Breaking News

လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၁ )

လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၁ )

(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၂


ပါတီဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း 

တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက် ကွန်ဂရက်ကို၂၀၂၂ အောက်တိုဘာ (၁၆-၂၂) ရက်အတွင်း ကျင်းပခဲ့ပြီးနောက် တရုတ်ပြည်ရဲ့ရှေ့ခရီးကို သတ်မှတ်လိုက်ပါတယ်။

အခုကွန်ဂရက်မှာ တတိယအကြိမ် ပါတီရဲ့အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်အရွေးခံရတဲ့ လက်ရှိသမ္မတ ရှီကျင့်ပင်ရဲ့ကွန်ဂရက် အစီရင်ခံစာမှာရော၊ အပိတ်မိန့်ခွန်းမှာရော၊ ဒီရှေ့ခရီးအကြောင်း အသေးစိတ်တွေ ပါပါတယ်။ အဲဒီခရီးကို ဘယ်လို ဆက်သွားကြမလဲ။

တရုတ်ကွန်မြူနစ်ပါတီရဲ့ပြင်ဆင်မှုများကို ကြည့်ရအောင်ပါ။

အဲဒီပိတ်ပွဲနေ့မှာပဲ ကွန်ဂရက်က အတည်ပြုလိုက်တယ်ဆိုတဲ့ ပါတီဖွဲ့စည်းပုံအသစ် ပြင်ဆင်ချက်များ ဆိုတာ ထွက်လာပါတယ်။

ဒီလိုပြင်ဆင်မှုများဆိုတာ ကွန်မြူနစ်ပါတီရဲ့ အစဉ်အလာလုပ်ဆောင်ချက်ပါ။

အခြေအနေ အပြောင်းအလဲများနဲ့အညီ သဘောတရားရေးဆိုင်ရာတီထွင်ဖန်တီးမှုများနဲ့ လက်တွေ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုသစ်များကို ပါတီလုပ်ငန်းများ တိုးတက်ရေးနဲ့ ပါတီတည်ဆောက်ရေး အရှိန်အဟုန် မြင့်မားစေရေးအတွက် လိုအပ်ချက်အဖြစ် ပေါင်းစပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်မှာပါတဲ့အဓိကအချက်ကတော့— တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ မိမိရဲ့မူလရည်မှန်းချက်ကို မမေ့မလျော့ ကိုင်စွဲပြီးတိုက်ခိုက်ရေးစိတ်ဓာတ်အပြည့်နဲ့ တိုက်ခိုက်ေရးစွမ်းရည်တွေကိုမြှင့်တင်ပြီး တရုတ်ပြည်ကြီးကို ဘက်စုံက ဆိုရှယ်လစ်ခေတ်မီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရေး ဆိုတဲ့ ဒုတိယ ရာပြည့်ရည်မှန်းချက်အတွက် ခရီးရှည်ချီတက်ပွဲ အသစ်ကို စတင်ရပါမယ်တဲ့။

တကယ်တော့ ဒီလို ပြင်ဆင်ချက်တွေအတွက် ပါတီအနေနဲ့ အတော်အချိန်ယူပြင် ဆင်ခဲ့တာပါ။

 မူကြမ်း ပြင်ဆင်ရေးအထူးကော်မတီကို ဗဟိုကော်မတီက လမ်းညွှန်ချက် ချမှတ်ပြီး ဖွဲ့စည်းပေးခဲ့တာပါ။ လမ်းညွှန်ချက်ကတော့ ဒီပြင်ဆင်ချက်ဟာ မာ့က်စ်ဝါဒကို  အချိန်ကာလလိုအပ်မှုနဲ့အညီ တရုတ်မှုပြုရာမှာ နောက်ဆုံးရရှိခဲ့တဲ့ အောင်မြင်မှုများနဲ့ အရင် ကွန်ဂရက်များက ချမှတ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု အတွေးအခေါ်သစ်များ၊ စဉ်းစားနည်းသစ်များနဲ့ နည်းဗျူဟာသစ်များကို အပြည့်အဝ ရောင်ပြဟပ်ရမယ်တဲ့။ 

မူအရ လမ်းညွှန်ချက် နောက်တရပ်ကတော့ ပါတီတွင်း ဒီမိုကရေစီကို အပြည့်အဝ ဖွံ့ဖြိုးရေးကို အားပေး၊ တိုးတက်စေပြီး တပါတီလုံးရဲ့ ဉာဏ်ပညာအမြော်အမြင်ကို စုဆောင်းရမယ် ဆိုတာပါပဲ။

ဒီလိုနဲ့ အဲဒီကော်မတီအဖွဲ့ဝင်များဟာ တနိုင်ငံလုံးရှိ ဒေသအသီးသီးက ခေါင်းဆောင် တာဝန်ခံများ၊ စစ်တပ်က လူများ၊ အဖွဲ့အစည်းအသင်းအဖွဲ့များက အမြင်တွေ၊ ထင်မြင်ချက်တွေအားလုံး စုစည်းကြ၊ အပြန်အလှန် ဆွေးနွေးကြနဲ့ မူကြမ်းတရပ်ကို ရေးဆွဲပြီး တခါအဲဒီမူကြမ်းကိုပဲ ထပ်လှည့်ဆွေးနွေး၊ ပြင်သင့်တာပြင်၊ ထပ်ထည့်သင့်တာထည့်နဲ့ အကြိမ်ကြိမ် ဆွေးနွေးကြပြီးမှ နောက်ဆုံး ၂၀ ကြိမ်မြောက် ကွန်ဂရက် ကိုယ်စားလှယ်များရဲ့အတည်ပြုမှုကို ရယူလိုက်ပြီး တရားဝင် ပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံထဲ ရောက်ရှိလာခဲ့တာပါ။

ဒီမှာတင် ၁၈ ကြိမ်မြောက် ကွန်ဂရက် (၂၀၁၂) ကစလို့ ၁၀ နှစ်တိတိ အခြေခံလုပ်ဆောင်ချက်များ ဖြစ်ပြီး အောင်မြင်မှုများလည်း ရလာခဲ့တဲ့ နိုင်ငံစီမံံအုပ်ချုပ်မှုဆိုင်ရာ ရှီကျင့်ပင်အတွေးအခေါ်များဟာ ရှေ့ခရီးစဉ်များအတွက် လမ်းညွှန်ချက်များ ဖြစ်လာပါတော့တယ်။ ဒါတွေကလည်း အသစ်အဆန်းတွေတာ့ မဟုတ်လှပါဘူး။ ပါတီတွင်း စာစောင်စာတမ်းများအပြင် ရှီကျင်ပင်ရဲ့ကာလအသီးသီးက ပြောဆိုမိန့်ကြားချက်၊ လမ်းညွှန်ချက်များကို စုစည်းတည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာအုပ်စာတမ်းများမှာလည်း တွေ့ရပါတယ်။ (နိုင်ငံခြားဘာသာအမျိုးမျိုးနဲ့လည်း ပြန်ဆိုထုတ်ဝေထားတာတွေ ရှိပါတယ်။)

အဲဒီတော့ ပြင်ဆင်ချက်မှာပါတဲ့အတိုင်း ပါတီရဲ့အခရာအခန်းကိုဖော်ထုတ်ဖို့အတွက် ၂၀ ကြိမ်မြောက် ကွန်ဂရက်က ရွေး‌ကောက်တင်မြှောက်ပေးလိုက်တဲ့ ရှီကျင့်ပင် ဦးဆောင်တဲ့ ခေါင်းဆောင်မှုအသစ် အဖွဲ့ ရဲ့ ပထမဆုံးလုပ်ရပ်ကတော့ ၂၇ ရက်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်တော်လှန်ရေးရဲ့ အောင်မြေအရပ်ဖြစ်တဲ့ ယင်အန်းကို အုပ်လိုက် သွားရောက်ခဲ့တာပါပဲ။ 

ပါတီရဲ့ ၇ ကြိမ်မြောက် ကွန်ဂရက် ကျင်းပခဲ့တဲ့ ခန်းမနဲ့ တော်လှန်ရေးပြတိုက်တို့ကို သွားရောက်ပြီး ရှေ့ချီတက်ရမယ့် ခရီးအတွက် စုစည်းအားယူခဲ့ကြပါတယ်။

၁၉၄၅ က ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက်ကွန်ဂရက်ဟာ တရုတ်ကွန်မြူနစ်ပါတီသမိုင်းမှာ ထူးခြားတဲ့မှတ်တိုင်တတိုင်ဖြစ်ပြီး ပါတီဟာ နိုင်ငံရေးအရ၊ သဘောတရားအရနဲ့ စည်းရုံးရေး

နယ်ပယ်တွေမှာပါ ပိုမိုရင့်ကျက် အားအင်တောင့်တင်းလာကြောင်းပြသနိုင်ခဲ့ပြီး ရှေ့တပြည်လုံး လွတ်မြောက်ရေးဆိုင်ရာ မူဝါဒများကိုလည်း လမ်းညွှန်နိုင်ခဲ့တာပါ။ 

ဒီ ၇ ကြိမ်မြောက်ကွန်ဂရက်မှာပဲ မော်ရဲ့အေတွးအခေါ်တွေကို ပါတီရဲ့လမ်းညွှန်သေဘာတရားအဖြစ် ပါတီရဲ့ဖွဲ့စည်းပုံအတွင်းထည့်သွင်းနိုင်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုအနေနဲ့ ၁၃ နှစ် (၁၉၃၅-၄၈)ကြာ ရုံးစိုက်ခဲ့တဲ့ ယင်အန်း ကာလအတွင်းက ပါတီရဲ့သမိုင်းဝင်ဖြစ်ရပ်များကို အချက်အလက် အစုံအလင်နဲ့ မှတ်တမ်းတင်ထားတဲ့ တော်လှန်ရေးပြတိုက်ကြီးဟာလည်း တရုတ်ပြည်သစ်ကို တည်ဆောက်ပေးတဲ့ ယင်အန်းစိတ်ဓာတ်ကို ဖော်ကျူးနေပါတယ်။

ဒါကြောင့် ဒီအရပ်ကို လာတာဟာ ပါတီရဲ့ အရေးကြီးလှတဲ့ ဒီသမိုင်းဝင် အဖြစ်အပျက်တွေကို ခေါင်းဆောင်များအနေနဲ့ တပြည်လုံးကို ပြန်လည်မျှဝေပညာပေးလိုဟန်ရှိပါတယ်။

အဲဒီ ယင်အန်းအရပ်မှာ အောက်ခြေရွာကေဒါလေးအဖြစ် ၇ နှစ် အလုပ်လုပ်ခဲ့ဘူးတဲ့ ရှီကျင့်ပင်က ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုရင်း ဒီလိုပြောပါတယ်။

ဒီ ယင်အန်းမှာပဲ မော် အပါအဝင် ပါတီနဲ့ တော်လှန်ရေး ခေါင်းဆောင်များဟာ တရုတ်တော်လှန်ရေးအရေးတော်ပုံကြီးကိုဒီရေနိမ့်ကနေ ဒီရေမြင့်အဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး သမိုင်းအလှည့်အပြောင်းတရပ်ကို ရောက်ရှိစေခဲ့တယ်။ တိုင်းပြည်ရဲ့ရှေ့ရေးအလားအလာကိုလည်း ပြောင်းပေးခဲ့တယ်။

ယင်အန်း စိတ်ဓာတ်ဆိုတာ မှန်ကန်တဲ့နိုင်ငံရေးဦးတည်ချက်အပေါ်ခိုင်မာစွာ ရပ်တည်ခြင်း၊ အတွေးအခေါ်လွတ်မြောက်စေပြီး လက်တွေ့ဖြစ်ရပ်များက အမှန်တရား ရှာဖွေခြင်းဆိုတာကိုလမ်းညွှန်မူအဖြစ်ထားခြင်း။ ပြည်သူ့အကျိုးကို စိတ်ရော ကိုယ်ပါ ဆောင်တဲ့ အခြေခံရည်မှန်းချက်နဲ့ မိမိကိုယ်ကိုသာ အားကိုးပြီး အားသွန်ခွန်စိုက် လုပ်ဆောင်ရဲတဲ့စိတ်ဓာတ် တို့ဖြစ်တယ်။

"ယင်အန်းကာလအတွင်း ပေါ်ပေါက်ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ဒီလိုမျိုးဂုဏ်ရောင်ပြောင်တဲ့ စိတ်ဓာတ်နဲ့ အစဉ်အလာတွေဟာ ပါတီရဲ့အလွန်အဖိုးတန်တဲ့ အရင်းအနှီးကောင်းမွေများဖြစ်ပြီး မျိုးဆက်တဆက်ပြီး တဆက် အမွေဆက်ခံသွားရမှာ ဖြစ်တယ်"တဲ့။

နိဂုံးမှာတော့ "ပါတီဝင်များအားလုံး ဒီ ယင်အန်းစိတ်ဓာတ်ကိုလေ့လာအတုယူ လုပ်ဆောင်ရမှာဖြစ်ပြီး ရှေ့ခရီးလမ်းဖြစ်တဲ့တရုတ်ပြည်ကို ခေတ်မီဆိုရှယ်လစ်နိုင်ငံထူထောင်ရေး လုပ်ငန်းစဉ်ကြီးမှာ ပါတီအနေနဲ့ အင်အားတောင့်တင်းတဲ့ ခေါင်းဆောင်မှုအခန်းကို ဖော်ဆောင်ကြရမယ်" လို့ ပြောသွားပါတယ်။

ဒါတွေကတော့ တရုတ်ပြည်အနေနဲ့ ရှေ့ခရီးရှည်ချီတက်ပွဲအသစ် အတွက် ရှီကျင့်ပင် ဦးဆောင်တဲ့ ခေါင်းဆောင်မှုအစုသစ်က တပါတီလုံးက၊ ပါတီဝင်ထုတရပ်လုံးနဲ့ တပြည်လုံးက ပြည်သူများကို တပ်လှန့်နှိုးဆော်မှု အစပျိုးချက်တရပ်ပါ။

ဒီခရီးမှာ အဓိက ဦးဆောင်ရမယ့် ပါတီကိုလည်း ဘက်ပေါင်းစုံကတည်ဆောက်ဖို့ အဆက်မပြတ် နှိုးဆော်နေပါတယ်။

နောက်ဆောင်းပါးများမှာ ရေးပါဦးမယ်။

လှကျော်ဇော

၃၀-၁၀-၂၀၂၂။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar