ကရော်ဟုန်း - ထောက်ပို့ အောက်ဆီဂျင်
ကရော်ဟုန်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၂
ငါတို့ခေတ် မဟုတ်တော့ဘူး
မင့်တို့ခေတ် ရောက်ပြီ။
ငါတို့က
အခွံစုတ်ကျန်တဲ့ လက်ပစ်ဗုံး။
မင့်တို့က
ယမ်းထောင်း ကျည်ပြန့် တူမီး
ရေမြှုပ်၊ မြေမြှုပ် မိုင်းပဒေသာကြီး။
လားရာတူတဲ့
ပြန်လှန်ဖြစ်စဉ်မှာ
အသက်ရှူကျပ်ခဲ့ဖူးသူ ငါတို့
မင့်တို့ရဲ့တုန်ခါမှုအနာဂတ်ကြောင့်
အောက်ဆီဂျင်ရပါတယ်။
အောက်ဆီဂျင်ဆိုမှတော့
ကိုယ်တိုင် မီးမလောင်နိုင်တာကလွဲလို့
မီးလောင်မှုတော့ အားပေးရမှာပေါ့။
ငါတို့ဟာ
အောက်ဆီဂျင်စစ်စစ်ဖြစ်ပါရစေ
နွေဦးလေညင်း ဆောင်သယ်လေ။
၂၂၁၀၂၈
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar