Breaking News

ကြည်နိုင် - * ငါ့ ခြောက်အိပ်မက် *

* ငါ့ ခြောက်အိပ်မက် *
ကြည်နိုင် 
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၂

               ( ၁ )

  * အိပ်မက်ထဲမှာ 
     ငါ့ ငယ်ဘဝ ကိုယ်ထင်ပြလာတယ်။ 

     တို့ရွာ အရှေ့ဘက် တာရိုးပေါ် တက်ရင်း 
     နွေကာလ တာဆိပ်ချောင်းရဲ့ ရင်တွင်း 
     သူငယ်ချင်းတသိုက် လျှောတိုက်ဆင်းခဲ့ကြ။ 

     တို့ရွာသူ အပျိုမတို့ 
     ယုံကြည်ချက် အပြည့်နဲ့ 
     ချောင်းသဲပြင် လက်ယက်တွင်းမှာ 
     ရေကြည်ရှာကြလို့။ 

  * ဟဲ့ ကျောင်းချိန်နီးနေပြီ သွားကြ တဲ့။ 
     ဘာရမလဲ တို့လည်းတူးတတ်ပါ့ ဆိုကာ 
     သဲပြင် လက်တင် ခြစ်ကုပ် 
     ယက်ရင်းက သဲတွေ ပို့ကျ ၊
     လက်ယက်တွင်းက လက်ယက်ကုန်းဖြစ်ပေါ့။ 

  * ဟဲ့ အဲဒီမှာဆော့နေ၊ကြားကြလား ဂလိုင်ခေါက်သံ 
     ဒီတော့မှ 
     ကမန်းကတန်း တာရိုးပေါ် ပြေးတက် 
     တာတဖက် လယ်ကွင်းစပ်က 
     စာသင်ကျောင်းလေးဆီ ခြေကုန်သုတ်ကာ 
     နွားပြေးနွားလိုက်တွေ ပမာပါ့။ 
     တကိုယ်လုံးလည်း သဲတွေကပ်၊ ဖုန်တွေထပ် 
     မောတဟိုက်ဟိုက်နဲ့ ချွေးစေးတွေ စီးကပ်လို့။ 
     ဆရာမ မတ်တပ်ရပ်ခိုင်း ဒဏ်ပေးတော့ 
     ရှုံ့မဲ့မဲ့နဲ့၊သူ့ငါကြည့် ငါ့သူကြည့်နဲ့ ၊
     ဒါပေမယ့်လည်း ပျော်ခဲ့တဲ့ အရှိန်က မသေ။ 
     ခုတော့လည်း 
     ငါ့ငယ်ဘဝ ပျောက်ဆုံးခဲ့ပေါ့။ 

          ( ၂ )

  * ငါ့ ခြောက်အိပ်မက် ထဲမှာ ပီကာဆိုက 
     သူ့ ဂွါရာနီကာပန်းချီကား ထောင်ပြနေရဲ့။ 
     ငါ မျက်စိ မှိတ်ထားမိ၊
     ဘယ်သူက တံခါးပိတ်ထားလို့လဲ ၊
     မှိတ်ထားတဲ့ မျက်လုံးထဲက 
     သဲမဝင်ဘဲနဲ့လည်း နှင်းပေါက်တွေ 
     တပေါက်ပေါက် ကျလို့။ 
  * ငါ့ ငယ်ဘဝ ကိုယ်ထင်ပြလာပြန်ပြီ ၊
     ကျောက်သင်ပုန်းလေး တချပ် 
     နှစ်စောင်တွဲ သင်ပုန်းကြီးစာအုပ်လေး အဖုံးအုပ် ၊
     အချောသပ် ဝါးခြမ်းပြားလေး နှစ်ဖက်ညှပ်လို့ 
     အနှောင့်ကို အပ်ချည်နဲ့ ဖေါက်ချုပ် 
     မပြဲမစုတ်အောင် ကိုင်ရမတဲ့ ၊
     အမေ့ရဲ့လက်ရာ ငါမမေ့။ 
  * ကျောက်တံ ပျောက်မှာစိုးလို့တဲ့ 
     အိပ်ရှုံ့လေး ချုပ်၊ ကြိုးက လေးတွဲ 
     လည်ပင်းမှာ ဆွဲခဲ့ရ၊
     ဒါလည်း အမေ့ရဲ့ ယုယမှု။ 

  * ပုံရိပ်တွေထဲ ကြည်နူးနေဆဲမှာ 
     ဘာကြောင့်များ မွန့်ချ်ရဲ့ အော်သံက 
     နားဝ စူးရှလာရတာလဲ ၊
     ပန်းချီကား တချပ်ရဲ့ သတ္တိ 
     ငါ့နားကို လာကလိနေရဲ့။ 

          ( ၃ )

  * တကယ်ဖြစ်ခဲ့တာတဲ့ ၊
     မဟုတ်ဘူး၊ မယုံဘူး၊ မဖြစ်နိုင်ဘူး၊
     ငါ မရူးသေးပါဘူး၊
     မခံနိုင်လို့ နားပိတ်ငြင်းလည်း အပိုပါပဲ။ 
  * နားစွင့်ကြ၊ ပုစဉ်းတွေ ပျံဝဲသံ ၊
     ပုစဉ်းတောင်သံကြိုး ဆိုတာ 
     စည်းဝါးကျမှ လှပတယ် မဟုတ်လား။ 
     ခုတော့ လိမ်ဉာဏ်ဆင် ဇာတ်ခင်း 
     စည်းနင်းလို့ ဝါးမကျတော့ 
     ပုစဉ်းတောင်ပံ ကျိုးလိမ့်မပ။ 
  * နံရံတွေ တဆတ်ဆတ် တုန်ခါတုန်း 
     ဝုန်းခနဲ အသံများ 
     နားအကြားရိုင်းစွ။ 

     ငါ့ ကျောက်သင်ပုန်းလေး ကျကွဲခဲ့ပေါ့ ၊
     အမေချုပ်ပေးတဲ့ အိပ်ရှုံ့လေး 
     ဘယ်ရောက်သွားပါလိမ့်။ 
     ဖတ်စာအုပ်လေးမှာ 
     ဘာကြောင့် ဆေးနီတွေ စွန်းပေနေရတာလဲ။ 
  * အို ပီကာဆို 
     ဂွါရာနီကာနဲ့ ငါ့ကို မခြောက်လှန့်ပါနဲ့။ 

          ( ၄ )

  * ခုလေးတင် 
     ချောင်းသဲပြင်မှာ ပြေးဆော့ခဲ့ကြ ၊
     တာပေါ်ကနေ လျှောတိုက်ခဲ့ကြ ၊
     သူငယ်ချင်းတွေနဲ့ တူတူပုန်းခဲ့ကြ။ 
  * ညဘက် မဟုတ်ပါဘူး၊
     ဘာကြောင့် တစ်ယောက်ပျောက်နေတာလဲ ၊
     မဟုတ်ဘူး နှစ်ယောက် ၊ 
     သုံးယောက်၊ လေးယောက် 
     ခေါင်းထဲမှာ ချာချာလည်လို့ မူး နောက်နေ 
     မျက်လုံးတွေလည်း ပြာဝေ 
     သင်္ချာဂဏန်းတွေ ခုန်ပေါက်နေရဲ့။ 

  * ငါ့သူငယ်ချင်း ဘယ်ရောက်သွားပါလိမ့် ၊
     သူငယ်ချင်းရေ ထွက်ခဲ့တော့ ၊
     ဒါ တူပုန်းတမ်း ကစားနေတာ မဟုတ်၊
     လက်ယက်တွင်းတူးတမ်း ကစားနေတာမဟုတ် ၊
     ဆရာမရဲ့ ခေါင်း လောင်းကြီးက ခေါ်နေပြီ။ 
     ကျောင်းနောက်ကျရင် ဆရာမ ဒဏ်ပေးလိမ့် ၊
     ကကြီး ခကွေး အိမ်ကိုပြေးလေသလား။ 

  * သတိမေ့ရင် ကောင်းမယ်၊
     သတိရရင် မျက်ရေကျတယ်။ 
     ထိတ်လန့် ရင်ဆို့ ၊
     အို ပုစဉ်းတို့ နင်တို့အလှည့် စောင့်ပါ့။ 

  * အမေ ဆုံးစဉ်က 
     ငါ့ညီမလေး ဆို့တက်သွားတော့ 
     ငိုချလိုက်လို့ ငါတိုက်တွန်းခဲ့ ၊
     ခု ငါ့ကို ဘယ်သူတိုက်တွန်းပါ့၊
     ခုတော့ ငါ့ငယ်ဘဝတွေ 
     ပျောက်ဆုံးသွားပေါ့။ 

  * သူတို့လေးတွေကိုကြည့် 
     ကြည်နူးမိတဲ့ ငါ့ငယ်ဘဝ 
     ခု ဘယ်ရောက်သွားရတာလဲ။ 

  * ပျောက်ခြင်းမလှ ပျောက်ဆုံး 
     ဝရုန်းသုန်းကား ပွက်လောရိုက် 
     အမိုက်ဆုံး အ မှောင်ကြား ၊
     အို နားထဲမှာ မွန့်ချ်ရဲ့ အော်သံက 
     စူးရှလှချည့်။ 

  * အမေတယောက်ရဲ့ ရှိုက်သံ 
     နံရံထိ တုန်ခါနေ၊
     မွန့်ချ်ရေ သင့်ပန်းချီကား ပြန်ယူလှဲ့ပါ။
 
          ( ၅ )

  * ငါ ခြောက်အိပ်မက် မက်နေရဲ့ 
     ဂွါရာနီကာစာသင်ခန်း 
     လှမ်းဝင်မိတဲ့ မိခင် 
     သူ့ရင်ကို ဘယ်သူဆောင့်ကန်သလဲ ၊
     သားရင်သွေးရဲ့ အသံ ၊ ပဲ့တင်ပြန်နေရဲ့ ၊
     တဆတ်ဆတ် ခုန်နေတဲ့ နှလုံး 
     ဘယ်သူက ပျက်သုန်းအောင် 
     ညှစ်တုန်းလဲ။ 

  * ငါ့ ငယ်ဘဝရဲ့ လည်မျိုကို 
     ဘယ်လိုအရာက ဆုပ်ညှစ်ထားပါလိမ့်။ 
     ငါ့ မျက်လုံးကို ငါမယုံ 
     ပြူးကျယ်လာတဲ့ မျက်စိက မမြင်ရက် 
     မျက်လုံးအိမ် တိမ်သလာဖုံးလည်း ကောင်းရဲ့ ၊
     ခုတော့ မျက်ရည်က ဖုံးသတဲ့လား။ 
     ငါ့ ငယ်ဘဝကို လုယူသွားကြပြီ၊
     လုပ်ရက်ပေ့ ဂွါရာနီကာရယ်။ 

          ( ၆ )

  * အို အရပ်ကတို့၊ အမျိုးတို့
     မိတ်ဆွေအပေါင်းတို့၊ ငါ့ကို လှုပ်နှိုးပါ့၊
     အိပ်မက်ဆိုးက လန့်နိုးအောင် 
     လှုပ်နှိုးမယ့် အောင်သံကို 
     ငါ ကြားလိုလှပေါ့။   ။

    ကြည်နိုင် 
    ၃၊ ၁၀၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar