Breaking News

ကိုဂျေ - "ကျီးတကောင်အတွက် ကျီးအများပျက်" ( ပုံပြင်)

Image- Crd

ပုံပြင်
"ကျီးတကောင်အတွက် ကျီးအများပျက်"
ကိုဂျေ 
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၂

- ဒီရက်ထဲ ကျီးတွေ အကြောင်းပဲ ခေါင်းထဲရောက်နေတယ်။ ၅၅၀ ဇာတ်တော်တွေထဲက "ကျီးတစ်ကောင်အတွက် ကျီးအများပျက်"ဆိုတဲ့ ပုံပြင်လေးကို လွန်ခဲ့တဲ့ ၆ နှစ်ခန့်က ရေးဖူးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီပုံပြင် တိုတိုလေးက ဖေစ်ဘုတ်မှာ ဒီကနေ့ ပြန်ပေါ်လာတယ်။ 

ကျီးဆိုတဲ့ ငှက်မျိုးက တကောင်ထိရင် အုပ်စုလိုက် ဝိုင်းအော်တယ်။ တကောင်ကျရင် နောက် အကောင်တွေ ဖမ်းရ ပစ်ရတာ သိပ်လွယ်တယ်။ အန္တရာယ်ကို ကြိုတင်ရှောင်တဲ့နေရာမှာ ပါးနပ်တဲ့ သတ္တဝါဆိုပေမယ် ကျီးမိုက် တကောင် ပေါ်လာရင် တအုပ်လုံး ဒုက္ခရောက်လေ့ရှိတယ်။ 

“ကျီးမိုက်နဲ့ ကြီးမိုက်”လည်း မှားမဖတ်နဲ့ဦး။ ကြီးလေးမိုက်လေ ကြီးမိုက်တွေထဲမှာ ကိုဂျေတို့ပါတယ်။ မြေးရှိတဲ့ အဖိုးအရွယ်သာ ဖြစ်နေတယ်။ အခုအထိ ရင်က ခုန်ချင်တုန်း။ ရင်ခုန်တာ အပြစ်လို့ မမြင်ရင်တော့ ကြီးမှ မိုက်တာကလည်း နုဆေး အသက်ရှည်ဆေး မဟုတ်လား။ ထားတော့ ဒါတွေက နောက်မှ ဆက်ဆွေးနွေးကြမယ်။

ကဲ ပုံပြင်လေးကိုပဲ စကြရအောင်….. 

ရှေးသရောအခါက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းရဲ့ ညာ(လက်ယာ)လက်ရုံး ပုရောဟိတ်ဟာ တန်ဖိုးကြီး အဝတ်အစားတွေ ဆင်ယင်ပြီး ဗာရာဏသီပြည်ထဲ လူလုံးထွက်ပြတယ်။ ဝတ်ကောင်းစားလှတွေ ဝတ်ပြပြီး ကြွားဝါတာလည်း ဖြစ်ချင်ဖြစ်ပေမပေါ့။ ဒီမှာပဲ မြို့တံခါးဝတိုင်အဖျားမှာနားနေတဲ့ ကျီးတကောင်က ပုရေ ာဟိတ်ရဲ့ ခေါင်းပေါ်ကို မစင်စွန့်ချလိုက်တယ်။ ဒါကြောင့် ပုရောဟိတ်က ကျီးမိုက်တကောင်ကို အကြောင်းပြုပြီး ကျီးတွေအပေါ် ရန်ငြိုးထားတယ်။ ကျီးတွေကို ရန်တုံ့ပြန်ဖို့ အကွက်ချောင်းနေတဲ့ ပရောဟိတ်ကို ဗြဟ္မဒတ်မင်းက မီးလောင်ခံထားရတဲ့ ဆင်တွေကို ဆေးကုသဖို့ ပြောတယ်။ ဒီမှာပဲ အကောက်ကြံ ရန်ငြိုး ထားတဲ့ပုရော ဟိတ်က ကျီးဆိုတဲ့ငှက်တွေမှာ အဆီမရှိမှန်းသိပေမယ့် ဆင်တွေရဲ့ဒဏ်ရာကိုကုဖို့ ကျီးဆီရမှသာ ပျောက်ကင်းနိုင်မယ်လို့ ဘုရင်ကို လျှောက်ထားတယ်။ တိုင်းပြည်အုပ်ချုပ်ပေမယ့် ဦးနှောက်မရှိတဲ့ ဗြဟ္မဒတ် မင်းက ကျီးတွေကိုသတ်ပြီး ကျီးဆီကိုရှာကြဖို့ အမိန့်တော်ချလေတယ်။ ဒါကြောင့် ကျီးတကောင်းရဲ့ လုပ်ရပ်ကြောင့် ကျီး ပေါင်းများစွာ သေကျေရတယ်လို့ ၅၅၀ (ခုဒ္ဒကနိကာယ်၊ ၁၄ဝ-ကာကဇာတ်)ဇာတ် မှာ ဖော်ပြတယ်။ 

ကဲ တိုင်းပြည်တပြည်အေးချမ်းဖို့ သတ္တဝါတွေ ဘဝမပျက်ဖို့ ဆိုရင်….. မင်းနားခစားပြီး ကုန်း တိုက်ကုန်းချော ရန်ငြိုးထား တုံ့ပြန်ဖို့ကိုပဲ ခွင်ချောင်းနေတတ်တဲ့ ကောက်ကျစ်စည်းလဲမှု သရဖူ ဆောင်းထားတဲ့ ပရောဟိတ်တွေ မရှိဖို့ လိုသလို။ ကောက်ကျစ်တဲ့ ပုရောဟိတ်တွေပြောတိုင်း မယုံဘဲ ကိုယ့်ဉာဏ်နဲ့ ဆင်ခြင်ဆုံးဖြတ်တတ်တဲ့ ဘုရာကောင်း ဘုရင်မြတ်တွေ ရှိဖို့လည်း သိပ်အရေးကြီးတယ် မဟုတ်လား။ ဒီအထဲမှာ ကျီးမိုက်တကောင် ပေါ်လာခဲ့ရင်လည်း ဝိုင်းမအာကြဘဲ ကျီးမိုက်ကို နင်သာကျီးမိုက် ဒုစရိုက်လို့ မောင်းထုတ်ကြဖို့ လိုပေမပေါ့…။  

နောင်ခါများမှ ကြီးမိုက်ကြီးတွေ အကြောင်းဆက်ရေးမယ်။ ကြီးမိုက်တွေထဲက ဘယ်သူ့အကြောင်း ရေးရင်ကောင်းမလဲ…. ကိုဂျေကတော့ အခုထိ ရင်ခုန်တုန်းလို့ ကြိုတင်ဝန်ခံထားတယ်နော်။ ကဲ တိုင်းပြည်ကြီး ငြိမ်း ချမ်းပါစေ။ သတ္တဝါတွေ ဘေးကင်းကြပါစေ။

ကိုဂျေ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar