မောင်လူရေး - မွန်မြတ်တဲ့နိုင်ငံရေးသဘောထား — သမ္မာသင်္ကပ္ပ
မောင်လူရေး - မွန်မြတ်တဲ့နိုင်ငံရေးသဘောထား — သမ္မာသင်္ကပ္ပ
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၂
ဒီတော်လှန်ရေးအပေါ်ကနေ နေရာမမျှော်၊ ငွေကြေးမဖော်၊ လူအများရဲ့အလေးပေးမှုမမျှော်၊ ဦးစားပေးမှုမမျှော်၊ ထင်ပေါ်မှုမမျှော်၊ ကျော်ကြားမှုမမျှော်။
ရလာတဲ့ တော်လှန်ခွင့်ကို အကြောင်းပြု ကိုယ့်ပရိုဖိုင်မြှင့်လာတဲ့အခါ တော်လှန်ရေးခရီးသွားဖော်ချင်းဆိုတာမေ့ပြီး ကိုယ့်လုပ်နိုင်စွမ်းနဲ့ ချေတာ မိုးတာ ဝုန်းတာ ဖိတာတွေ မလုပ်။ သူတပါးလုပ်နိုင်သမျှကို အသိအမှတ်ပြုမှု၊ ကိုယ်လုပ်နိုင်တာနဲ့ချိတ်ဆက်မှု၊ နက်ဝပ်ကျယ်သထက် ကျယ်ရေး။
တော်လှန်ရေးနဲ့ ကျော်ကြားလာ ဩဇာထွားလာတဲ့အချိန်၊ တပြိုင်တည်းမှာ နိုင်ငံရေးအရ လူမှုရေးအရ နေထိုင်မှုအရ အာသာဖြေခွင့်အပြည့်ရနေချိန်မှာ သူတပါးတွေရဲ့ နေမှု ထိုင်မှု ဝတ်မှု စားမှု သွားမှုအပေါ် ရှုတ်ချတာမလုပ်၊ ကန့်သတ်တာမပြု၊ ချုပ်ချယ်တာမရှိ၊ လူမှုကွန်ရက်မှာ တက်မလာနိုင်အောင် ရိုက်ချတာမျိုး၊ သူ့လုပ်ကိုင်နေထိုင်မှုနဲ့ သူ့ဘဝကိုပါ အကျဉ်းကျစေချင်တာမျိုးရှောင်တာတွေ။
အချင်းချင်းဖေးမရေး၊ စောင့်ရှောက်ရေး၊ မျှဝေရေး၊ ထိန်းကျောင်းရေး၊ နားလည်မှုပေးရေး၊ ရေသာမခိုရေး၊ ဆိုးတူကောင်းတူ မျှယူရေး၊ တကိုယ်ကောင်း မကြွားမဝါရေး။
ဒီတော်လှန်ရေးဟာ အားလုံးရဲ့ လွတ်မြောက်ရေး။ စစ်အာဏာရှင်လက်ထဲက စစ်အာဏာရှင်ရဲ့အစိတ်အပိုင်းအဖြစ်အသုံးချခံနေရသူတွေပါလွတ်မြောက်ရေး။ စစ်အာဏာရှင်ကြီးတွေရဲ့ အသုံးချခံတွေကို လမ်းမှန်ပြစည်းရုံးရေး။ ကြိုဆိုနေရာချရေး။ စစ်အာဏာရှင်ခြေဖဝါးအောက်က မရုန်းသာ မထွက်သာသူများကို ကူညီအားဖြည့်ပေးရေး။ လမ်းပေါက်ရှာပေးရေး။
တချိန်မှာ အဖိနှိပ်ခံနဲ့ အသုံးချခံဖြစ်ခဲ့သူတွေ အတူယှဉ်တွဲနေထိုင်ရေး၊ အတူပြန်လည်ကုစားရေး၊ အတူပြန်လည်တည်ဆောက်ရေး၊ ရုပ်ပိုင်းစိတ်ပိုင်း လုံလုံခြုံခြုံ အတူတကွ ဖွံ့ဖြိုးရေး။ စစ်အယုတ်တမာများအလိုကျ တိုင်းရင်းသားအချင်းချင်းလက်နက်ကိုင်သတ်ဖြတ်နေမှုမှသည် ကိုယ့် တအိမ်ထဲ တဆွေထဲ တမျိုးထဲ တရွာထဲ တရပ်ထဲ တနယ်ထဲ တမြို့ထဲ တကျောင်းထဲ တဖွဲ့ထဲသားချင်း လက်နက်ကိုင်သတ်ဖြတ်နေမှုများ ဆက်လက်မဖြစ်ပေါ်ရေး။
နောက်ဆုံး ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်ထူထောင်ရေး။
မောင်လူရေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar