စိတ်ဒဏ်ရာများနဲ့ မြန်မာပြည်သူတွေ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၈ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၂
စိတ်ဒဏ်ရာများနဲ့ မြန်မာပြည်သူတွေ
နေ့စဥ် သတင်းတွေထဲ ပြည်တွင်းက တိုက်ပွဲသတင်းတွေ၊ လုယက်သတ်ဖြတ်မှု၊ မြို့ပေါ် အကြမ်းဖက်မှု၊ ကျေးရွာတွေ ဝင်စီးပြီး သတ်ဖြတ်မှု ၊ ကျေးရွာတွေနဲ့ မြို့တွေမှာ စစ်ဆေးမေးမြန်းပြီး လက်စတုံးစီရင်ကာ အလောင်းပါ ယူဆောင်သွားကြတဲ့သတင်း၊ သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်မှာ လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်သတ်ဖြတ်မှု၊ တချို့သော အဖြစ်အပျက်မှာ ဇနီး၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေပါ ပစ်သတ်ခံရတဲ့ အဖြစ်အပျက်တွေက နေ့စဥ်လိုလို ပါရှိနေတဲ့ သတင်းတွေဖြစ်လာနေပြီး သတင်းဖတ်သူတွေ အနေနဲ့လည်း လူတွေ သေဆုံးနေကြတဲ့ သတင်းမျိုးကို ခံစားချက် ကြီးမားစွာမဖြစ်ပဲ ဖတ်ရှုလာနိုင်ကြတာတွေတွေ့နေရပါတယ်။
ဒီလို သတ်ဖြတ်တဲ့ သတင်း၊ သတ်ဖြတ်ခံရတဲ့ သတင်းတွေနဲ့အတူ တခါတရံမှာ မိမိကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေလည်း မကြာမကြာပါရှိလာတာ ဖြစ်ပါတယ်။ တံတားပေါ်က ခုန်ချအဆုံးစီရင်တာတွေ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့လို မြို့ကြီးတွေသာမက အခြားသောနယ်မြို့တွေမှာလည်း ဖြစ်ပွားတဲ့သတင်းတွေလည်း ခပ်စိတ်စိတ် တွေ့လာရတာဖြစ်ပါတယ်။
သတ်ဖြတ်တဲ့ သတင်း၊ သတ်ဖြတ်ခံရတဲ့ သတင်းတွေဖတ်မိတဲ့အခါမျိုးမှာ မိမိထောက်ခံတဲ့ ဘက်က အသက်ဆုံးရှုံးရ သေဆုံးရတဲ့အခါမှာ ဒေါသထွက်တဲ့ ခံစားချက် ခံပြင်းတဲ့ ခံစားချက်၊ တွေရှိကောင်းရှိကြမှာ ဖြစ်ပေမယ့် ဆန့်ကျင်ဘက်က သူတွေအသက်သေဆုံးကြတဲ့ သတင်းမျိုးကိုတော့ တချို့သူတွေက ပျော်ရွှင်အားရတဲ့ ခံစားချက်၊ အချို့က ဘာမှမဖြစ်သလို ခံစားချက်မျိုးနဲ့ တုံ့ပြန်ကြတာမျိုး ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတာဖြစ်ပါတယ်။
ဗုံးကွဲတဲ့သတင်း၊ လုပ်ကြံသတ်ဖြတ်တဲ့ သတင်း၊ စစ်ကြောရေးလို့ အမည်တပ်ခေါ်ပေမယ့် လက်တွေ့မှာ ပဒေသရာဇ်ခေတ်တုန်းက “ပါးကွက်သား”လို့ခေါ်ဆိုကြတဲ့ ဖမ်းဆီးခံရသူတွေကို နှိပ်စက်သတ်ဖြတ်ဖို့ ခွင့်ပြုထားတဲ့ ရာဇဝတ်သားတွေသဖွယ် စစ်မေးရင်း အသက်သေဆုံးကြရတဲ့ သတင်း၊ ကျေးရွာတွေ မီးရှို့ခံရပြီး လူ့အသက်တွေပါ ဆုံးရှုံးကြရတဲ့ သတင်းတွေက လူတွေရဲ့ခံစားချက်တွေကို တစတစ ထုံလာစေပြီး ခံစားချက်တက်ကြွစွာ မရှိကြတော့တဲ့ အခြေအနေမျိုးလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။
ဒီလို သတင်းတွေနေ့စဥ် ဖတ်ရှုမြင်တွေ့ရဖန်များလာတဲ့အခါ လူတယောက် အသက်ဆုံးရှုံးခြင်း အတွက် သက်ပြင်းတရှိုက်တောင် မချဖြစ်တော့တာ၊ ဘာမှ ခံစားချက်မထူးခြားတော့တာမျိုးလည်း ဖြစ်လာသလို အချို့သော သူတွေအဖို့မှာတော့ စိုးရိမ်မှု၊ စိတ်ပျက်မှု၊ ဘဝမှာ ရှင်သန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်မဲ့ခြင်း စတဲ့ ခံစားချက်တွေလည်း ခံစားကြရလာတာဖြစ်ပါတယ်။
မိမိတို့ပတ်ဝန်းကျင် မိတ်ဆွေ အသိုင်းအဝိုင်းတွေထဲမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေအောက်မှာ ဆက်လက် အသက်ရှင်နေလို့ ဘာထူးမလဲဆိုတဲ့ ခံစားနေရသူတွေ အများအပြားတွေ့လာရပါတယ်။ ဆိုရှယ်မီဒီယာမှာ သော်လည်းကောင်း အပြင်တကယ့်လက်တွေ့ဘဝမှာသော်လည်းကောင်း အလားတူ ခံစားနေရသူတွေ များလာတာသတိပြုမိပါတယ်။
မိမိကိုယ်တိုင်လည်း အဆိုးဆုံးအခြေအနေကြုံရနိုင်တယ်။ ဘာအကြောင်း ကြီးကြီးမားမားမှ မရှိပဲ ဆိုရှယ်မီဒီယာမှာ ဝါကျတကြောင်းလောက် ရေးသားတာနဲ့တင် စစ်အုပ်စုရဲ့ စောင့်ကြည့်သူတွေက ဖမ်းဆီးဖို့ လှုံ့ဆော်ပြီးနေအိမ်ရှေ့ စစ်ကောင်စီ ပါးကွက်သားတွေရောက်လာတာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ တွေးမိသလို တဖက်မှာလည်း လမ်းသွားနေရင်း စျေးဆိုင်မှာစျေးဝယ်နေရင်း ဘယ်အဖွဲ့က ဘယ်လို တံဆိပ်ကပ်ပြီးလုပ်ကြံသတ်ဖြတ်ခံရတာမျိုးလည်း ဖြစ်နိုင်ခြေရှိတာပဲ ဆိုတဲ့အတွေးလည်း တခါတရံ တွေးတောမိတာ ဖြစ်ပါတယ်။ နေ့စဥ်ဘဝတွေမှာ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း၊ နေအိမ်မှာ နေနေရင်း လုပ်ကြံသတ်ဖြတ်ခံရတာတွေလည်း ဖြစ်နေတာကြောင့် ကိုယ်ကိုယ်တိုင်လည်း ခံရနိုင်တယ်ဆိုတဲ့ အတွေးမျိုး တခါတခါ ပေါ်လာမိတာပါ။
မြန်မာနိုင်ငံက လူထုတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းတွေက စစ်အာဏာသိမ်းခြင်းနဲ့အတူ ပျောက်ဆုံးသွားကြပြီလို့ ယေဘုယျအားဖြင့် ဆိုရမယ် ထင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တစတစ ယိုယွင်းလာတဲ့ တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုနဲ့ လုံခြုံတဲ့ပတ်ဝန်းကျင်တွေ၊ လူမှုစီးပွား အကြပ်အတည်း ၊ ငွေကြေးဖောင်းပွမှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေ စတာတွေကို အပြုသဘောက ရှုမြင်နိုင်မှု ၊ တဖက်သားကို ခွင့်လွှတ်နိုင်တဲ့ သဘောထားတွေ တဖြည်းဖြည်း နည်းပါးလာနေပြီး လက်တုံ့ပြန်တဲ့နည်း၊ လက်စားချေတဲ့နည်း နဲ့ စစ်ကောင်စီ ပြုတ်ကျအောင် စစ်အာဏာရှင် ယန္တရားကို ကျနော်တို့ သက်ဆုံးတိုင် အသက်ပေးပြီး တိုက်ခိုက်ဖြိုချမယ်ဆိုတဲ့ သူတွေလည်း ရှိသလို၊ စိုးရိမ်ကြောက်လန့်မှု၊ အကောင်းမြင်တဲ့အမြင်တွေ ပျောက်ဆုံးသွားပြီး ဘဝကို အရှုံးပေးပြီး ဘာမှ မလုပ်မကိုင်ချင်တော့ပဲ ဖြစ်တဲ့အတိုင်း နေထိုင်လိုက်တော့မယ်ဆိုတဲ့ အတွေးအယူအဆတွေလည်း ရှိလာကြတာ ဖြစ်ပါတယ်။
လက်တဆုပ်စာမျှသော အလွှာတွေကတော့ အိမ်နီးချင်းနိုင်ငံ၊ တတိယနိုင်ငံတွေကို ပြောင်းရွှေ့ အခြေစိုက်ကြ၊ တိမ်းရှောင်ကြပေမယ့် လူဦးရေရဲ့ ၉၉ ရာနှုန်းကတော့ ပြည်တွင်းမှာပဲ ဒီလိုအခြေအနေအောက်မှာ ဆက်လက်နေထိုင်ကြရတာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ၊ ပြန်လည်တုံ့ပြန်မှုတွေ တဦးချင်းဘဝကို အရှုံးပေးသွားကြသူတွေ နဲ့ ဆက်လက်ရှင်သန်နေထိုင်နေကြရတာ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar