသေးတော့
အညစ်အကြေး လျှော်ဖွပ်ခြင်းအောက်မှာ အနုပညာဟာ ဆပ်ပြာခဲတချို့တလေ ဖြစ်နေရော့လား ငါမသိပြီ
အဝတ်လျှော်စက်ထဲ တိုးဝှေ့ခုန်ဆင်းလာတဲ့ ငွေကြေးတွေဟာ ဖွေးဖွေးဖြူသွားမှာလည်း ငါမပြောတတ်ပြီ
စည်ကားရာလမ်းမနဲ့ ခန်းမတွေကို ရှောင်ကွင်းနေထိုင်ရသူ ခံတွင်းပျက်သူပေပေါ့
သွေးညှီနံ့ မီးခိုးနံ့တွေဟာ နှာဝက မထွက်တမ်းကိုက်ဖမ်းထားလို့ အနုပညာ အစာငတ်ခံသူတဦးပေပေါ့
ကန္တာရနှစ်ထဲက အဆုပ်ဆုပ်အခဲခဲ ပန်းခင်းတွေကို ငါဘယ်လိုမှ စိတ်ရှင်းရှင်း မချဉ်းနိုင်တော့ပါ
ဆူးကိုမှ ရှာသူမှာလည်း ဆူးအရသာ ဆူးလေဆူးနဲ့ နဖူးပေါက်ရင်လည်း နင့်နဖူး ငါနဖူး မထူးသာ
နိုင်ငံရဲ့ နာရေးထဲ နေ့တိုင်း နစ်နေရတဲ့အခါ နင့်ဧည့်ခန်းက ဝင်းပနေတဲ့ ပန်းအလှထိုးအိုးကို ငါ့လာမပြနဲ့။

အောက်တိုဘာ ၁၉၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar