ကေအန်ယူရဲ့ စစ်ကြောင်းတွေက ကော့ကရိတ်မြို့ကို တိုက်ခိုက်၊ FATF ငွေကြေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်း
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၁ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၂
ကေအန်ယူရဲ့ စစ်ကြောင်းတွေက ကော့ကရိတ်မြို့ကို တိုက်ခိုက်၊ FATF ငွေကြေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်း
အောက်တိုဘာ ၂၁ ရက်နေ့နံနက်မှာ ကေအန်ယူရဲ့ မဟာမိတ် အဖွဲ့တွေလို့ ဆိုနိုင်တဲ့ စစ်ကြောင်းတချို့က ဦးစီးပြီး PDF တပ်သားတွေ ပါဝင်တဲ့ လက်နက်ကိုင် တပ်တွေက ကော့ကရိတ်မြို့ နဲ့ ဆက်စပ်နေတဲ့ တပ်ရင်း၊ အစိုးရရုံးတွေရှိတဲ့နေရာ၊ ရဲစခန်းအချုပ်ခန်း စတဲ့နေရာတွေကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အရင် ဒီကေဘီအေ အဖွဲ့အနေနဲ့ လက်နက်ကိုင် လှုပ်ရှားခဲ့တဲ့ ဗိုလ်ကျော်သက်၊ ဗိုလ်စလုံးတို့က မကြာသေးတဲ့ လအနည်းငယ်က ကေအန်ယူနဲ့ ပြန်ပေါင်းခဲ့တာဖြစ်ပါတယ်။ နောက်စစ်ကြောင်းတခု ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းကိုတော့ ဗိုလ်စောအယ်စေးဝါးဆိုသူ ဦးစီးပြီး ဥကရစ်ထတိုက်ပွဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ကေအန်ယူအနေနဲ့ ကော့ကရိတ်မြို့ကို ဝင်တိုက်တဲ့ ဆုံးဖြတ်ချက်မှာ ဘယ်လောက် သဘောတူပါဝင်ခြင်း ရှိ/မရှိ သဲသဲကွဲကွဲမရှိသေးသော်လည်း ကော့ကရိတ်ဟာ ကေအန်ယူရဲ့ တပ်မဟာနယ်မြေထဲက မြို့တမြို့ဖြစ်ပါတယ်။
သတင်းမီဒီယာ တချို့က မြို့သိမ်းတိုက်ပွဲ စတင်ပြီဆိုတဲ့ သတင်းခေါင်းစဥ်နဲ့ ရေးသားကြတာလည်း တွေ့ရပါတယ်။ ကော့ကရိတ်မြို့ကို သိမ်းဖို့ ပိုင်းဖြတ်ထားတဲ့ သဘောမျိုး အဓိပ္ပာယ်ရပြီး သတင်းတပုဒ်မှာတော့ မြို့သိမ်းထားဖို့ အခက်အခဲရှိနိုင်တယ်ဆိုတာမျိုး တိုက်ခိုက်တဲ့ စစ်ကြောင်းက ဗိုလ်ဖြစ်သူက ပြောထားတာလည်း ဖတ်ရပါတယ်။ မြို့ကို သိမ်းထားဖို့ရာအတွက် ဗျူဟာမြောက် လက်နက်၊ ယန္တရားတို့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ သိမ်းယူထိန်းချုပ်တာထက် စိတ်ဓာတ်အင်အား တက်ကြွမှု အင်အားစမ်းသပ်တာအဖြစ် တိုက်ခိုက်ပြီး ပြန်ဆုတ်ခွာတာမျိုး အနေအထားက ပိုဖြစ်နိုင်ခြေများ နိုင်ပါတယ်။ ကော့ကရိတ်မြို့ကို သိမ်းယူမနိုင်သည့်တိုင် တိုက်ခိုက် ခြိမ်းခြောက်နိုင်တယ်ဆိုတဲ့ ရည်မှန်းချက်မျိုးနဲ့ တိုက်ခိုက်တယ်လို့ လည်းယူဆနိုင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန် မြဝတီမြို့ကို DKBA က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပျက်ခဲ့ဖူးပြီးနောက် အခုတကြိမ် ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားတာ ဖြစ်ပါတယ်။
ကော့ကရိတ်မြို့အနေနဲ့ ခရိုင်ရုံးစိုက်ရာ မြို့တမြို့ဖြစ်ပြီး ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်း အနီးမှာ တည်ရှိပြီး လက်ရှိမှာတော့ စီးပွားရေးအရ မြဝတီမြို့လောက် အရေးပါတဲ့မြို့တမြို့ မဟုတ်ပါဘူး။ ခုရက်ပိုင်းအတွင်း အာရှ အဝေးပြေးလမ်း အနီးမှာ ကေအန်ယူနဲ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကုန်သွယ်ရေးလမ်း ၂ ရက်ကျော် ပိတ်ထားရပြီး အသွားအလာ လုပ်လို့မရတဲ့အနေအထားဖြစ်ချိန်မှာ ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာပါ။
စစ်ကောင်စီဘက်ကတော့ ထုံးစံအတိုင်း လေကြောင်းပစ်ကူကို အဓိက သုံးပြီး မြေပြင်တပ်ရင်းတွေဘက်ကလည်း လက်နက်ကြီးနဲ့ ကော့ကရိတ်မြို့ဘက်ကို ပစ်ခတ်တယ်လို့ဆိုပါတယ်။ လက်နက်ကြီး ကျည်ကျရောက်တာ၊ လေယာဥ် ၊ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
အခုလို ကော့ကရိတ်မြို့ကို သိမ်းယူဖို့တိုက်ခိုက်မှုတွေ နဲ့ပတ်သက်လို့ စစ်ကောင်စီ ဆန့်ကျင်သူ အများစုက စိတ်ဓါတ်တက်ကြွစရာ မြို့သိမ်းတိုက်ပွဲအဆင့်ကို တက်လှမ်းတော့မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အားပေးထောက်ခံကြသော်လည်း မြို့နေလူထုအနေနဲ့တော့ ထန်တလန်မြို့လို မြို့တမြို့လုံး ပျက်စီးမယ့်အရေးတွေးပူကောင်း ပူပင်ကြလိမ့်မှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ နိုင်ငံတကာ ငွေကြေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထဲ ထည့်လိုက်ကြောင်း ဆုံးဖြတ်လိုက်ကြတဲ့ သတင်းဖြစ်ပါတယ်။ အမည်ပျက်စာရင်းထဲ ထည့်သွင်းခံထားရတဲ့ နိုင်ငံ ၂ နိုင်ငံက မြောက်ကိုးရီးယားနဲ့ အီရန်နိင်ငံတို့ဖြစ်ပြီး မြန်မာက တတိယမြောက် နိုင်ငံဖြစ်ပါတယ်။ မြန်မာကို အမည်ပျက်စာရင်းထဲထည့်ရာမှာ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ကိစ္စတွေကို ချွင်းချက်ထားမယ်လို့ ဆိုထားပါတယ်။ ဒီအကျိုးဆက် ဂယက်ရိုက်ခတ်မှုတွေက နကိုကတည်းက ငွေတန်ဖိုးကျပြီး ငွေဖောင်းပွကာ အလုပ်အကိုင် ရှားပါးနေတဲ့ နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကို ပိုပြီးဆိုးရွားဖို့ ဖြစ်လာလိမ့်မယ်လို့ အများက ယူဆနေကြပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက ငွေကြေးခဝါချမှု၊ တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ မူးယစ်ဆေးဝါး လောင်းကစားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို တင်းတင်းကြပ်ကြပ် မူဝါဒချမှတ်ကာ လုပ်ဆောင်ဖို့ သတိပေးခဲ့ပြီး မြန်မာနိုင်ငံက အညိုရောင် စောင့်ကြည့်စာရင်းထဲ ထည့်သွင်းခံထားရာက အခုနှစ်မှာတော့ အမည်ပျက် စာရင်းထဲထည့်သွင်းခံရတာ ဖြစ်ပါတယ်။
စီးပွားရေး အကျပ်အတည်းက တနိုင်ငံလုံး ခံစားရမယ့်အချက်က သံသယဖြစ်ဖွယ်မရှိပါဘူး။ စစ်ပွဲတွေ တလွဲစီမံခန့်ခွဲမှုတွေ လက်နက်ကိုင် တိုက်ပွဲတွေအတွက် ငွေထောက်ပံ့မှုတွေကိုလည်း အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။ အပိုဆောင်းစရိတ်တွေ ငွေလဲနှုန်းမြင့်တက်သွားတာတွေရဲ့ ဂယက်က တရားမဝင်စီးပွားရေးရော တရားဝင်စီးပွားရေးပါ အားလုံးသက်ရောက်မှု ရှိမယ်လို့ထင်ပါတယ်။ ညတွင်းချင်း အွန်လိုင်းပေါ်က ငွေလွှဲ လုပ်ငန်းစျေးနှုန်းတွေမှာ တဒေါ်လာကို ကျပ် ၅ ထောင် ၆ ထောင်အထိ စျေးကစားတဲ့ နှုန်းတွေတင်နေကြတယ်လို့လည်း တွေ့နေရပါတယ်။ နောက်တရက်မိုးလင်းတာနဲ့ ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ ကားတွေတန်းစီနေကြတဲ့မြင်ကွင်းကို စတင်တွေ့ကြရပြီဖြစ်ပါတယ်။ စီးပွားရေးအပေါ်ကျရောက်မယ့် ဂယက်က ဘယ်လောက်ထိ နိုင်ငံရေး လက်နက်ကိုင်တိုက်ပွဲတွေအပေါ်ကို သက်ရောက်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ့်သဘော ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar