Breaking News

နှင်းခါးမိုး - ရှုတိုင်းသာစွ နန္ဒာကန်တော်


ရှုတိုင်းသာစွ နန္ဒာကန်တော်
နှင်းခါးမိုး
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၂

အာကာသထဲမှာ ရေအိုင်ကြီးတအိုင်တွေ့တယ်တဲ့၊ ကမ္ဘာပေါ်မှာရှိတဲ့သမုဒ္ဓရာကြီးပေါင်း အစင်း ၁၄၀ ထရီလီယံပမာဏလောက် ရေထုရှိတယ်တဲ့။ လမ်းသွားရင်း သူငယ်ချင်းဖြစ်သူက ဖတ်မိတဲ့သတင်းတပုဒ်ကိုပြောပြနေတာ။ ကြားဖူးဖတ်ဖူးတဲ့နတ်ပြည်က မဟာနန္ဒာကန်ကြီးများ ဖြစ်လေမလားလို့ပြောရင်း ရယ်မိကြတယ်။ ရှုတိုင်းသာစွ နန္ဒာရေလျဉ် ဟင်္သာစံယှဉ် မြူးကြကူးသန်း။

ဆက်တွေးမိတော့ ကမ်းခြေမရှိတဲ့ကြမ်းပြင်မရှိတဲ့ရေအိုင်ကြီးပေါ့။ ကျနော်တို့ လျှော်ပြီးစခေါင်းကိုခါထုတ်လိုက်တဲ့အခါ နေရောင်မှာလွင့်ပါသွားတဲ့ ရေစက်ရေမှုန်တွေလိုမျိုးပေါ့။ လေထုနဲ့မြေဆွဲအားမရှိတဲ့အာကာသထဲမှာ ဒီဧရာမရေစက်ရေမှုန်ကြီးဟာ လွင့်မျောနေတာလည်းဖြစ်နိုင်သ လို တနေရာတည်းမှာရပ်တံ့နေတာလည်းဖြစ်နိုင်တာပဲ။ အာခေါင်ခြောက်နေတဲ့ တွင်းနက်ကြီးနဲ့ဝေးရာ ရုန်းကန်နေတာလည်း ဖြစ်နိုင်သေးရဲ့။ မတော်တဆများ ကျနော်တို့နေတဲ့မြေကမ္ဘာဟာ အဲဒီအာကာသရေအိုင်ကြီးထဲပြုတ်ကျသွားရင် အလှပြငါးကန်ထဲပစ်ချလိုက်တဲ့ ငါးစာမှုန်လေးတမှုန်လိုဖြစ်နေမှာပဲ။ ရေရှိရင် သက်ရှိသတ္တဝါရှိတယ်ဆိုတော့ ဧရာမငါးကြီးတကောင်က အစာမှတ်ပြီး ကမ္ဘာကိုဟပ်လိုက်မျိုချလိုက်မှာပဲလို့ တွေးမိတော့ လူ့အဖြစ်ကို အရမ်းသိမ်ငယ်သွားမိတယ်။ 
လွတ်လပ်ခွင့်တို့ တရားမျှတမှုတို့ ချစ်ခြင်းမေတ္တာ အမှန်တရားနဲ့ လူ့ဂုဏ်သိက္ခာစတဲ့ စကားလုံးတွေ တန်ဘိုးတွေ၊ အဲဒီအတွက် တိုက်ပွဲတွေ ပေးဆပ်မှုတွေ အလေးအနက်တည်ဆောက်မှုတွေသာမရှိခဲ့ရင် ဒီလူဆိုတဲ့အသွေးအသားခဲလေးဟာ ဒီအာကာသကြီးထဲမှာ အမှုန်ကလေးတခုရဲ့ *ပရမာအနုမြူမျှသာဖြစ်တယ်။ မွေးတယ်၊ အိပ်တယ် စားတယ် လိင်ဆက်ဆံတယ်။ ကြီးပြင်းတယ် အိုမင်းတယ် သေတယ်။ အာကာသထဲကရေအိုင်ကြီးထဲမှာ လှိုင်းလေးတချက်ခုန်ရင် တောင် လူ့ယဉ်ကျေးမှုသမိုင်းတဆက်စာ နှစ်သုံးလေးထောင်ဟာ သုံးလေးငါးခါပြန် လှည်းဘီးလည်သလိုလည်မယ်။ တကယ်တော့ လူ့သက်တမ်းလေးနှစ်တရာမရှိတရှိဟာ လှိုင်းပေါ်သုတ်ပြေးတဲ့ လေပြေလေးတချက်စာလောက်တောင် မရှိဘူးဆိုတာ အမှန်တရားပဲ။ 

ဒါပေမဲ့ အာကာသထဲက တံခါးချပ်တွေကို ဆွဲဖွင့်တာလည်း အဲဒီအမှုန်သေးသေးလေးပဲ။ အာကာသရေအိုင်ကြီးထဲ သူ့စိတ်ကူးပိုက်ကွန်တွေကို လှမ်းပစ်ပြီး မသိမှုတွေကို ဖမ်းနေတာဟာလည်း အဲဒီအမှုန်သေးသေးလေးပဲ။ သမုဒ္ဓရာအထောင်အသောင်းလောက်ကြီးမားပါတယ်ဆိုတဲ့ ရေအိုင်ဆိုတာကြီးကလည်း တကယ်တော့ အဲဒီအမှုန်သေးသေးလေးရဲ့ မိခင်တို့ရဲ့ရင်ထဲက မျက်ရည်အိုင်ထက် ပိုမကြီးနိုင်ပါဘူး။ အာကာသဆိုတာ အမေတယောက်ရဲ့ သားအိမ်ထဲက စတင်ခဲ့တာပဲလို့ ယုံတယ်။ 

နှင်းခါးမိုး
-
* လူ့ဦးခေါင်းမှ သန်းတစ်ကောင်၏ ဦးခေါင်းကို (၇)စိတ် စိတ်၊ ထို (၇)စိတ်၏ တစ်စိတ်အရွယ်သည် ''လိက္ခာပိုး''တစ်ကောင်။
- ''လိက္ခာပိုး'' တစ်ကောင်ကို (၃၆)စိတ် ထပ်စိတ် ၁-စိတ်အရွယ်ဟာ '' ရထရေဏုမြူ ရုပ်ကလာပ်'' ၁-ခု။
(ဖုန်မှုန့် ပမာဏ)
- ''ရထရေဏုမြူ ရုပ်ကလာပ်'' ၁-ခုကို (၃၆)စိတ် စိတ်၊ ၁-စိတ်အရွယ်ဟာ '' တဇ္ဇာရီမြူ ရုပ်လာပ်'' ၁-ခု။
(နေရောင်အတွင်း မြင်ရသော အမှုန်မျိူး)
- ''တဇ္ဇာရီမြူ ရုပ်ကလာပ်'' ၁-ခုကို (၃၆)စိတ် ထပ်စိတ်၊ ၁-စိတ်စာဟာ ''အဏုမြူ ရုပ်ကလာပ်'' ၁-ခု။
- ''အဏုမြူ ရုပ်ကလာပ်'' ၁-ခုကို (၃၆)စိတ် စိတ်၊ ၁-စိတ်စာကို '' ပရမာဏုမြူ ရုပ်ကလာပ်'' ဟုခေါ်၏။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar