အောင်သူငြိမ်း - ငြိမ်းချမ်းရေးကာလ စီးပွားရေးစနစ်မျိုးဖြင့် စစ်ပွဲကို မနိုင်
အောင်သူငြိမ်း - ငြိမ်းချမ်းရေးကာလ စီးပွားရေးစနစ်မျိုးဖြင့် စစ်ပွဲကို မနိုင်
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၂
==================
(Joseph E. Stiglitz - Wars Aren’t Won with Peacetime Economies)
အောက်တိုဘာ ၁၇၊ ၂၀၂၂။ Project Syndicate
ယူကရိန်းတွင် ကျူးကျော်စစ်ကို စတင်ကတည်းက ရုရှားသမ္မတ ဗလာဒီမာပူတင် အနောက်ကမ္ဘာတခုလုံးနှင့် ဆန့်ကျင်ရင်ဆိုင်ရမည့် သူ၏ ရက်စက်ကြမ်းကြုတ်သည့် စီမံကိန်းကို အစပြုခဲ့သည်။ သို့သော်လည်း အနောက်တိုင်းအစိုးရများက နိုင်ငံရေးအရ နှင့် သံတမန်ရေးအရသာ တုံ့ပြန်နေကြသည်။ သူတို့ ဆောင်ရွက်ဖို့ လိုနေသည်မှာ စီးပွားရေးအရ တုံ့ပြန်မှုဖြစ်သည်။
==================
နိုင်ငံရေးအရဆိုရင် ဂျီ ဆဲဗင်း (G7)- ကမ္ဘာပေါ်က အနည်းနဲ့အများဆိုသလို သဘောထား တူညီကြတဲ့နိုင်ငံများက ရုရှားကျူးကျော်မှုကို ရပ်တန့်စေဖို့ စစ်ပွဲအခြေခင်းခဲ့ကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင် နိုင်ငံတကာဥပဒေတွေရဲ့ အခြေခံအကျဆုံး အချက်ကိုချိုးဖောက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် အခြားနိုင်ငံတခုကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ကုလသမဂ္ဂ ဆိုတာက ဒီလိုကျူးကျော်မှုတွေကို ကာကွယ်နိုင်ဖို့ ရှင်းလင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ အင်စတိကျူးရှင်းတခု ဖြစ် ပါတယ်။ ချော့မြူဖြန်ဖြေရေးမူရဲ့ အန္တရာယ်ကတော့ ထင်ရှားပါတယ်။ အနည်းဆုံး ကိုယ်ချင်းစာတရားနဲ့ ပူတင်အုပ်ချုပ်မှု အောက်မှာ နေထိုင်ရမယ့်အရေးကို စဉ်းစားကြည့်ရင်တောင် တုန်လှုပ်ဖွယ်ကောင်းလှပါတယ်။
ဒီကိစ္စက ပုံမှန်မဟုတ်တဲ့ စစ်ပွဲပါ။ ပူတင်က သူ့ရဲ့စီမံကိန်းကို အနောက်ကမ္ဘာတခုလုံးနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးကို ဖော်ပြပြော ဆိုထားပြီး ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံသားတွေသာ ရုရှားကျူးကျော်မှုကို ပြန်တိုက်ခိုက်ဖို့ ကိစ္စအားလုံးနဲ့ နိုင်ငံသားတွေနဲ့ အခြေခံ အဆောက်အဦတွေကို ဖျက်ဆီးပစ်နေတဲ့ စစ်ပွဲရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခံစားကြရဖို့ မဟုတ်ပါဘူး။ ဒီအချိန်မှာ ဥရောပ နဲ့ အမေရိကတို့က စီးပွားရေးနဲ့ စစ်ရေး အကူအညီပေးနေကြပါတယ်။ ကျန်ကမ္ဘာကတော့ စစ်ပွဲရဲ့ ဆိုးကျိုး အကျိုးဆက်တွေ ဖြစ်တဲ့ ရေနံလောင်စာ ဈေးမြင့်လာခြင်း၊ စားနပ်ရိက္ခာ ဈေးမြင့်လာခြင်း စတာတွေကို ခံစားနေကြရပါတယ်။
ဒါပေမဲ့ စစ်ပွဲကို ငြိမ်းချမ်းရေးကာလ စီးပွားရေးစနစ်မျိုးနဲ့ အောင်မြင်မယ်လို့ တွက်ထားရင်တော့ အမှားကြီးပါပဲ။ ဘယ်နိုင်ငံကမှ ကြီးမားပြင်းထန်တဲ့ စစ်ပွဲကို ဈေးကွက်လက်ထဲ သူ့ဘာသာလွှတ်ထားရုံနဲ့ အောင်မြင်လေ့ မရှိပါဘူး။ ဈေးကွက်သဘောက လိုအပ်တဲ့ အခြေခံဖွဲ့စည်းပုံ ပြောင်းတဲ့အခါ နှေးကွေးစွာပဲ ရွေ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုက “ကာကွယ်ရေး ထုတ် လုပ်မှုဥပဒေ” (Defense Production Act) ကို ပြဋ္ဌာန်းရတာပါ။ ၁၉၅၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းပြီးတော့ COVID-19 ကပ်ဘေးဖြစ်လာတဲ့အခါ စစ်ပွဲလို နှိုးဆော်အသုံးချခဲ့ပါတယ်။ ကလေးနို့မှုန့် ပြတ်လပ်မှုအတွက်လည်း ဖြေရှင်းနိုင်ဖို့ အသုံးချခဲ့ပါ သေးတယ်။
စစ်ပွဲတွေက ယေဘုယျအားဖြင့် ပစ္စည်းပြတ်လပ်မှုကို ဖြစ်စေပါတယ်။ တစုံတခုကို တန်ဖိုးပေးဆပ်ရတာနဲ့အမျှ တစုံတရာ အတွက် အကျိုးအမြတ် အကြီး အကျယ် ရစေနိုင်ပါတယ်။ သမိုင်းကြောင်းအရ စစ်ပွဲအရ အကျိုးအမြတ်ထွက်ခဲ့တဲ့သူတွေကို ပုံမှန်အားဖြင့် သုတ်သင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီလိုလူတွေထဲမှာ လောင်စာစွမ်းအင် ထုတ်လုပ်သူတွေနဲ့ ကုန်သည်တွေ ပါဝင်ပါတယ်။ သူတို့က ကြိုးစင်ကို သွားရမှာထက်စာရင် ဒီနေ့ကာလမှာတော့ အခွန်လျှော့ပေါ့ပေးတဲ့ အကျိုးအမြတ်တွေကို မိုးရွာသလိုပါ ရနေကြပါသေးတယ်။ ဥရောပသမဂ္ဂက ဒီလိုကိစ္စမျိုး အဆိုပြုဖူးပါတယ်။ ဒါပေမယ့် သိပ်နောက်ကျမှ ဖြစ်လာတာပါ။ သိပ်အားပျော့ပြီး၊ စိန်ခေါ်ရင်ဆိုင်နိုင်ဖို့ သိပ်ကျဉ်းမြောင်းလွန်းပါတယ်။ အလားတူပါပဲ၊ ကွန်ဂရက်အမတ် အချို့က ရေနံကုမ္ပဏီကြီးတွေရဲ့ ဧရာမအမြတ်တွေကို အခွန်ကောက်ဖို့ ဥပဒေကြမ်း တင်ခဲ့ဖူးပါတယ်။ သမ္မတဘိုင်ဒင် အစိုးရ က ဒီကိစ္စအပေါ် ဆက်လုပ်ဖို့ ပျက်ကွက်နေပါသေးတယ်။
ဒါကလည်း နားလည်မှုပေးနိုင်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်အနေနဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေ (Inflation Reduction Act) နဲ့ ချစ်ပ်ဥပဒေ (CHIPS Act) လိုမျိုး ဥပဒတွေအတွက် ထောက်ခံမှုရအောင် ကြိုးပမ်းရတာနဲ့ အလုပ်များ နေပါတယ်။ အဲဒါအပြင် ဈေးနှုန်းမြင့်မားနေတာတွေကို ကန့်သတ်နိုင်ဖို့ ပုဂ္ဂလိကကဏ္ဍက ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကြိုးပမ်းနေရပါတယ်။ သူ့အစိုးရက “စီးပွားရေးလုပ်ငန်းတွေကို မလိုလား ဆန့်ကျင်သူ” (anti-business) အသွင်မျိုးပေါက် နေလို့လည်း နာကျဉ်ခံစားနေရပါသေးတယ်။ အတော်မသတ်နိုင်ရတဲ့ အမြတ်တွေကို အခွန်အတုတ်ကောက်ဖို့နဲ့ ရလာတဲ့ ငွေတွေကို စစ်ပွဲမှာ လိုအပ်နေတဲ့ ဘဏ္ဍာငွေထောက်ပံ့ပေးဖို့၊ ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ခံစားနေရတဲ့သူတွေကို ပြန်ထောက်ပံ့ ဖို့ လုပ်တာဟာ “စီးပွားရေးလုပ်ငန်းတွေကို မလိုလား ဆန့်ကျင်တာ” (anti-business) မဟုတ်ပါဘူး။ တာဝန်သိတဲ့ စစ်ပွဲ ကာလ အုပ်ချုပ်မှုစနစ်တခုသာ ဖြစ်ပါတယ်။ စစ်ပွဲကြိုးပမ်းချက်အပေါ် လူထုထောက်ခံမှု များလာစေရေး လိုအပ်တဲ့ ဆောင် ရွက်ချက်တခုလည်း ဖြစ်ပါတယ်။ ဒီလို ယာယီအခွန်ကောက်တာဟာ ရင်းနှီးမြှုပ်နှံမှုတွေကို မထိခိုက်စေသလို၊ အလုပ်အကိုင် ရရှိမှုကိုလည်း မထိခိုက်စေပါဘူး။ ကုမ္ပဏီတခုက မရထိုက်တဲ့၊ ပုံမှန်မဟုတ်ရနေတဲ့ အကျိုးအမြတ်တွေအပေါ် အခွန်ကောက် တာဟာ မတရားတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ (အဲဒါတွေအပြင် ယေဘုယျအားဖြင့် ကော်ပိုရေးရှင်းကြီးတွေကို အခွန်ကောက်ယူတာက ဈေးကွက်နဲ့ ဈေးနှုန်းတွေကို ပုံပန်းမပျက်စေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်းနဲ့ နှုတ်ယူနိုင်တဲ့ တန်ဖိုး deductible တွေ အပါအဝင် ကုန်ကျစရိတ်တွေကြောင့် ဖြစ်ပါတယ်။)
ဥရောပအတွက်ဆိုရင် ပိုလို့ဘက်စုံဖြစ်တဲ့ ဆောင်ရွက်ချက်တွေ လိုအပ်နေပါသေးတယ်။ ခုဆိုရင် ဥရောပမှာ လျှပ်စစ်ဆိုင်ရာ ဈေးကွက်ဟာ စစ်ပွဲကာလအခြေအနေအတွက် ဒီဇိုင်းလုပ်ထားတာ မဟုတ်ပါဘူး။ အဲဒီအစား နောက်ဆုံးထုတ်ကုန်တခု အပေါ် တန်ဖိုးသင့်ငွေ (marginal-cost pricing) အပေါ် ဈေးနှုန်းသတ်မှတ်တဲ့ မူကို ယူထားတာပါ။ ဆိုလိုတာက လျှပ်စစ် ဈေးနှုန်းက လက်ရှိဝယ်လိုအားကို ပြည့်မီနိုင်ဖို့၊ ထုတ်လုပ်မှု ကုန်ကြမ်းရင်းမြစ်ရဲ့ မြင့်မားလာတဲ့ ဈေးနှုန်း ကုန်ကျစရိတ် အပေါ်မှာ ထင်ဟပ်သက်ရောက်မှု ရှိနေပါတယ်။ ဓာတ်ငွေ့ဈေးနှုန်းမြင့်လာရင်၊ နောက်ဆုံးထုတ်ကုန် ယူနစ်တခုအပေါ် တန်ဖိုး သင့်ငွေကလည်း ပျမ်းမျှပုံမှန်ဈေးနှုန်းထက် မြင့်မားလာမှာပါ။ ဥပမာဆိုရရင် ပြည့်မြဲစွမ်းအင်တွေဆိုရင်တော့ ဈေးနှုန်းပြောင်း လဲမှုက အနည်းအကျဉ်းသာ ရှိမှာပါ။
ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားကို ဈေးချိုချိုဖြင့် ရောင်းချမည့်သူများကို သတ်ပစ်သလို ဖြစ်နေတဲ့အချိန်မှာ စစ်ပွဲမတိုင်မီ က လောင်စာစွမ်းအင်ကို ဈေးချိုချိုနဲ့ရထားတဲ့ ကုန်သည်တွေက အလုပ်ဖြစ်နေကြပါတယ်။ ဈေးကွက်မှာ ကစားနေကြတဲ့ သူတွေက ယူရိုငွေ ဘီလီယံနဲ့ချီ အမြတ်ရနေကြပါတယ်။ စားသုံးသူတွေအတွက်ကျတော့ လျှပ်စစ်မီတာခတွေက မိုးထိုး မြင့် မားနေပါတယ်။ လောင်စာချမ်းသာ (သဘာဝဓာတ်ငွေ့နဲ့ ရေနံသိုက်တွေရှိနေတဲ့) ကြွယ်ဝတဲ့ နော်ဝေလိုနိုင်ငံမျိုးမှာတောင် လျှပ်စစ်ဈေးနှုန်းက ၁၀ ဆ လောက် တက်သွားပါတယ်။
ဒီအချိန်မှာ အိမ်ထောင်စုတွေနဲ့ လုပ်ငန်းငယ်တွေကတော့ ချောက်ကမ်းပါး အစွန်အဖျား နီနေပါပြီ။ အချို့ကုမ္ပဏီကြီးတွေ တောင် ဒေဝါလီခံနေကြရပါပြီ။ ပြီးခဲ့တဲ့လက ဂျာမနီနိုင်ငံ သုံးပုံတပုံကို ဓာတ်ငွေ့ထောက်ပံ့နေတဲ့ Uniper ခေါ်တဲ့ ကုမ္ပဏီကြီး ကို နိုင်ငံပိုင် သိမ်းလိုက်ပါတယ်။ အလွန်အမင်း အရှုံးပြနေတဲ့ အခြေအနေကို လူအများက ကျခံလိုက်ရတာမျိုးပါ။ ဥရောပမူအရ “အစိုးရထောက်ပံ့မှု မပေးကြေး” ဆိုတာကို ဘေးချထားလိုက်ရပါပြီ။ ဘာကြောင့်လဲဆိုတော့ အဓိကအားဖြင့် ဥရောပ ခေါင်းဆောင်တွေက ဈေးကွက်ဖွဲ့စည်းထားပုံကို အပြောင်းအလဲနဲ့ လိုက်ရွှေ့ရာမှာ သိပ်နှေးနေပါတယ်။ ဒါက စစ်ပွဲတွင်း ဖြစ်သင့်တဲ့ ဒီဇိုင်း မဟုတ်ပါဘူး။
စီးပွားရေးပညာရှင်တွေက နောက်ဆုံးထုတ်ကုန်တခု အပေါ် တန်ဖိုးသင့်ငွေ (marginal-cost pricing) ဆိုတဲ့မူကို သိပ်သဘောကျကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်လျော်တဲ့ မက်လုံးတွေပေးနိုင်သလို၊ ဖြန့်ဝေမှုသဘောအရလည်း အကျိုးဆက်တွေ ဖြစ်ပေါ်တာ နည်းပါးပါတယ်။ ပုံမှန်အခြေအနေမှာတော့ အလွယ်တကူ စီမံနိုင်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ စနစ်ကပေးတဲ့ မက်လုံးသက်ရောက်မှုများက နည်းပြီး၊ ဓနဖြန့်ဝေမှုသက်ရောက်မှုက ဧရာမ အကြီးအကျယ် ဖြစ်နေပါတယ်။ ရေတိုမှာတော့ စားသုံးသူတွေနဲ့ လုပ်ငန်းငယ်တွေ သူတို့ရဲ့ အပူပေးစက်ကို ဆောင်းတွင်းကြီးမှာ ပိတ်ချလိုက်ပြီး၊ နွေရာသီ ရောက်မှ ပြန်ဖွင့်တော့မှာပါ။ ဖက်စုံသဘော လောင်စာစွမ်းအင် ချွေတာမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု (comprehensive energy-saving investments) တွေက အစီအစဉ်ချဖို့၊ အကောင်အထည်ဖော်ဖို့ အချိန်ယူရပါတယ်။
ကံကောင်းတာက၊ ပိုလွယ်ကူတဲ့စနစ် (အချို့နိုင်ငံတွေမှာ စပြီးဆွေးနွေးနေကြပါပြီ။ အချို့နိုင်ငံများမှာတော့ တစိတ်တပိုင်း အကောင်အထည်ဖော်နေကြပါပြီ) က ဖြန့်ဝေမှုဆိုင်ရာ သက်ရောက်မှုများကို ထိခိုက်သက်ရောက်မှု မရှိစေဘဲ၊ နောက်ဆုံး ထုတ်ကုန်တခု အပေါ် တန်ဖိုးသင့်ငွေ (marginal-cost pricing) စနစ်ကို ဆက်လက် ထိန်းသိမ်းထားဖို့ပါ။ အစီအစဉ်အတိုင်း မဟုတ်သည့် ဈေးနှုန်းသတ်မှတ်မှု မူဘောင် (non-linear pricing framework) အောက်တွင် အိမ်ထောင်စုများနှင့် လုပ်ငန်း များကို ပြီးခဲ့တဲ့နှစ်က ဝယ်ယူတဲ့ဈေးနှုန်းနဲ့ သူတို့ထောက်ပံ့ပစ္စည်း ၉၀% ကို ဝယ်ယူနိုင်ရမယ် ဖြစ်ပြီး၊ ၉၁ % ကနေ ၁၁၀ % ကိုတော့ ဆိုကြပါစို့ အရင်နှစ်က ဈေးနှုန်းရဲ့ ၁၅၀% နဲ့ ဝယ်ယူနိုင်တာမျိုး စီမံကိန်းပါ။ နောက်ဆုံးထုတ်ကုန်တခုအပေါ် တန်ဖိုးသင့်ငွေ (marginal-cost pricing) (marginal-cost price) မသက်ရောက်ခင် အခြေအနေမျိုးအပေါ် စဉ်းစားတာ ဖြစ်ပါတယ်။
အစီအစဉ်အတိုင်း မဟုတ်သည့် ဈေးနှုန်းသတ်မှတ်မှု မူဘောင် (non-linear pricing framework) ကို ဈေးကွက်အများစုမှာ တော့ အသုံးမချနိုင်ပါဘူး။ “အတင်းအကျပ်” (arbitrage) လုပ်ဆောင်ခိုင်းတဲ့ ဖြစ်နိုင်ခြေ ရှိနိုင်ပါတယ်။ (ပစ္စည်းတခုကို ဈေးချို နေစဉ်မှာ ဝယ်ယူပြီး၊ ချက်ချင်း ဈေးမြင့်တာနဲ့ ပြန်ရောင်းတာမျိုးပါ) လျှပ်စစ်က အဲသလိုပစ္စည်းမျိုးထဲက တခု မဟုတ်ပါဘူး။ ဒါကြောင့် အချို့စီးပွားရေးပညာရှင်တွေက (ဂျိုးဆက်ဖ် စတစ်ဂလစ်လည်း အပါအဝင်ပါ) ဈေးကွက်ရဲ့ မစွမ်းဆောင်နိုင်မှု (market failure) ကြောင့် အရေးပါတဲ့ ခွဲဝေဖြန့်ဖြူးမှုအပေါ် သက်ရောက်နိုင်တဲ့ အချို့ကိစ္စမျိုးတွေမှာ အသုံးချကြည့်ဖို့ ကာလ ကြာရှည်ကတည်းက တိုက်တွန်းခဲ့ကြပါတယ်။ အစိုးရက အသုံးချနိုင်တဲ့၊ အသုံးချသင့်တဲ့ စွမ်းအားကြီးတဲ့ လက်နက်ကရိယာ တခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ပွဲအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ကာလမျိုးမှာပါ။
စားသောက်ကုန် ဈေးနှုန်း အလွန်မြင့်မားနေတာနဲ့ ပတ်သက်လို့လည်း တခုခု လုပ်ဆောင်သင့်ပါတယ်။ အမေရိကန် လယ် သမားတွေကို ရာစုနှစ်တဝက်လောက် မစိုက်ပျိုးဖို့ ထောက်ပံ့ကြေးတွေ ပေးနေခဲ့တဲ့နောက်ပိုင်းမှာ (စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်း ထိန်းသိမ်းဖို့ ပံ့ပိုးတဲ့ နည်းဟောင်းဖြစ်ပါတယ်) အခုအခါမှာတော့ သူတိုကို ပိုမိုထုတ်လုပ်ဖို့ ထောက်ပံ့ပေးသင့်ပါတယ်။ ဒီလိုအပြောင်းအလဲတွေက အာဏာနဲ့ ခိုင်းရာမျိုး ကျပါတယ်။
ဗီယက်နမ်တွေက နားလည်ကြတဲ့အလျောက်၊ တိုက်ပွဲတွေ စစ်မျက်နှာမှာထက်စာရင် နိုင်ငံရေးမျက်နှာစာမှာ အများစု အနိုင် ယူခဲ့ကြတာပါ။ ၁၉၆၈ ခုနှစ်မှာ တက်ထိုးစစ်လုပ်ခဲ့တာဟာ နယ်မြေသိမ်းပိုက်ရေးထက်စာရင်၊ စစ်ပွဲအပေါ် တွက်ချက်မှု ကဲကုလကို ပြောင်းစေချင်လို့ ဖြစ်ပါတယ်။ အလုပ်ဖြစ်ခဲ့ပါတယ်။ ရုရှားကို ခုခံနိုင်ဖို့ ယူကရိန်းတွေအတွက် ထောက်ပံ့ပေးမှု ပိုလိုတာ မှန်ပါတယ်။ ဒါပေမဲ့ အနောက်ကမ္ဘာဘက်က စီးပွားရေးအရ ပိုကောင်းတဲ့တုံ့ပြန်မှုမျိုး အကျယ်အပြန့်အားဖြင့် လိုအပ်ပါတယ်။ ဒီလိုကိစ္စမျိုးကို အကျိုးအမြတ် အတောမသတ်နိုင်ရနေကြတဲ့ အမြတ်တွေကို အခွန်ကောက်တာမျိုး၊ အဓိကကျတဲ့ ကုန်ဈေးနှုန်းများ [လျှပ်စစ်နဲ့ စားနပ်ရိက္ခာ ဈေးနှုန်းတွေ အပါအဝင်] ကို ထိန်းချုပ်ခြင်းနဲ့ စတင်နိုင်ပါတယ်။ အရေးကြီးတဲ့ ပြတ်လပ်မှုမျိုးတွေ ဖြစ်လာရင် အစိုးရတွေက ဝင်ရောက်စွက်ဖက်မှုမျိုးကို တိုက်တွန်းနိုင်ပါတယ်။
ဈေးကွက်က ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတဲ့ အိုင်ဒီယာအပေါ်မှာ အလွယ်အခြေခံထားတဲ့ ခေတ်သစ် လစ်ဘရယ်ဝါဒနဲ့ လုပ်နေရင် လက်တွေ့ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ငြိမ်းချမ်းတဲ့ကာလမှာတောင် အလုပ်ဖြစ်ဖို့ မလွယ်ပါဘူး။ စစ်ပွဲကို အောင်မြင်ဖို့အတွက် ကျနော်တို့အဲသလို ဆက်လက်ခွင့်ပြုနေဖို့ မဖြစ်နိုင်ပါဘူး။
Joseph Stiglitz (ဂျိုးဆက်ဖ် စတစ်ဂလစ်) ဟာ နိုဘဲဆုရ စီးပွာရေးပညာရှင် ဖြစ်ပြီး၊ ကိုလံဘီယာတက္ကသိုလ်က ပါမောက္ခ တဦးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများအပေါ် အခွန်ကောက်ခံရေး ပြုပြင်ပြောင်းလဲမှု သီးခြား လွတ်လပ်တဲ့ ကော်မတီ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar