Breaking News

မြင့်တက်လာတဲ့ ရာဇဝတ်မှုများနဲ့ လူထုရဲ့ လုံခြုံမှု


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၃၁ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁ ၊ ၂၀၂၂


မြင့်တက်လာတဲ့ ရာဇဝတ်မှုများနဲ့ လူထုရဲ့ လုံခြုံမှု 

ယနေ့က သတင်းတွေထဲမှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က မန္တလေးလမ်းက အငြိမ်းစား ကျောင်းဆရာ လင်မယား အသတ်ခံထားရတဲ့အကြောင်း ရက်အနည်းငယ်အကြာမှာ သိရှိရတဲ့ သတင်းတပုဒ် ဖတ်ရှုရပါတယ်။ အခုလို ပစ္စည်းယူဖို့ လူသတ်တဲ့ သတင်းတွေက ခုလပိုင်းမှာ ပိုမိုများပြားလာနေပြီး နေ့စဥ်လိုလို တနေရာမဟုတ်တနေရာမှာ ဖြစ်ပွားနေတာ သတင်းတွေထဲ ဖတ်ရှုနေရတာပါ။ ခု သတ်ခံရတဲ့ အငြိမ်းစားတက္ကသိုလ် ရူပဗေဒ ဘာသာရပ်သင်ကြားသူ ဆရာဦးမြင့်ဝေနဲ့ သူ့ဇနီးတို့ ဖြစ်ပါတယ်။ ဦးမြင့်ဝေဟာ ရူပဗေဒဘာသာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဘာသာပြန်ဆိုခဲ့သူဖြစ်ပြီး တက္ကသိုလ်ကြယ်ပွင့်ဆိုတဲ့ ကလောင်နာမည်နဲ့ ဘာသာပြန်ဆိုထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အိုင်စတိုင်းရဲ့  သီအိုရီ၊ စကြဝဠာအကြောင်း စာအုပ်တွေ ဘာသာပြန်ဆိုခဲ့သူ ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်း အငြိမ်းစားလင်မယား တိုက်ခန်းတခုမှာ နေထိုင်နေကြရင်း အခုလို ခေတ်အပျက်မှာ လင်မယား ၂ ယောက်စလုံး သတ်ဖြတ်ပြီး တန်ဖိုးရှိတာတွေ ယူဆောင်သွားတာလို့ သတင်းတွေထဲ တွေ့ရပါတယ်။ 

စာပေလောကက ဘာသာပြန်ဆရာတဦး ဆုံးရှုံးရသလို ဒီနေ့ လူတွေရဲ့ အသက်တွေ မလုံခြုံတော့တာကို ထပ်ပြီးသက်သေပြလိုက်တဲ့ အဖြစ်အပျက် နမူနာတခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ လုယက်သတ်ဖြတ်သူတွေက ရွှေကြိုးတကုံးအတွက် ငွေ သိန်းနဲ့ချီတာတွေအတွက် သတ်ဖြတ်တာတင်မက တချို့သော အဖြစ်အပျက်တွေမှာ ငွေသောင်းဂဏန်းအတွက်လည်း သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ မကြာခဏ ဖြစ်ပျက်လာနေတာ ကြားသိနေရပါပြီ။ ဒီလစ်ဗာရီ ပို့သူကို ငွေလုယူဖို့ သတ်ဖြတ်လိုက်တာ၊ လမ်းမှာ လှည်းနဲ့ ဈေးရောင်းသူကိုလည်း လက်ဝတ်လက်စား လိုချင်လို့ သတ်ဖြတ်တာ၊ ဈေးရောင်းတဲ့ ငွေသောင်းဂဏန်းလောက် ယူဖို့အတွက် သတ်ဖြတ်လိုက်တဲ့ သတင်းတွေ ရန်ကုန်မြို့မှာ မကြာခဏကြားနေရသလို နယ်မြို့တချို့မှာလည်း ခုလပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာပါ။ 

ကျူးလွန်တဲ့သတ်ဖြတ်မှုတွေကို တားဆီးနိုင်ခြင်း မရှိတာ၊ ဖော်ထုတ်နိုင်ခြင်း မရှိတာက ဆက်လက်ကျူးလွန်ဖို့ လှုံ့ဆော်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးအဖွဲ့ကို အယုံအကြည် မရှိတာ၊ ရဲတပ်ဖွဲ့ရဲ့ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေမှာ ဝင်ရောက်ကူညီပေးနေတာကို အကြောင်းပြုပြီး ရဲတွေလည်း PDF နဲ့ မြို့ပေါ် ပြောက်ကျားအဖွဲ့တွေရဲ့ ပစ်မှတ်တခု ဖြစ်လာပြီး ရဲတွေကို လုပ်ကြံတာ၊ ရဲစခန်းတွေကို တိုက်ခိုက်တာတွေ ယခင်နှစ်ကတည်းက ဖြစ်ပွားလာနေရာက ရဲတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်တာ မရှိတော့ဘဲ လူထုက ကိုယ့်ဘာသာကိုယ် ဘေးအန္တရာယ်ကို ကြည့်ရှောင်ရမယ့် အနေအထားမျိုး ဖြစ်လာနေတာပါ။ 

လက်ရှိ တိုင်းပြည်အခြေအနေက ဒုတိယကမ္ဘာစစ် မီးကူးစက်လာတဲ့ အချိန်ကာလ ကိုလိုနီအစိုးရ ဆုတ်ခွာသွားပြီး ဂျပန်မဝင်ရောက်လာခင် ကာလကလို အုပ်ချုပ်ရေး ပျက်ပြားသွားပြီး အုပ်ချုပ်မယ့်သူ မရှိတော့တဲ့ အခြေအနေမျိုးတော့ မဟုတ်သေးပါဘူး။ အဲဒီကာလကို မီခဲ့တဲ့ လူကြီးတွေ ပြန်ပြောပြလို့ ကြားဖူးတာတွေအရဆို အဲဒီခေတ်က အင်္ဂလိပ် အုပ်ချုပ်ရေးရဲ့ ရဲတွေပါ အင်္ဂလိပ်တပ် အုပ်ချုပ်ရေး ဆုတ်ခွာချိန် လိုက်သူ လိုက်သွားကြပြီး အုပ်ချုပ်ရေးမရှိတော့ဘူးဆိုတဲ့ အချိန် ရပ်ရွာထဲက လူမိုက်တွေက ဓားတွေနဲ့ လုယက်ဖို့ နေအိမ်စွန့်ပြီး မြို့ပေါ် တိမ်းရှောင်ကြသူတွေရဲ့ အိမ်တွေ ဖောက်ထွင်းဖို့  လုပ်ကြတဲ့အဖြစ်မျိုး ကြုံခဲ့ဖူးတဲ့အကြောင်း ကြားဖူးပါတယ်။ ခုအခြေအနေက အဲလိုအခြေအနေမျိုး မရောက်ရှိသေးပေမယ့် သွားလာလုပ်ကိုင် စားသောက်နေရင်း အားနည်းတဲ့နေရာ ပြန်လည်ခုခံနိုင်စွမ်းမရှိတဲ့ အသက်ကြီးသူတွေချည်း နေထိုင်တဲ့ မိသားစုလိုမျိုး၊ ညအချိန် လူပြတ်တဲ့အချိန်နေရာမှာ သက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်နေရသူတွေကို လုယက်သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ တဖြည်းဖြည်းများပြားလာနေပြီ ဖြစ်ပါတယ်။

အခုအဖြစ်အပျက်မှာ အငြိမ်းစား လင်မယား ၂ ဦးစလုံးကို သတ်ဖြတ်ပြီး ပစ္စည်းတွေ ယူဆောင်သွားတာ ဖြစ်ပါတယ်။ တချို့သော အဖြစ်အပျက်တွေက ညဘက်မှာဖြစ်တာမျိုး မဟုတ်တော့ဘဲ နေ့လယ်နေ့ခင်းလို အချိန်မျိုးတောင်မှ လူအနည်းငယ် ပြတ်တဲ့အနေအထားမျိုးမှာ ကျူးလွန်ကြတာဖြစ်ပါတယ်။ 

တရားဥပဒေ မစိုးမိုးမှု၊ လူတွေရဲ့ အသက်၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာကို စောင့်ရှောက်ဖို့ မစွမ်းသာတဲ့အခြေအနေက ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ မလုံခြုံမှုကို ခံစားရစေပြီး ဒီအခြေအနေ ကြာရှည်လာတဲ့အခါမျိုးမှာ လူထုအနေနဲ့ လက်ရှိ မတည်ငြိမ်တဲ့အနေအထားကို စိတ်ပျက်လာပြီး တော်လှန်ရေးကို ယုံကြည်ထောက်ခံမှု အင်အားလျော့လာစေနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ 

ကျေးရွာတွေမှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေက လူထုရဲ့အခြေအနေက အခုဖော်ပြတဲ့ အခြေအနေထက် ပိုဆိုးတယ်လို့ စောဒက တက်ကောင်းလည်း တက်နိုင်ပါတယ်။ ပဋိပက္ခဒေသက ပြည်သူလူထုရဲ့အခြေအနေက အဆိုးဆုံးဆိုတာ လက်ခံပါတယ်။ နေအိမ်မီးလောင်၊ အသက်တွေ ဆုံးရှုံးနေကြရတဲ့ ဘဝမျိုးမှာ ဘာနဲ့မှနှိုင်းယှဥ်လို့ ရမယ် မထင်ပါဘူး။ တဖက်မှာလည်း မြို့တွေမှာ ရှိတဲ့ ထောက်ခံသူတွေ အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာ အဖြေရှာဖို့ လိုအပ်နေပြီဆိုတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ လက်ထဲမှာ သေနတ်ကိုင်ထားမှ လုံခြုံမယ်ဆိုတဲ့ အခြေအနေမျိုး ထိရောက်အောင် စုပေါင်းပြီး ကာကွယ်စောင့်ရှောက်ကြတဲ့ စနစ်မျိုး အသိစိတ်မျိုး ပူးပေါင်းဆောင်ရွက်မှုမျိုး တခုခု နည်းလမ်းရှာသင့်ပြီလို့ နှိုးဆော်ချင်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar