ကျော်မင်းထွန်း(NEW YORK) - အောက်မေ့ချိန်
အောက်မေ့ချိန်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၂
ပြေးပြေးလွှားလွှား
မင်းထွက်သွားတော့
မင်းထားခဲ့သူတွေ နေသာပါ့မလား..
ဒီစစ်ကြီးနဲ့
ဒီခေတ်ကြီးမှာ
မင်းချစ်ဇနီးရော နေသာရဲ့လား..
မင်းချန်ခဲ့တဲ့ အမြှောက်ဆန်ထဲ
မင်းအမေက သစ္စာပန်းတွေထိုး
သစ္စာလေးပါး မြတ်ဘုရားရှေ့
ရိုရိုကျိုးကျိုး ထိုင်ရှစ်ခိုးလို့..
မင်းကျန်ခဲ့တဲ့ ကျည်ဆံတောင့်နဲ့
မင်းရဲ့သမီးက နှုတ်ခမ်းဆေးဆိုးဖို့
နှုတ်ခမ်းနီတောင့် လုပ်နေလေရဲ့..
မင်းထားခဲ့တဲ့ ကျည်ကာဝတ်ပြီး
ငါးနှစ်သား မင်းရဲ့သားကြီးက
ကျယ်ကျယ်လောင်လောင် ငှက်ကြီးတွေ
ရွာပေါ်ပျံဝဲလာတိုင်း
ဗုံးခိုကျင်းထဲ ပြေးပြေးဆင်းရ
သူကလေယာဉ်ပျံကို မမြင်ဘူးတော့လဲ..
ငါတို့မှာ
နမ်းစရာဆိုလို့
တောလမ်းနဘေးက
တောပန်းလေးတွေပဲရှိတာ..
ကြယ်ကြွေညများ
စျာပနသံကြားမှ
သေခြင်းတရားကို အောက်မေ့တယ်
ဒီခေတ်ကြီးနဲ့ ဒီစစ်ကြီးမှာ..
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar