ဟိန်းထက်ဇော် - ၇ ဂျူလိုင်ရှင်းတမ်းနှစ်စောင်လေ့လာချက် (အပိုင်း ၁ )
၇ ဂျူလိုင်ရှင်းတမ်းနှစ်စောင်လေ့လာချက် (အပိုင်း ၁ )
ဟိန်းထက်ဇော်
(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၃
စကားဦးပြောပါရစေ
စာပါခေါင်းစဉ်အတိုင်းပဲ။ ၇ ဂျူလိုင်နဲ့ပတ်သက်တဲ့ရှင်းတမ်းနှစ်စောင်အပေါ်မှာ အခြေပြုလေ့လာခွဲခြမ်း စိတ်ဖြာကြည့်ခြင်းပါ။ ဒီနှစ်စောင်က ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ ၇ ဂျူလိုင်အပေါ်ရှင်းလင်းခဲ့ကြတဲ့စာတွေပါ။ နှစ် စောင်ဆိုပေမယ့် ဗိုလ်အောင်ကြီးကတော့ ၁၉၇၇ ခုနှစ်မှာ တကြိမ်, ၈၈ ခုနှစ်မှာ တကြိမ်။ နှစ်ကြိမ်စာထုတ်ရှင်းခဲ့တာ။ တစောင်နဲ့တစောင် ကွာဟချက်ဖြည့်စွက်ချက်တွေလည်း ရှိတယ်။
ဒီစာသုံးစောင်အပေါ်ကိုပဲ အဓိကထားလေ့လာကြည့်မှာပါ။ အခြားသော ၇ ဂျူလိုင်ဆိုင်ရာ အဖြစ်အပျက်တွေကို အခြေခံထာသုံးသပ်မှာမဟုတ်။ သူတို့ရှင်းတမ်းကိုပဲ လေ့လာမှာပါ။ ဘာလို့လဲဆိုရင် စစ်တပ်ကအာဏာ သိမ်းရာမှာ သူတို့နှစ်ယောက်လုံးဟာ တာဝန်အရှိဆုံးလူတွေဖြစ်ကြသလို ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယကာကွယ်ဦးစီးချုပ်ဖြစ်တဲ့အပြင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ ဖြစ်ကြလို့ပါပဲ။ သမဂ္ဂဖြိုဖျက်တဲ့ကိစ္စမှာလည်း တာဝန်အရှိဆုံးနှစ်ယောက်ဖြစ်တာကြောင့် သူတို့ရှင်းတမ်းတွေဟာ သမဂ္ဂဖြိုခြင်းရဲ့သမိုင်းတရားခံဖြစ်သလို ၁၉၆၂ ဂျူလိုင် ၇ ရက်နေ့ ကျောင်းသားအစုလိုက်အပြုံလိုက်သတ်မှုကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင်လည်း ဖြစ်နေတာကို တွေ့ရပြန်တယ်။ ဒီတော့ သူတို့ ရှင်းတမ်းဟာ အဓိကသမိုင်းတရားခံကို ရှာဖွေရာဆုံမှတ်လည်း ဖြစ်လာခဲ့တယ်။
ရှင်းတမ်းပေါ်ပေါက်လာခြင်း
၇ ဂျူလိုင်ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးပေးဖို့ အဲ့ဒီအချိန်က ပါဝင်ပတ် သက်ခဲ့ကြတဲ့ ကျောင်းသားအင်အားစုတွေ တောင်းဆိုခဲ့ကြတာကြာပြီ။ ဒါပေမယ့် အာဏာသိမ်းစစ်အစိုးရဖြစ်တဲ့ တော်လှန်ရေးကောင်စီက မသိကျိုးကျွံ လျစ်လျူရှုခဲ့တယ်။ ဒီလောက်ကြီးကြီးမားမား အစုလိုက်အပြုံ လိုက် လူသတ်မှုကျူးလွန်ခဲ့ခြင်းနဲ့ သမိုင်းဆိုင်ရာအဆောက်အဦကို ဖြိုချဖျက်စီးခဲ့တာကို ဂုဏ်သိက္ခာရှိတဲ့အစိုးရတိုင်းကတော့ လျစ်လျူရှုနိုင်လိမ့်မယ်မဟုတ်ဘူး။
နယ်ချဲ့ဗြိတိသျှအစိုးရတောင် ကျောင်းသားခေါင်းဆောင်ကိုအောင်ကျော်သေဆုံးမှုကို “ စုံစမ်းရေးကော်မရှင် ” ဖွဲ့ကာ စုံစမ်းစစ်ဆေးပြီး တိုင်းပြည်ကို အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့ပါသေးတယ်။ မန္တလေး အာဇာနည် ၁၇ ဦး အသတ်ခံရမှုကိုလည်း ‘စုံစမ်းရေးကော်မရှင်’ ဖွဲ့ပြီး ထုတ်ပြန်ပေးခဲ့တယ်။
လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးခေတ်လို့ ဆိုစမှတ်ပြုတဲ့ ‘ဖဆပ လ’ အစိုးရလက်ထက်မှာလည်း ၁၉၅၆ ခုနှစ် ၇ တန်းကျောင်းသား ဟယ်ရီတန် အသတ်ခံရမှုကိုလည်း ‘စုံစမ်းရေးကော်မရှင်’ ဖွဲ့ပြီးထုတ်ပြန်ပေးခဲ့တယ်။ စုံစမ်းရေးကော်ရှင်ထုတ်ပြန်ချက်ဆိုတာကလည်း တကယ်တော့ အုပ်ချုပ်နေတဲ့အစိုးရဘက်ကို ဘက်လိုက် ထုတ်ပြန်ကြမြဲပါ။ ဒါပေမယ့် အဲ့လိုနိုင်ငံတော်က ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးကိုတော့ စုံစမ်းရေးကော် မရှင်ဖွဲ့ပြီး ထုတ်ပြန်ပေးရမှာက အစိုးရတရပ်ရဲ့တာဝန်ဖြစ်တယ်။
ဗိုလ်နေဝင်းတို့ တော်လှန်ရေးကောင်စီအာဏာသိမ်းအစိုးရကတော့ စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့နေနေသာသာ မသိကျိုးကျွံ ဥပေက္ခာပြုရုံသာမက ‘ဓားကိုဓားချင်း၊ လှံကိုလှံချင်း’ ဆိုပြီး ကျောင်းသားနဲ့လူထုကိုစိမ်ခေါ်လိုက်သေးရဲ့။ ဒါအပြင် သမဂ္ဂအဆောက်အဦကြီးကို ယမ်းဘီလူးကပ်ပြီးဖြိုခွဲပြီးတဲ့ညမှာ ဗိုလ်နေဝင်းဟာ အပျော်ကြီးပျော်ပြီး ဂုဏ် ယူဝံ့ကြွားစွာနဲ့ “ သမဂ္ဂအဆောက်အဦဟာ ကွန်မြူနစ်ကျောင်းသားတွေ ခိုလှုံရာနေရာဖြစ်တယ်။ ဒီမြေပေါ်မှာ သမဂ္ဂအဆောက်အဦမရှိရင် သူတို့ခိုလှုံဖို့မရှိတော့ဘူး ” လို့ပြောဆိုခဲ့ဖူးကြောင်းကို ကိုအောင်စောဦးက သူ့ရဲ့ “ဥဒါန်းမ ကြေ” စာအုပ်မှာ ထိုစဉ်က တပ်မတော်အရာရှိအသိုင်းအဝိုင်းရဲ့စကားကို ကိုးကားပြီး ဖေါ်ပြထားတာလည်း တွေ့ရတယ်။
အဲ့လိုမောက်မာခဲ့တဲ့ ဗိုလ်နေဝင်းဟာ ၁၉၇၀ လွန်နှစ်တွေရောက်မှ “မဆလပါတီမှာ အစီရင်ခံစာတင်သွင်းစေခဲတယ်။ ဘာလို့ ဒီအချိန်ရောက်မှ လုပ်ဆောင်ရသလဲ’ ဆိုတဲ့အမေးကိုတော့ သမိုင်းဌာနကထိကလည်းဖြစ်၊ ဗိုလ်နေဝင်းရဲ့ စတုတ္ထဇနီးလည်းဖြစ်တဲ့ ဒေါ်နီနီမြင့်ရဲ့အမေးစကားတွေကနေအစပြုခဲ့တာလို့ ဆိုပါတယ်။ ဒေါ်နီနီမြင့်က သမိုင်းဆရာမပီပီ “ ရန်ကုန် တက္ကသိုလ်ရဲ့ကျောင်းသားသမဂ္ဂအဆောက်အဦ ဖြိုချဖျက်စီးခဲ့တာ အကိုကြီးမဟုတ်ရင် ဘယ်သူလဲ။ တချိန်မှာ သမိုင်းဆိုင်ရာပြဿနာတရပ်ဖြစ်လာလိမ့်မယ်။ အကိုကြီးသက်ရှိထင် ရှားရှိတုန်း ရှင်းထားဖို့ လိုတယ်” လို့ပြောခဲ့ရာက အစပြုခဲ့တယ်လို့ အဲ့ဒီအချိန်က သမိုင်းဌာနအမှုထမ်းနေတဲ့သမိုင်းဆရာအချို့ပြောစကားအရ သိရပါတယ်။
လေ့လာသူစောင့်ကြည့်နိုင်ငံရေးသမားဟောင်းအချို့ရဲ့ အပြောကတော့ “၁၉၇၃ ပုဂံငလျင်အပြီး ဗိုလ်နေဝင်းက ဇနီးလက်သစ်လေး ဒေါ်နီနီမြင့်အပါအဝင် တမိသားစုလုံးကိုခေါ်ပြီး ပုဂံသီရိပစ္စယာဟော်တယ်မှာ စခန်း ချ အနားယူနေခဲ့တယ်။ အဲ့ဒီမှာ ဒေါ်နီနီမြင့်ရဲ့ကျောင်းနေဘက်သူငယ် ချင်းတစုတို့ တွေ့ဆုံစကားပြောကြရင်း ကျောင်းသားသမဂ္ဂဖြိုချတဲ့အကြောင်းရောက်သွားတယ်။ သူတို့ပြောစကားမှာ ‘ သမိုင်းဖြစ်ရပ်မှန်တွေကို ဘယ်လောက်ပဲလိမ်လိမ် ကြာရှည်ဖုံးကွယ်ထားလို့မရနိုင်ဘူး။ တနေ့မှာ သမိုင်းတရားခံအစစ်ဟာ ဘယ်သူဆိုတာပေါ်လာမှာပဲ’ ဆိုတဲ့စကားကြားတဲ့အခါ ဗိုလ်နေဝင်းဟာ အတော်လေးတုန်လှုပ်သွားတယ်’ လို့ဆိုပါတယ်။
အဲ့ဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (NLD နာယက) ရဲ့အင်တာ ဗျူး မှာ “ကျနော်ကလည်း ကာချုပ်ဖြစ်လာတယ်။ သူကလည်း ဥက္ကဋ္ဌကြီးဖြစ်လာတယ်။ တနေ့ ပုဂံကို သူ့ဇနီးဒေါ်နီနီမြင့်က သုတေသီဆရာမကြီးက သုတေသနလုပ်ရင်းသွားချင်တော့ ဦးနေဝင်း၊ သူ့ဇနီးတို့နဲ့ သွားတယ်ပေါ့။ ကျနော်ဆီ ည ၈ နာရီ ၉ နာရီခန့်မှာ ကြေးနန်းရောက်လာတယ်။ မနက်ဖြန်မနက်အစောကြီးလေယာဉ်ပျံရောက်အောင်လွှတ်လိုက်။ အကုန်ပြန်လာမယ်ပေါ့။ ကျနော်ကိုယ်စားလိုက်သွားတာက ဗိုလ်ကျော်ထင်။ သူက ဒု/ချုပ်ပေါ့။ သူ့ကိုမေးကြည့်တော့ …
“သမိုင်းဆရာမကြီးကတဲ့၊ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန်ဖြစ်ဖို့ပြောရင်းနဲ့ ကျောင်းသားတွေပစ်တာ၊ ခတ်တာတွေနဲ့ သမဂ္ဂကိုခွဲတာတွေရော အားလုံးက ဗိုလ်ချုပ်ကြီးနေဝင်းပဲ တာဝန်ရှိတယ်လို့ပြောကြတယ်’ လို့ ပြောလိုက်တော့ အဲ့ဒီမှာသူက ‘ဝုန်းခနဲ’ ထပြီးတော့ ...‘ကျောင်းသားသမဂ္ဂဖျက်တာ ငါမဟုတ်ဘူး။ အောင်ကြီး” လို့ ပြောတယ်တဲ့။ ပြန်လာပြီး ဘာမှမကြာဘူး။ တိုင်းမှူးတွေကိုအစည်းဝေးခေါ်တယ်။ ပုဂံသွားတာပြန်ပြောရင်းနဲ့ ငါမဟုတ်ဘူး။ အောင်ကြီးလို့ပြောရင်းနဲ့ အဲ့ဒီမှာပါဝင်ခဲ့သူအားလုံးကို ‘ ဟိုတုန်းက မင်းတို့လုပ်ခဲ့တာတွေအားလုံးကို မှတ်တမ်းရေးပေါ့နော်။ ရေးရတဲ့လူတွေက မှူးကြီးကျော်စိုး၊ မှူးကြီးသန်းစိန်၊ ဆရာလှဟန်၊ မှူးကြီးမင်းသိန်း၊ ကိုထွန်းရီ၊ ကိုစိန်လွင်တို့ ပါတယ်။ ဘယ်ကလာ အခြေနေမှန်ကိုရေးရဲတော့မလဲ” လို့ ပြောပြခဲ့တယ်။
အဲ့ဒီလူတွေအားလုံးဟာ မိမိသိသမျှအသီးသီးကို ဗိုလ်နေဝင်းဆီရေးပေးကြရတယ်လို့ ဆိုပါတယ်။ အဲ့ဒီရှင်းလင်းချက်တွေကိုမူတည်ပြီး ဗိုလ်နေဝင်းက ‘ မဆလပါတီမှာ အစီရင်ခံစာတင်သွင်းရာက စခဲ့တာပါပဲ။ အဲ့ဒီရှင်းတမ်းမှာ ဗိုလ်အောင်ကြီးက သူ့တယောက်တည်းကို တရားခံလုပ်ထားတဲ့အတွက် ‘ပုတ်သင်ဥ’ ကို အစဆွဲထုတ်ဖို့ တူးဖေါ်လိုက်လေသလား။ တခြားသူကို လက်ညှိုးထိုးဖို့ပြင်ဆင်လိုက်လေသလားမသိ။ ဗိုလ်အောင်ကြီးရှင်းတမ်းကတော့ ထွက်ပေါ်လာခဲ့ပါတော့တယ်။
ဗိုလ်အောင်ကြီးရှင်းတမ်း
ဗိုလ်အောင်ကြီးက ၁၉၇၇ ခု ဖေဖေါ်ဝါရီ ၃ ရက်နေ့စွဲနဲ့ သူ့ရှင်းတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရှင်းတမ်းမှာ ...
သို့/
၁။ နိုင်ငံတော် သမ္မတကြီးနှင့်ဥက္ကဋ္ဌကြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
၂။ ဗဟိုကော်မတီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်
၃။ ဝန်ကြီးချုပ် မြန်မာနိုင်ငံအစိုးရ
၄။ ဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးပါတီ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ
၅။ ဗိုလ်ချုပ်ကျော်ထင် စစ်ဦးစီးချုပ် ဗမာတပ်မတော်
ကိစ္စ။ ။ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သောကျောင်းသာများကိစ္စနှင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦ ဖြိုခြင်းကိစ္စနှင့်ပတ်သက်၍ မတရားလိမ်လည်စွပ်စွဲပြီး တရားခံ လုပ်ခံထားရခြင်းကိစ္စကို တရားသဖြင့်ဖြစ်အောင် အရေးယူဆောင်ရွက်ပေးပါရန်ပန်ကြားခြင်း။
အဲ့သလိုအစချီပြီး ဗိုလ်အောင်ကြီးက လိပ်မူအတိုင်းစာတွေပို့ခဲ့ပါတယ်။ သူ့စာထဲမှာတော့ သူဒီစာရေး ရခြင်းအ ကြောင်းကို ပထမဆုံးတင်ပြထားပါတယ်။ အဲ့ဒီနောက် သူ့ကိုစွပ်စွဲတဲ့အထဲမှာ ဂျပန်စစ်ရော်ကြေးကိစ္စနဲ့ တပ်ထဲရှိ စဉ်က ထင်ရာလုပ်လေ့ရှိကြောင်းကိုလည်း ရှင်းလင်းထားတယ်။ ဒီကိစ္စက ဂျူလိုင်၇, ၈ ရက်အရေးတော်ပုံနဲ့ မသက်ဆိုင်တဲ့အတွက်ချန်ခဲ့ပါမယ်။ ဂျူလိုင် ၇ ရက် အရေးတော်ပုံနဲ့ပတ်သက်ပြီး သူစာရေးရခြင်းအကြောင်းကိုတော့…
“ကျနော်အပေါ် လမ်းစဉ်ပါတီဌာနချုပ်အနေဖြင့် မဟုတ်မမှန်လုပ် ကြံ၍ ၁၉၆၂ ခုနှစ် ဇူလိုင်လကျောင်းသားများအရေးအခင်းနှင့် ကျောင်း သားသမဂ္ဂအဆောက်အဦကြီးအား ဖြိုပစ်လိုက်ခြင်း၏တရားခံအစစ်ဖြစ် ကြောင်း တိုင်း/ ပြည်နယ် မြို့နယ်အသီးသီးနှင့် တပ်မတော်တိုင်းအသီး သီး တပ်အသီးသီးသို့ ပါတီတွင်း၊ တပ်တွင်း ရှင်းလင်းပြရန် စွပ်စွဲချက်အစုံအလင်နှင့် ညွှန်ကြားလွှာပေးပို့လိုက်ကြောင်းကို သိရှိရပါသည်။
မေမြို့မှ တပ်အသီးသီးနှင့်တပ်မှူးများနှင့် မန္တလေးနန်တွင်းတွင် ကျင်းပသော တိုင်းအတွင်းရှိ တပ်မှူးများအစည်းအဝေးတွင် ဗိုလ်မှူးကြီးသန်းစိန် (နိုင်ငံတော်ကောင်စီဝင်) ကိုယ်တိုင် ဦးစီးရှင်းပြသည်ဟုသိရပါသည်။
ရှင်းပြရာတွင် ဇူလိုင်လကျောင်းသားအရေးအခင်းနှင့်သမဂ္ဂအဆောက်အဦဖြိုပစ်လိုက်သည့်တရားခံအစစ်မှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဖြစ် ကြောင်း။ ဗိုလ်ချုပ်နေဝင်းအနေနှင့်တာဝန်ယူခဲ့သော်လည်း အသေးစိတ်ဘာမျှမသိကြောင်း။ အားလုံးကို ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက စီမံခန့်ခွဲကြောင်း။ သမဂ္ဂအဆောက်အဦကြီးကိုလည်း ဗိုလ်ချုပ်ကြီးက အခွဲခိုင်းခြင်းမဟုတ်ဘဲ ဖြိုခွဲပစ်ရန်အမိန့်ပေးသူမှာ ဗိုလ်ချုပ်အောင်ကြီးဖြစ် ကြောင်း ဗိုလ်မှူးကြီးလှဟန်ကိုသက်သေထူ၍ တင်ပြရှင်းလင်းသွားခဲ့ပါ သည်။’ လို့လုပ်ဆောင်နေကြတဲ့အတွက် တရားခံအလုပ်ခံထားရသူတယောက်အနေနှင့် ဖြေရှင်းခွင့်ရှိတယ်လို့ယူဆလို့ ဖြေရှင်းရတယ်” လို့ ဆို ပါတယ်။
အခုဖေါ်ပြခဲ့တာက ဗိုလ်အောင်ကြီးရှင်းတမ်းထုတ်ရခြင်းရဲ့အဓိက အကြောင်းရင်းဖြစ်တယ်။ သူ့စာအရဆိုရင် သူ့ကိုသာတရားခံအဖြစ်မစွပ်စွဲရင် ဒီရှင်းလင်းဖြေရှင်းချက်ထုတ်မှာမဟုတ်ဆိုတဲ့သဘောကိုတွေ့ရပါတယ်။ တာဝန်ရှိခဲ့သူတယောက်အနေနဲ့ သမိုင်းရှင်းတမ်းလုပ်တဲ့သဘောမဟုတ်ပါဘူး။ သူ့အပေါ်ခါထုတ်လိုက်တဲ့မီးခဲကို သူကတ ဖန်ပြန်ပုတ်ထုတ်လိုက်တဲ့သဘောထက် မပိုခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမယ့် တကယ်တာဝန်ရှိတဲ့ ဗိုလ်နေဝင်းအပေါ်တော့ ခါမချရဲပဲ ဗိုလ်ကျော်စိုးအပေါ်ခါထုတ်လိုက်တဲ့သဘောကို တွေ့ရပါတယ်။
ဂျူလိုင် ၇ ရက်နေ့ အစုအပြုံလိုက် ကျောင်းသားသတ်တဲ့ရာဇဝတ်မှု
ဗိုလ်အောင်းကြီးရဲ့ရှင်းပြချက်မှာ သူကိုစွပ်စွဲထားတဲ့ စွဲချက်နှစ်ခုရှိပါတယ်။ ပထမစွဲချက်က ဂျူလိုင်၇ ရက်နေ့ ကျောင်းသားများသတ်မှု ။ အဲ့ဒီဖြစ်ရပ်ရဲ့စစ်ရာဇဝတ်ကောင်ဟာ သူမဟုတ်ကြောင်းကိုတော့ ဗိုလ်အောင်ကြီးက အထောက်အထားခိုင်ခိုင်နဲ့ သက်သေခံအချို့ကိုကိုးကားပြီး ရှင်းချက် ထုတ်ထားတယ်။ အဲ့လိုရှင်းရာမှာ…
“၁၉၆၂ ဂျူလိုင် ၇ ရက်နေ့က စစ်ရုံးမှာရုံးတက်နေကြောင်း။ သူ့အခန်းမှာ ဗိုလ်မှူးကြီးဘနီ၊ ဗိုလ်မှူးကြီးချစ်မြိုင်၊ မှူးကြီးဘရွှေနဲ့ အခြားသုံးဦးလည်းရှိကြောင်။ ဗိုလ်မှူးကြီးမြဝင်းရဲ့အသုဘကို နေ့လည် ၂ နာရီမှာလိုက်ပို့ကြဖို့ စုဝေးနေကြကြောင်း။ အဲ့ဒီအချိန်မှာ မှူးကြီးမောင်လွင်ဝင်လာပြီး ကျောင်းသားတွေ အတော်ဆူနေလို့ အသုဘပို့ မလိုက်နိုင်တော့ကြောင်း ပြောပြီးထွက်သွားကြောင်း။ ဗိုလ်မြဝင်းအသုဘသင်္ဂြိုလ်ပြီးသည်အထိ စစ်သင်္ချိုင်းမှာ သူရှိနေကြောင်း။ အပြန်မှာလည်း စစ်ရုံးဝင်ပြီး ဗိုလ်မြဝင်းဇနီးကို အားပေးစကားပြောနေကြောင်း။ သူ ဒဂုံရိပ်သာပြန် ရောက်တော့ နေအတော်စောင်းနေပြီဖြစ်ကြောင်း။ သူနဲ့အတူ ဗိုလ်ကြီးသောင်း(နဝတကာလသိပ္ပံနဲ့ နည်းပညာဝန်ကြီး)နဲ့ ကိုယ်ရံတော်နှစ်ယောက်လည်းရှိကြောင်း။
ဒဂုံရိပ်သာရောက်မှ မှူးကြီးကိုကိုရောက်လာပြီး ကျောင်းသားတွေ တော် တော်လေးဆူနေကြောင်းသတင်းပို့တယ်။ ဟိုမှာ ဘယ်သူတွေရှိလဲလို့မေးတော့ အသံလွှင့်ရုံမှာ “စစ်ဆင်ရေးဌာနချုပ်’ ဖွင့်ထားကြောင်း။ နလက တဖွဲ့လုံးရှိကြောင်း။ ဗိုလ်ကျော်စိုး(နလက ဥက္ကဋ္ဌ)၊ ဗိုလ်စောမြင့်၊ ဗိုလ်လှဟန်၊ ဗိုလ်သန်းစိန်၊ ဗိုလ်ကျော်၊ ဗိုလ်စိန်လွင်၊ ဒုရဲချုပ်ဘအေးတို့ရှိကြောင်းပြောတော့ လူစုံရှိတဲ့အတွက်သူသွားစရာမလိုကြောင်းပြောပြီး ဗိုလ်ကြီးသောင်းနဲ့အတူ သူ့အစ်မနေမကောင်းတာမေးဖို့ ကြည့်မြင်တိုင် အိုးဘိုလမ်းကိုသွားခဲ့ကြောင်း။ ဗိုလ်သောင်းကိုပြန်လွှတ်လိုက်ကြောင်း။ အိုးဘိုလမ်းအိမ်မှာ ညစာစားနေစဉ် ရဲတဦးရောက်လာပြီး စစ်ရုံးဗိုလ်ကြီးသောင်းထံမှ ကျောင်းသားများကိစ္စမှာ သေနတ်နှင့်ပစ်၍လူစုခွဲရာ (၁၃-၁၄) ယောက်သေပြီး ဆေးရုံသို့ခေါ်သွားကြောင်း သတင်းပို့တာကြောင့် ဗိုလ်သောင်းကိုပြန်ခေါ်ပြီး “ စစ်ဆင်ရေးဌာနချုပ်’' ဖွင့်ရာ အသံလွှင့်ရုံသို့သွားကြောင်း” တို့ကို ဖေါ်ပြထားပါတယ်။
ဖေါ်ပြပါ ဗိုလ်အောင်ကြီးရဲ့ရှင်းပြချက်မှာ သူ့ရဲ့ဂျူလိုင် ၇ ရက် စနေနေ့ခရီးစဉ်ကို အချိန်နေရာနဲ့လူပုဂ္ဂိုလ်တွေကိုထည့်သွင်းထားတယ်။ ခိုင်လုံတဲ့အထောက်အထားတွေလည်းရှိနေပါတယ်။ ဒါပေမယ့် အဲ့ချိန်က မျက် မြင်သက်သေဖြစ်ခဲ့တဲ့ ဝင်းထွဋ်ဇော်ရဲ့ဟောပြောချက်နဲ့ရှင်းပြချက်မှာတော့ ....
“ဂျူလိုင် ၇ ရက်နေ့မှာ တကသကကြီးမှူးပြီးလုပ်တဲ့ ပွဲမှာ ကိုဗဆွေလေးတို့ကိုသက်တို့က စကားပြောတယ်။ အဲ့လိုအချိန်မှာ မြန်မာ့အသံမှာ တော် လှန်ရေးကောင်စီဝင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးလှဟန်၊ စောမြင့်၊ ကျော်စိုး၊ ဘနီတို့ ရုံးထိုင်တယ်။ အသင့်ပြင်ထားတယ်။ လုံထိန်းကားတွေအသင့်ပြင်ထားတယ်။ အဲ့ဒီအချိန်မှာဗိုလ်အောင်ကြီးက ၂ ခါ ၃ ခါဝင်ထွက်တာတွေ့ရတယ်” လို့ ဆိုပါတယ်။ ဗိုလ်အောင်ကြီးကတော့ “ အခင်းဖြစ်ချိန်မှာ သူစစ်သင်္ချိုင်းမှာ ” လို့ ဆိုတယ်။ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ဝင်းထွဋ်ဇော်ပြောတာက ပစ်ခတ်သတ်ဖြတ်မှုမဖြစ်မီ ဗိုလ်အောင်ကြီး ဝင်ထွက်သွား လာနေတာကိုတွေ့ရတယ်လို့ ယူဆလို့ရမှာပါ။
ဒါအပြင် ဗိုလ်အောင်ကြီးရဲ့ဖေါ်ပြချက်မှာ ဗိုလ်သန်းစိန်ဟာ စစ်ရုံးချုပ်က ကျွန်တော်လက်ေထာက် စစ်ဆင်ရေးမှူးကြီး”လို့ ဗိုလ်အောင်ကြီးကိုယ်တိုင် ရေးထားတာလည်းရှိတယ်။ အသံလွှင့်ရုံမှာဖွင့်ထားတဲ့ “စစ်ဆင်ရေးဌာန ချုပ်” မှာ ဗိုလ်သန်းစိန်လည်း တယောက်အပါအဝင်ဖြစ်နေတယ်။ အဲ့ဒီမှာ သူကိုယ်စား အသံလွှင့်ရုံမှာ ဗိုလ်သန်းစိန်ကိုထားခဲ့သလားလို့ ယူဆစရာဖြစ်လာတယ်။ ဒါဆိုရင် ဗိုလ်အောင်ကြီးလည်း ၇ ရက်နေ့အစုအပြုံလိုက်သတ်မှုမှာ တာဝန် မကင်းနိုင်တော့ပါဘူး။
ဗိုလ်အောင်ကြီးကတော့ သူ့ခရီးစဉ်ကို အတိအကျအခိုင်အလုံ သက်သေပြထားပြီး ဂျူလိုင် ၇ ရက်နေ့ ကျောင်းသားသတ်မိန့်ကို သူမပေးဘူးလို့ဆိုထားတယ်။ ဆက်ပြီးသူမဟုတ်ကြောင်း ဗိုလ်မှူးကြီးကျော်စိုးရဲ့ပြောစကားနဲ့ သက်သေထပ်ထူပြခဲ့ပါတယ်။ ဗိုလ်ကျော်စိုးက..
“ကျနော်လည်း တဖက်က RT နဲ့ “ မပစ်သေးဘူးလား။ မပစ်သေးဘူးလား” လို့ ပြောနေတာနဲ့နေမဝင်ခင် ပစ်မှပဲဆိုပြီး ပစ်ခိုင်းလိုက်တာပဲ” ဟု ပြောစကားကို ကိုးကားဖေါ်ပြထားပါတယ်။ ဒီအချက်ကို ဗိုလ်အောင်ကြီးက ရှင်း ပြရာမှာတော့ .. “သူက (ဗိုလ်ကျော်စိုး) ကျောင်းသားတွေကိစ္စအခြေအနေတွေအားလုံး ဗိုလ်ချုပ်ကြီးကို ဝိုင်ယာလက်နဲ့အစီရင်ခံပြီး ဗိုလ်ချုပ်ကြီးက တဘက်အပစ်ခိုင်းနေလို့ သူအပစ်ခိုင်းလိုက်ရသည်ဟု ပြန်ပြောခြင်းဖြစ်ပါသည်” ဆိုပြီး တရားခံအစစ်ကို မီးမောင်းထိုးပြခဲ့တယ်။
သူစာရဲ့အသွားအလာအရကြည့်ရင် ဗိုလ်နေဝင်းက ဗိုလ်ကျော်စိုးကိုခိုင်းတယ်။ ဗိုလ်ကျော်စိုးက တိုက်ရိုက် ပစ် မိန့်ထုတ်ပြန်တယ်။ တရားခံ နှစ်ယောက်ကိုဆွဲထုတ်လိုက်တာပါ။ ဒါအပြင် ဗိုလ်နေဝင်းကိုယ်တိုင် ဝန်ခံထား တာ ကိုလည်း ဗိုလ်အောင်ကြီးက အောက်ပါအတိုင်း ဖွင့်ဟခဲ့ပြန်ပါတယ်။
“ ဤကိစ္စကို ကျွန်တော် တပ်ထဲရှိစဉ် မည်သူကမျှ ဘာမျှမပြောကြသော်လည်း ကျွန်တော်တပ်မှထွက်သောအ ခါ ဗိုလ်ချုပ်ကြီးက ဂါးဒီးယန်းဦးစိန်ဝင်းကိုသော်လည်းကောင်းအခြားမိတ်ဆွေရင်းချာ ၃-၄ဦးကိုခေါ်ပြီးရှင်းလင်း ပြောရာတွင်လည်းကောင်း “ကျောင်းသားတွေကို ပစ်ဖို့အမိန့်ပေးတာကျုပ်။ ကျောင်းသားအဆောက်အုံကို အဖြို ခိုင်းတာက ကျုပ်မဟုတ်ဘူး။ဗိုလ်အောင်ကြီးပဲ’လို့ ပြောကြောင်း သိရပါသည်” လို့ ရှင်းတမ်းမှာဖေါ်ပြထားပါတယ်။
ဒီအချက်ကိုထောက်ကြည့်ရင် ၁၉၆၂ ဂျူလိုင်၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ကျောင်းသားတွေကို ပစ်သတ်မိန့်ပေးတာဟာ ဗိုလ်နေဝင်းဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါပြီ။ ဒါပေမယ့် ဗိုလ်နေဝင်းပြောစကားကို တိုက် ရိုက်ကြားနာခဲ့ရတဲ့ သတင်းစာဆရာကြီး ဂါးဒီးယန်းစိန်ဝင်းကတော့ ဒီအကြောင်းရေးသားဖေါ်ပြထားတာ မတွေ့မိသေးဘူး။ ကျနော်စာမစုံတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ လူသတ်ရတာလက်ယဉ်နေတဲ့ဗိုလ်နေဝင်းက ၇ ဂျူလိုင်အစု ပြုံလိုက်သတ်တာကိုတော့ သူပါလို့ ဝန်ခံထားလေရဲ့။
ဗိုလ်အောင်ကြီးရဲ့ရှင်းလင်းဖေါ်ပြချက်အရ “ နလကဥက္ကဋ္ဌနှင့်တဖွဲ့လုံး အသံလွှင့်ရုံမှာ “စစ်ဆင်ရေးဌာန ချုပ် ” ဖွင့်ထားတယ်” ဆိုတဲ့အချက်က စိတ်ဝင်စားစရာပါ။ ကျောင်းသာလူငယ်တွေ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြတယ်ဆိုတာကို ‘စစ်ဆင်ရေးဌာနချုပ်’ တခုဖွင့်ပြီး အရေးယူဆောင်ရွက်ရလောက်တဲ့အနေအထားမဟုတ်။ လက်နက်ဆိုလို့ အပ်တိုတချောင်ပင်မပါ။ ကိုယ့်လိုအပ်ချက်ကို စုဝေးတောင်းဆိုခြင်းမျှသာ ဖြစ်တယ်။ တော်လှန်ပုန်ကန် ကြတဲ့အနေအထားမရှိဆိုတာ အားလုံအသိ။
တော်လှန်ရေးကောင်စီအဖွဲ့တွေက အဲ့သလိုတောင်းဆိုဆန္ဒပြတဲ့ကျောင်းသားတွေဖြိုခွင်းဖို့အတွက် “စစ်ဆင်ရေး ဌာနချုပ်” တခုအထိ ဖွင့်လှစ်လုပ်ဆောင်တဲ့အချက်ကတော့ ပစ်သတ်ဖြိုခွဲဖို့ ကြိုတင်ကြံရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ ယူဆကြရမှာပါ။ ဒါကြောင့် ဂျူလိုင် ၇ ရက်နေ့ကျောင်းသားများ အစု လိုက်အပြုံလိုက် ပစ်သတ်မှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံပစ်သတ်ခြင်းမို့ စစ်ရာဇဝတ်မှုမြောက်နေပါတယ်။
တကယ်လို့ အရပ်ဘက်အုပ်ချုပ်ရေးကို စစ်တပ်ကဝင်ရောက်ကူညီခြင်းဆိုတဲ့ Aid to civil Power အရ ပစ်ခဲ့ တယ်ဆိုရင်လည်း အဲ့ဒီဥပဒေရဲ့လုပ်ထုံးလုပ်နည်း ဥပဒေအတိုင်းလုပ်ခဲ့ပါသလား။ Aid to civil power ဆိုတာ Martial Law မဟုတ်ဘူး။ Aid to civil power မှာ ပစ်ခတ်ရမယ့်သူဟာ တရားသူကြီး၊ ရဲအရာရှိ အစရှိတဲ့ အရပ် သားအရာရှိတွေရဲ့ ညွှန်ကြားချက်အမိန့်အောက်က လိုက်နာလုပ်ဆောင်ကြရတာ။ “ဖြိုခွင်းနှိမ်နင်းရာမှာလည်း မပစ်ခင်သုံးကြိမ်ထိ အားလုံးကြားအောင် ကြေညာရတယ်။ ပစ်ခတ်ရာမှာလည်း အနည်းဆုံးအင်အားကိုသုံးရ တယ်။ ပစ်ခတ်ရမယ့်သူဟာ သေနတ်ထဲကို ကျည်တတောင့်ပဲထည့်ပြီး အသင့်အနေအထားနဲ့စောင့်နေရတယ်။ ပစ်မိန့်ပေးလို့ ပစ်ခတ်ရာမှာလည်း လူအုပ်ထဲကို ထိုးမပစ်ရဘူး။ ပစ်မိန့်ပေးသူက တဦးချင်းဆီရဲ့ပစ်မှတ်ကိုပေးရတယ်။ ပေးထားတဲ့ ပစ်မှတ်အတိုင်းပဲပစ်ရတယ်။ သူပုန်တွေကို တိုက်ခိုက်တဲ့ ပစ်ခတ်မှုမျိုးမလုပ်ရဘူး။” ဆိုတဲ့အ ချက်တွေအတိုင်းလိုက်နာခဲ့ပါသလား။
ဗိုလ်အောင်ကြီးကတော့ “အဲ့သလိုမကျင့်သုံးဘူးဆိုရင် တာဝန်ခံကို စစ်ခုံရုံးအတင်ခံရမည့် ကိစ္စဖြစ်ပါသည်”လို့ ဆိုထားပါတယ်။ တော်လှန်ရေးကောင်စီဟာ အဲ့လိုကျင့်ထုံးကိုကျော်လွန်ခဲ့ကြတဲ့ နလက တဖွဲ့လုံးကို အရေးယူ ဆောင်ရွက်ခြင်းလည်းမရှိခဲ့ပါဘူး။ အဲ့ဒီလူတွေကို သူကောင်းမြှောက်ချီးမြှင့်တာတောင်လုပ်ခဲ့ပါသေးတယ်။
ဂျူလိုင် ၇ ရက်နေ့အစုလိုက်အပြုံလိုက်သတ်မှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့သူတွေပြောပြချက်ရေး သားမှတ်တမ်းတင်ထားတဲ့အချက်တွေအရဆိုရင် Aid to civil power ကျင့်ထုံးနဲ့မညီဘူးလို့ဆိုကြပါတယ်။ “ပစ်ခတ်သူတွေဟာ အော်တိုမက်တစ်မောင်းပြန်သေနတ်တွေနဲ့ပစ်ခတ်ခြင်းဖြစ်တယ်။ တတောင့်ချင်း ထည့်ပစ်တာမျိုးမဟုတ် ပစ်မှတ်လည်း သတ်မှတ်ချက်မရှိ။ လူအုပ်ထဲကို စည်းမဲ့ကမ်းမဲ့ ပစ်ခတ်ခြင်းဖြစ်တယ်။ ကျောင်းသားအုပ်စုထဲကို တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကြောင့် ကျောင်းသားတွေ အတုန်းအရုန်း သေရတာဖြစ်တယ်” လို့ဆိုပါတယ်။
ဒါအပြင် ဂျူလိုင် ၇ ရက်နေ့အဖြစ်ပျက်မှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေရဲ့ရေးသားမှတ်တမ်းတင်ထားတာတွေ၊ သတင်းစာတွေမှာဖေါ်ပြချက်တွေအရ ကျောင်းသားများဆန္ဒပြပွဲအပြီး လူစုခွဲပြီးချိန်မှာ ဖြစ်ခဲ့တာပါ။ “ ဇူလိုင် ၇ ရက်ကျောင်းသားအရေးတော်ပုံ၏ တိုက်ပွဲဝင်ကျောင်းသားခေါင်းဆောင်မျိုးဆက်များ” ရဲ့ မှတ်တမ်းမှာတော့…
“ဇူလိုင် ၇ ရက်နေ့ ကျောင်းသားထုဆန္ဒပြပွဲကြီးကို နေ့လည် ၁ နာရီမှာလူစုခွဲနိုင်ခဲ့ပါတယ်။ ကျောင်းသားတချို့က တကသစားသောက် ဆိုင်မှာ။ ကျန်တချို့က ဟိုနားဒီနားမှာ။ တချို့က ‘တကသ’စာဖတ်ခန်းထဲမှာသတင်းစာဖတ်၊ ချက်စ်ထိုး၊ ဇယ်တောက်၊ စကားစမြည်ပြောနေကြတယ်။ အဲ့ဒီအချိန်မှာ၊ သမဂ္ဂအဆောက်ဦရဲ့ ရှေ့ဘက်ကရော နောက်ဘက်ကရော အားကစားရုံကြီးဘက်ကပါ သတင်းတပ်ဖွဲ့နဲ့ (အဲ့ဒီစဉ်)က သီးသန့်ရဲများပါ လုံခြုံ ရေးတပ်ဖွဲ့များအရှိန်နဲ့ ဝင်ရောက်လာကြတယ်။ ဦးစွာ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ကိုသက်နဲ့ ရကသအတွင်း ရေးမှူး ကိုဉာဏ်ဝင်းတို့ကို ဖမ်းသွားကြောင်းတွေရတယ်” လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။
ကိုတင်အေး (မြင်ခြံ) ကလည်း “ နေ့လည်း၁၁နာရီမှာ ဗကသ ကိုဗဆွေလေးတို့ခေါင်းဆောင်ပြီး ကျောင်း သားထုဟောပြောပွဲ၊ ဆန္ဒပြပွဲ၊ လူထုအခွင့်အရေးတောင်းဆိုတဲ့စည်းဝေးပွဲတွေပြုလုပ်ခဲ့တယ်။ အစည်းအဝေးအပြီး ၂ နာရီ လောက်အကြာ နာရီပြန်တချက် လူစုမကွဲတကွဲမှာ အနောက်ဘက်တချို့၊ ဘေးဘက်မှာတချို့ စစ်ကားတွေမောင်းဝင်လာပြီး ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းပါတယ်။” လို့ ရေးသားခဲ့တယ်။
ကြေးမုံသတင်းစာကတော့ “ စီတန်းလှည့်လည်ရာတွင်ပါဝင်ခဲ့ကြသောကျောင်းသားများသည် ဆန္ဒပြပွဲပြီးသည့်နောက် သက်ဆိုင်ရာအဆောင်များသို့မပြန်ကြသေးဘဲ အုပ်စုအလိုက် တကသရှေ့ရှိ မြက်ခင်းတွင်လည်း ကောင်း တကသစားသောက်ဆိုင်တွင်လည်းကောင်း စုရုံး၍နေကြသည်။ ကျောင်းသားများလူစုကွဲသွားပြီး ကျောင်းသားခေါင်းဆောင်အချို့သာ တကသပေါ်၌ရှိနေစဉ် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်ရဲအဖွဲ့ဝင် ၁၀၀ ခန့်က တကသအဆောက်ဦကို ဝိုင်းဝန်းထားလိုက်ပြီး ကျောင်းသားခေါင်းဆောင်အချို့ကို ဖမ်းဆီးလိုက်သည်။” လို့ ဖေါ်ပြထား ပါတယ်။
အခုလိုသက်သေများစွာ ထုတ်ပြောနေရတာက ၇ ဂျူလိုင်နေ့အတွက် အလွန်အရေးကြီးတာကြောင်ပါပဲ။ ဒီအချက်တွေကြည့်တာနဲ့ ကျောင်းသားများဟာ ငြိမ်းချမ်းစွာဆန္ဒပြတာကိုပေါ်လွင်စေတယ်။ တောင်းဆိုဆန္ဒပြပွဲပြီးတဲ့ အချိန်ငြိမ်းချမ်းစွာပဲ နားနားနေနေ အနားယူနေကြပြီ။ ဒီအခြေနေကို ဆိုးဝါးအောင်ရန်စပြီး အဓိကရုဏ်းဖြစ်လာအောင် စစ်တပ်က တမင်ဖန်တီးလိုက်တယ်ဆိုတဲ့အချက်ဟာ ပေါ်လွင်လာပါတယ်။ ဒါကြောင့် ဂျူလိုင် ၇ ရက်နေ့ ဖြစ်စဉ်မှာ စစ်တပ်က စိတ်ကြိုက်ပစ်လို့ခတ်လို့ သတ်လို့ရအောင် အဓိကရုဏ်းကို တမင်ဖန်တီးလိုက်တာပဲဖြစ်တယ်လို့ စွဲချက်တင်ကြရမှာပါ။
* ဆက်လက်ဖော်ပြသွားပါမည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar