Breaking News

လုပ်ကြံသတ်ဖြတ်မှုများနဲ့ တော်လှန်ရေးခရီး


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၇ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၂


လုပ်ကြံသတ်ဖြတ်မှုများနဲ့ တော်လှန်ရေး ခရီး

ဒီနေ့ သတင်းတွေထဲ ကချင်ပြည်နယ် မိုးကောင်းမြို့က လေးမိုင်ဆရာတော်ကို အမည်မသိလက်နက်ကိုင် အဖွဲ့တွေက ကျောင်းဝင်းထဲ ဝင်ရောက်ပြီး ပစ်သတ်သွားတာကြောင့် နေရာမှာတင်ပဲ ပျံတော်မူခဲ့တယ်လို့ သတင်းဖော်ပြချက်တွေ အရသိရပါတယ်။ 

မကြာသေးခင်ကလည်း ပခုက္ကူဘက်က ကားနဲ့ ရွာတွေဘက်ကို ဆွမ်းခံကြွတဲ့ ဘုန်းတော်ကြီးတပါးကို ပစ်သတ်ပြီး ကားယူဆောင်သွားတယ်ဆိုတဲ့ သတင်းတပုဒ်လည်း ဖတ်ရှုရပါတယ်။ 

လအနည်းငယ်ကတော့ ရှမ်းနီစာပေယဥ်ကျေးမှု အသင်းတွေမှာ တက်ကြွစွာဦးဆောင်တဲ့ အသက်လတ်ပိုင်း ဆရာတော်ကို လက်နက်ကိုင်တွေက ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းလည်း ဖတ်ခဲ့ဖူးပါတယ်။ ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေက သာမန်အရပ်သားတွေ အပေါ်မှာ ကျူးလွန်ခဲ့ရင်တောင် အငြင်းပွားစရာ လက်နက်ကိုင် အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို ထိပါးစေတဲ့ ၊ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်စေပြီး ဘာသာရေး နယ်ပယ်က ဘုန်းတော်ကြီးတွေအပေါ် လုပ်ဆောင်ရင်တော့ ဘာသာရေးအရ ဝါဒဖြန့်စရာ လုပ်ကြံသတ်ဖြတ်မှု နဲ့ ဘာသာရေးအရပါ ချေဖျက်ဖို့မလွယ်ကူတဲ့ သမိုင်းအမည်းစက်တွေ အဖြစ် ကျန်ရစ်စေနိုင်တာ ဖြစ်ပါတယ်။ 

အထက်က လုပ်ကြံသတ်ဖြတ်မှုတွေက စစ်ကောင်စီက ကျူးလွန်တယ်လို့ မယူဆနိုင်တဲ့ ကျူးလွန်သတ်ဖြတ်မှုတွေ ဖြစ်နေပြီး စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖွဲ့က ကျူးလွန်တယ်လို့ ယူဆစရာ အများကြီးရှိနေတဲ့သဘောလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီက အခုလို ပြစ်မှုမျိုးကျူးလွန်တာတွေလည်း ရှိပါတယ်။ ဘာသာရေး အဆောက်အဦတွေကိုလည်း ပစ်ခတ်တာ၊ ဘာသာရေး အဖွဲ့အစည်းက သာသနာ့ဝန်ထမ်းတွေကိုပါ ဖမ်းဆီးတာ နှိပ်စက်တာတွေ သတ်ဖြတ်တာတွေ ရှိခဲ့မှာဖြစ်ပြီး စစ်ကောင်စီဟာ သူ့ရဲ့အာဏာ ထိန်းချုပ်ရေးအတွက် မဆုံးရှုံးရေးအတွက်ဆို အရပ်သားရော ဘာသာရေးနယ်ပယ်က သူတွေပါ မချန် ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်တယ်ဆိုတဲ့ နာမည်ပျက်ပြီးသား အဖွဲ့အစည်းတခုဖြစ်ပြီး စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်တွေကို မလိုလားလို့ တော်လှန်ရေး လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေကပါ အရပ်သား၊ ဘာသာရေးနယ်ပယ်က သူတွေမချန် ရန်သူနဲ့ ဆက်ဆံခြင်းကြောင့် သို့မဟုတ် ပေါင်းတယ်ဆိုတဲ့ စွပ်စွဲချက် သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်တာမျိုး မကျူးလွန်သင့်ပါဘူး။ ကျေးလက်ဒေသတွေမှာ ဘာသာရေး ခေါင်းဆောင်တချို့ဟာ သူတို့ရပ်ရွာရဲ့ လူထုအခြေပြုခေါင်းဆောင်ဆိုတဲ့ အနေအထားမျိုးကိုပါ တွဲလျက် ရှိကြတာ အခုလိုကာလမတိုင်ခင်ကတည်းက အစဥ်အလာတခု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတင်မကပဲ ကျေးလက်ဒေသတွေမှာ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ခေါင်းဆောင်တွေကလည်း သူတို့ကျေးရွာရဲ့ လူမှုရေး၊ ဘာသာရေးခေါင်းဆောင် အဖြစ်တွဲလျက်ရှိကြတာ ဖြစ်ပါတယ်။

 ကန့်ဘလူနယ်ဘက်က ဘာသာရေးခေါင်းဆောင် ဆရာတော်တချို့က ရပ်ရွာက ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်ကောင်စီ ထောက်ခံအားပေးတဲ့ ကျေးရွာလက်နက်ကိုင် တပ်တွေဖွဲ့ရာမှာ ဦးဆောင်မှုပေးတဲ့ အဖြစ်တွေလည်း ရှိပေမယ့် ဒေသတိုင်းမှာတော့ ဘုန်းတော်ကြီးတွေက လက်နက်ကိုင်တပ်ဖွဲ့ကို ဦးဆောင်မှုပေးကြတာ မဟုတ်ပါဘူး။ 

ဒီလို လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားနဲ့ ဘာသာရေးနယ်ပယ်က ဘုန်းတော်ကြီးတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာဟာ စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ဖို့ အုပ်ချုပ်ရေး ထူထောင်နိုင်ဖို့ စစ်ကောင်စီတပ်တွေကို ဖယ်ရှားတိုက်ထုတ်နိုင်ဖို့ အတွက် အထောက်အကူကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။ လုပ်ကြံသတ်ဖြတ်မှုတွေဟာ အကြောက်တရားကို ကြီးစိုးစေတဲ့ဆီ ဦးတည်ပြီး စစ်ကောင်စီတပ်တွေကို ကြောက်ရွံ့ ရွံရှာသလို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကိုလည်း ကြောက်ရွံ့လာစေ၊ ရွံရှာလာစေနိုင်တာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးကို ဦးဆောင်မှုပေးနေတဲ့ NUG  အနေနဲ့ ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကို နိုင်ငံရေးအယူအဆအရ လမ်းစဥ်အရ ထောက်ခံတာလား၊ ကန့်ကွက်တာလားဆိုတာ  ရှင်းရှင်းလင်းလင်း အသိပေးသင့်ပြီဖြစ်ပါတယ်။ စစ်ရေးပစ်မှတ်လို့ သတ်မှတ်တယ်ဆိုတဲ့ ဝေဝါးတဲ့ ပြောဆိုမှုထက် စစ်ရေးပစ်မှတ်ဆိုတာ ဘယ်လို သတ်မှတ်သလဲဆိုတာ ဘယ်လောက်ထိ  လက်နက်ကိုင်တပ်ဖွဲ့မှာ ပါဝင်ပတ်သက်တာ သို့မဟုတ် ကြောက်ရွံ့နာခံရတာကြောင့် ရိက္ခာ၊ ငွေကြေး၊ အုပ်ချုပ်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု ရှိတာတွေအထိ ပါဝင်သလား စတဲ့အသိပေး ကြေညာမှုတွေ ရှိဖို့လိုအပ်ပါတယ်။ 

ငွေကြေးတောင်းခံတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးက ဝန်ထမ်းဖြစ်လို့ လုပ်ကြံသတ်ဖြတ်တာ မှန်တယ်ဆိုတာမျိုးကလည်း အချိုးအစားမမျှတဲ့ ပြစ်ဒဏ်ခတ်မှု၊ သို့မဟုတ် လက်လှမ်းမီတဲ့ သူ၊ လုပ်ကြံသတ်ဖြတ်ဖို့ လွယ်ကူတဲ့ လက်နက်ကိုင် အဖွဲ့ဝင်မဟုတ်တဲ့ ပစ်မှတ်တွေကိုသာ အပြစ်ပေးပြီး အရပ်သားတွေအားလုံးကို ကြောက်ရွံ့ လိုက်နာအောင် လုပ်တာမျိုးလို့ ကောက်ချက်ချခံရနိုင်တာ ဖြစ်ပါတယ်။ 

လုပ်ကြံသတ်ဖြတ်မှုတွေက စစ်ရေးအရ ဒေသတွေကို စိုးမိုးမှုရစေနိုင်တာ မဟုတ်ပါဘူး။ ရပ်ရွာက အကြောက်တရားပိုမိုကြီးစိုးစေပြီး ဘယ်လိုနိုင်ငံရေး အမြင်မတူမှုကိုမှ မထုတ်ဖေါ်ရဲတော့အောင် ဖြစ်လာစေနိင်တာ ဖြစ်ပါတယ်။ 

ဆိုရှယ်မီဒီယာမှာ ဘယ်သူဘယ်ဝါမှန်း မဖော်ပြထားပဲ အကောင့်တုတွေရဲ့ ထောက်ခံရေးသားမှုတွေ ပြောဆိုမှုတွေအပေါ်သာ မူတည်ပြီး နိုင်ငံရေး လမ်းစဥ်ကို မချမှတ်သင့်ပါဘူး။ မိမိတို့ရဲ့ မူဝါဒနဲ့ မိမိတို့ လမ်းစဥ်ကိုချမှတ်သင့်ပြီး နိုင်ငံအနှံ့ ဒေသအနှံ့ သူ့ဘာသာသူ ဖွဲ့စည်းပြီး ရံပုံငွေရှာ သူ့ဆုံးဖြတ်ချက်နဲ့ သူ တိုက်ခိုက်မှုတွေ အရပ်သားပစ်မှတ် အပါအဝင် လုပ်ကြံသတ်ဖြတ်မှုတွေကို လုပ်ဆောင်နေကြတာမျိုးကို ဗဟိုက ထိန်းကွပ်ပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ 

သို့မဟုတ်ရင် တော်လှန်ရေး ဆိုတဲ့ ရေစီးကို လိုက်စီးကြပြီး လုပ်ကြံသတ်ဖြတ်မှုတွေက လက်နက်ကိုင်တော်လှန်ရေးရဲ့ ပင်မအလုပ်လို ဖြစ်လာပြီး စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို မခံနိုင်ကြတဲ့ လူထုရဲ့ခံစားမှုအပေါ်  အခြေခံဖွဲ့စည်းထားတဲ့ နိင်ငံရေးရည်မှန်းချက် အားနည်းတဲ့ အဖွဲ့အစည်းတခုဖြစ်လာနိုင်ပြီး ရေရှည်မှာ မလိုလားတဲ့ လမ်းကြောင်းတွေဘက်ဆီ ဦးတည်စေနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar