သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၆ ) နိဂုံး
သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၆ ) နိဂုံး
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၂
တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံအရေးကိစ္စတွေနဲ့ စပ်လျဥ်းပြီး ထိတွေ့ဆက်ဆံကြရလေတိုင်း သတိကြီးကြီးထားလေ့ ရှိကြတာ မြန်မာနိုင်ငံတခုတည်းသာ မဟုတ်ဘူးလို့ ပြောရပါလိမ့်မယ်။ တရုတ်ခေါင်းဆောင်များအနေနဲ့ အလျဥ်း သင့်တိုင်း Win-Win သီအိုရီကို ရည်ညွှန်းလေ့ရှိပေမယ့် လက်တွေ့နဲ့ ကင်းကွာနေဆဲလို့ပဲ အများက မြင်ကြပါ တယ်။
တရုတ်တို့အတွက် ပုံရိပ်ပြဿနာက ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ပါ၊ လက်တွေ့မှာ ဖြစ်နိုင်ခြေမရှိတဲ့ ဥပမာတခုနဲ့ စဥ်းစားကြည့်ကြပါမယ်။ BRI ကို ကမကထ ဦးစီးဦးဆောင်ပြုသူက World Bank လို အဖွဲ့အစည်း၊ ဒါမှမဟုတ် တရုတ်တို့ သဘောမတွေ့နိုင်တဲ့ ဥပမာကို ထပ်ပေးရရင်တော့ နောက် အာရှတိုင်းပြည်တခုဖြစ်တဲ့ ဂျပန်နိုင်ငံ ဖြစ်တယ် ဆိုကြပါစို့၊ BRI ပရောဂျက်ကို စိတ်ပေါ့ပေါ့ပါးပါးနဲ့ ပိုပြီးလက်ခံဖို့ လွယ်ကူသွားတာကို တွေ့ရပါလိမ့်မယ်။ ဒီအတွက် တရုတ်မှာ ‘ပုံရိပ်’ပြဿနာကြီးကြီးရှိနေတာ ပိုပေါ်လွင်သွားပါတယ်။
ဒီဆောင်းပါးတလျှောက်မှာ ယေဘုယျဆန်တဲ့ စဥ်းစားမှုတွေဖြစ်လို့ ဒီမိုကရေစီဦးထုပ်နဲ့ လူ့အခွင့်အရေးမျက်မှန်ကို ခဏချွတ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဥ်အောက်က စီမံကိန်းများအတွက်တောင်မှ ပါဝင်သင့် အကြံဉာဏ်ယူသင့်တဲ့ အဖွဲ့အစည်းများရဲ့ ကဏ္ဍကို အရေးမထားဘဲ သက်ဆိုင်ရာနိုင်ငံများရဲ့ အစိုးရတွေနဲ့သာ သဘောတူညီမှု လျင်မြန်စွာရယူပြီး တက်သုတ်ရိုက် စီမံကိန်းများ လုပ်ဆောင်တတ်မှုတွေ၊ ထိုနိုင်ငံများက ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုတတ်တာမျိုးတွေကို ဘယ်လိုမှ နားလည်လက်ခံပေးလို့ မရနိုင်ပါဘူး။
ဒီလို ဆောင်ရွက်နေမှုများဟာ တရုတ်နိုင်ငံရဲ့ ဆောဖ့်ပါဝါ ပျံ့နှံ့အားကောင်းစေဖို့အတွက် အထောက်အကူ မပြုနိုင်သလို တရုတ်နိုင်ငံ မျှော်မှန်းတဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ အင်အားကြီးနိုင်ငံအဆင့်တခုကို ရောက်ဖို့ အလှမ်းဝေးနေစေပါလိမ့်ဦးမယ်။ ဒါပေမဲ့ ဒီလို ကိုယ်ကျိုးစီးပွား ဦးစားပေးလုပ်ဆောင်မှုများနဲ့ အလေ့တကျဖြစ်နေတဲ့ တရုတ်နိုင်ငံရဲ့ ပေါ်လစီများကနေ ရှောင်လွှဲနိုင်ဖို့လမ်းကိုတော့ မြန်မာနိုင်ငံ အပါအဝင် ဘယ်နိုင်ငံကမှ လတ်တလော ရှာဖွေနိုင်ကြဦးမှာ မဟုတ်ပါ။
သူတို့၏အမြင်၊ ငြိုငြင်တတ်ခြင်းနှင့် ချဥ်းကပ်မှုပြဿနာ
လက်တွေ့မှာ သူတို့ ပြောသလို သမာသမတ်ကျတဲ့ Win-Win အခြေအနေကို ရောက်ရှိဖို့ ခက်ခဲနေချိန်မှာ နိုင်ငံတကာအပေါ် သူတို့ရဲ့သဘောထား၊ စဥ်းစားတုံ့ပြန်တတ်ပုံ အချို့ကို စူးစမ်းကြည့်လိုပါတယ်။
နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဆိုတာက သူတို့အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒများကို ကိုယ်စားပြု ရှင်းပြပိုင်ခွင့်ရှိတဲ့ နိုင်ငံကိုယ်စားပြု အမြင့်ဆုံးသံတမန်ဖြစ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူရဲ့ ပြောဆိုချက်တွေက တရုတ်နိုင်ငံရဲ့ သဘောထားကို လှစ်ဟပြနေတယ်လို့လည်း ပြောနိုင်ပါတယ်။
အခု ဗဟိုနိုင်ငံခြားရေးကော်မရှင်ရုံးမှာ ညွှန်ကြားရေးမှူး ဖြစ်နေတဲ့ ‘ရန်ကျဲ့ချီ’ နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့စဥ်က ‘ဟနွိုင်း’မှာ ပြုလုပ်တဲ့ အာဆီယမ်ဒေသဆိုင်ရာ ဖိုရမ် (၂၀၁၀) မှာ ပြောခဲ့တဲ့ စကားတခွန်းက အာဆီယံနိုင်ငံများအတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသလို သတင်းမီဒီယာတွေ အကြိုက်တွေ့ခဲ့တဲ့ ရေးစရာအကွက်လည်း ဖြစ်ခဲ့ပါတယ်။ ‘တရုတ်က နိုင်ငံကြီးတခု၊ ခင်ဗျားတို့က နိုင်ငံငယ်တွေ’ ဆိုတဲ့ စကားပါ။
မမှန်ဘူးလို့တော့ ပြောလို့မရပေမယ့် သံတမန် စကားမဆန်ဘဲ အပေါ်စီးဆန်တဲ့ စကားအဖြစ် ပြောစမှတ်ဖြစ် ကျန်ရစ်ခဲ့တာပါ။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများအပေါ် တရုတ်နိုင်ငံ ထားရှိခဲ့တဲ့ အမြင်လို့ ပြောနိုင်ပါတယ်။ ဒီလို သဘောထားအမြင်တွေနဲ့ တောင်တရုတ်ပင်လယ်လို အငြင်းပွားစရာတွေ အရင်းခံထားလေတော့ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဟာ အာရှတိုက်သားသက်သက်တွေရဲ့ အဝန်းအဝိုင်းမှာတောင် သတိထား ဆက်ဆံနေကြတာကလည်း မဆန်းဘူးလို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံကို အထက်စီးနဲ့ ဆက်ဆံတတ်တယ်လို့ စိတ်ထဲက ခံစားမိကြပေမယ့် ကိုယ့်နိုင်ငံတခုတည်းကိုသာ မဟုတ်ဘူး ဆိုတာလည်း တွေ့မြင်ရပါတယ်။
အာဆီယံနိုင်ငံ ပြင်ပဆက်ဆံရေး ဥပမာတခုကို ဆက်ကြည့်ချင်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ’ဝမ်ယိ’နဲ့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး ’ပဲန်နီဝေါင်း’ (Penny Wong) တွေ့ဆုံစဥ်မှာ သူ ပြောကြားခဲ့တာတခုကို သတိထားမိပါတယ်။ ဒီနှစ်ပိုင်းအတွင်း နှစ်နိုင်ငံကြား မပြေမလည် ဖြစ်ခဲ့မှုတွေနဲ့ပတ်သက်လို့ ‘အရင် ဩစတေးလျအစိုးရဲ့ တရုတ်အပေါ် ပြိုင်ဘက်ကဲ့သို့၊ ခြိမ်းခြောက်မှုကဲ့သို့’ သတ်မှတ်တဲ့ တာဝန်မဲ့စကားနဲ့ လုပ်ရပ်တွေက အရင်းခံဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
‘ဝမ်ယိ’ဟာ ‘ဂျွန်ကယ်ရီ’ကစလို့ အခု ‘အန်တိုနီဘလင်ကန်’ လက်ထက်အထိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ၄ ဦးနဲ့ ထိတွေ့ဆက်ဆံရတဲ့ အတွေ့အကြုံများပြားသူတဦး ဖြစ်ပါတယ်။ ချိန်ဆပြောကြားတတ်တဲ့ သူ့စကားထဲမှာ တရုတ်နိုင်ငံက မနှစ်မြို့တဲ့ အချက်များကို သတိမပြုဘဲ နေမိကြမှာ မဟုတ်ပါဘူး။
တကယ်တော့ ဩစတြေးလျက တရုတ်နိုင်ငံ လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ရည်ကို အများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံ ဖြစ်သလို နှစ်နိုင်ငံကုန်သွယ်မှု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၀၇ ဘီလီယံ (၂၀၂၁) ရှိတဲ့အတွက် မနည်းလှဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က အထိအရှမခံနိုင်တဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ရင် မျက်နှာထောက်ထားလေ့ သိပ်မရှိပါဘူး။ ဩစတြေးလျဟာ အမေရိကန်နောက်လိုက် နိုင်ငံငယ်တခုမျှသာ ဖြစ်တယ်ဆိုတဲ့ ရှိရင်းစွဲ အမြင်ကလည်း ရှိထားတော့ ပြီးခဲ့တဲ့ လစ်ဘရယ်အစိုးရလက်ထက်မှာ ‘ကိုဗစ် ၁၉’ ပြဿနာ မူလအစ ရှာဖွေဖော်ထုတ်ရေး တွန်းတွန်းတိုက်တိုက် ပြောဆိုခဲ့ပြီးနောက် ပိုပြီးတင်းမာမှုတွေ ဖြစ်ခဲ့တာပါ။
နှိုင်းယှဥ်ပြောရရင် တရုတ်နိုင်ငံအနေနဲ့ ဝေဖန်ထောက်ပြမှုတွေကို အနောက်အုပ်စုနိုင်ငံများလောက် အရည်မထူ၊ ဆတ်ဆတ်ထိမခံလို့ ဆိုနိုင်ပါတယ်။ ကွဲပြားတဲ့ နိုင်ငံရေးစနစ်၊ ယဥ်ကျေးမှုဓလေ့၊ လူနေမှုအဖွဲ့အစည်းပုံစံတွေက အရှေ့တိုင်းနဲ့ အနောက်တိုင်းတို့ရဲ့ အကဲဆတ် တုံ့ပြန်မှု အတိမ်အနက်ကို ပုံဖော်ထားတယ်လို့ ဆိုရပါမယ်။ အနောက်တိုင်း နိုင်ငံရေးသမားတွေအတွက်တော့ ပါလီမန်ထဲမှာဖြစ်ဖြစ်၊ သတင်းမီဒီယာများနဲ့ ဆက်ဆံရာမှာဖြစ်ဖြစ် အဆိပ်ပြင်းတဲ့ စကားလုံးများနဲ့ နေသားတကျ ဖြစ်ပြီးသားပါ။ အခု ‘ဝမ်ယိ’စကားထဲမှာ တရုတ်နိုင်ငံက သဘောမတွေ့တဲ့ အချက်တွေကို ခပ်ရှင်းရှင်း ပြောခဲ့တာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှ၊ အာရှပစိဖိတ်ဒေသနဲ့ ပတ်သက်တာတွေပြီးတော့ ဥရောပအတွေ့အကြုံဆီကို သွားကြည့်ချင်ပါသေးတယ်။ တရုတ်နိုင်ငံအတွက် ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ဟာ သူတို့ အကွက်ချ လှမ်းလျှောက်နေတဲ့ လမ်းအပေါ် ရိုက်ခတ်မှုတွေ ရှိပါတယ်။ နိုင်ငံတကာက ကြည့်ရှုတဲ့အမြင်နဲ့ ကွာခြားမှုတွေ ဘယ်လိုရှိနေပါစေ၊ ပုံရိပ်ပြဿနာရှိတဲ့ တရုတ်အတွက် သတိကြီးကြီးနဲ့တော့ ကိုင်တွယ်နေတာကို တွေ့ရပါတယ်၊ အကျိုးစီးပွား ရှေ့တန်းတင်ထားမှုကတော့ တပိုင်းသတ်သတ်လို့ပဲ ဆိုရပါမယ်။ ဒီလိုပါပဲ ယူကရိန်းဘက်ကလည်း သတိထားချဥ်းကပ်နေတာကို သတိထားမိပါတယ်။
၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နဲ့ ဧပြီလ ၄ ရက်နေ့မှာ ‘ဝမ်ယိ’နဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ’ဒီမီထရို ကူလက်ဘာ’တို့ ဖုန်းဆက်စကားပြောပြီးတဲ့နောက်ပိုင်း တရားဝင်ထုတ်ပြန်မှု ထပ်မတွေ့ရတော့ဘဲ အသံတိတ်လို့နေခဲ့ပါတယ်။ ’ဇလဲန်းစကီး’ကိုယ်တိုင် ‘ရှီကျင့်ဖျင်’နဲ့ စကားပြောဆိုခွင့်ရဖို့ အတန်တန်ကြိုးစားခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။
’ဇလဲန်းစကီး’ ဆိုရင် လေယာဥ်မပျံသန်းရဇုန် ပြုလုပ်ပေးဖို့၊ လိုအပ်တဲ့လက်နက် အထောက်အပံ့တွေ အမြန်ပို့ပေးဖို့၊ ရုရှားကို တားမြစ်ပိတ်ပင်မှုတွေ ပြုလုပ်ပေးဖို့ အစရှိတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အစိုးရအဖွဲ့ အကြီးအကဲများ၊ ပါလီမန်အဆင့်ဆင့်နဲ့ ပြင်းထန်တဲ့စကားလုံးများ သုံးပြီး တောင်းဆိုပြောကြား အပြစ်တင်လေ့ ရှိတာကို မှတ်မိကြပါလိမ့်မယ်။
ဒီလိုလူဆီက ‘ရှီကျင့်ဖျင်’ ဖုန်းမကိုင်တာကို ပြစ်တင်စကား မကြားခဲ့ရတဲ့အပြင်၊ ’တရုတ်-ရုရှား’ ဆက်ဆံရေး အနေအထားကို သိသိကြီးနဲ့ပင် ‘အခုအချိန်မှာ တရုတ်နိုင်ငံက ချိန်ဆနေပါတယ်၊ တကယ်လည်းပဲ ‘ကြားနေ’ နေ ပါတယ်၊ အရိုးသားဆုံးပြောရရင် ဒီလို ’ကြားနေ’တာက ရုရှားနဲ့ ပူးပေါင်းသွားတာထက် ပိုကောင်းတယ်’ဆိုပြီး လွန်ခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့က ဩစတြေးလျတက္ကသိုလ် ၂၁-ခုနဲ့ အွန်လိုင်း ဆွေးနွေးပွဲလုပ်စဥ်မှာ ပြောကြားခဲ့ပါတယ်။ ဒီလို ပြောနေကျလေသံနဲ့ ကွဲထွက်ပြီး ပြစ်တင်သံနည်းပါးတဲ့ စကားလုံးတွေ ’ဇလဲန်းစကီး’ဆီက ကြားခဲ့ရတာ အချည်းအနှီးလို့တော့ မဆိုနိုင်ပါဘူး။
စက်တင်ဘာလ ၂၂ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ လာတက်တဲ့ ’ဒီမီထရို ကူလက်ဘာ’ တယောက် ‘ဝမ်ယိ’နဲ့ လူချင်းတွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သူ့ကို ’ဝမ်ယိ’က ယူကရိန်းနိုင်ငံ ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားကြောင်း’ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ’မီးစ တဖက် ရေမှုတ်တဖက်’လို့ပဲ ပြောပြော ဒီလိုတွေ့ဆုံမှု၊ ပြောကြားမှုတွေကို ရုရှားဘက်က လိုလားမှာတော့ မဟုတ်ပါဘူး။
တရုတ်တို့ဘက်က ‘ကြားနေ’ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ပြီး၊ ’ဇလဲန်းစကီး’နဲ့ ယူကရိန်းဘက်က အပြည့်အဝ သဘောတူဖို့ ခက်ပေမယ့် လက်ခံသယောင် နေပေးခဲ့ပါတယ်။ စိတ်ခံစားမှုအပြည့်နဲ့ ပြောဆိုတုံ့ပြန်လေ့ရှိတဲ့ ’ဇလဲန်းစကီး’နဲ့ ယူကရိန်းအစိုးရအဖွဲ့ရဲ့ လေသံမာမာတွေ ပျောက်ကွယ်ခဲ့တဲ့ ကာလနောက်ပိုင်းမှာတော့ ရုရှား မလိုလားတဲ့ ‘တရုတ်-ယူကရိန်း’ တွေ့ဆုံမှု ဖြစ်လာခဲ့ပါပြီ။ ဘယ်လိုပဲ နီးကပ်တဲ့ဆက်ဆံမှုတွေရှိပေမယ့် တရုတ်က ရုရှားကို ထောက်ခံတယ်လို့ တရားဝင် ပြောကြားခဲ့ခြင်း မရှိသေးတာကလည်း ယူကရိန်းအတွက် ကျေနပ်စရာပါပဲ။
အထက်စီးဆန်တယ်ပဲပြောပြော၊ ယုတ်စွအဆုံး မောက်မာတယ်ပဲဆိုဆို ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီး ဗီတို ပိုင်ရှင် နိုင်ငံဖြစ်တဲ့ တရုတ်အနေနဲ့ သူကစလို့သာ ‘ဘက်’ရွေးကောင်းရွေးမယ်၊ သူ့ကို ’ဟိုဘက်၊ ဒီဘက်’ရွေးပါလို့ တောင်းဆိုတာကို ကြိုက်လေ့မရှိတာ နိုင်ငံတကာ အရေးအခင်းများကို လေ့လာကြည့်ရင် ထင်ရှားပါတယ်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ကမ္ဘာ့အရေးတွေမှာ တရုတ်ကို ဘေးဖယ်ထားလို့ မဖြစ်တဲ့ အနေအထားလည်း ဖြစ်နေသလို ‘အာရှတိုက်ရဲ့ ယူအက်စ်အေ’ပမာ အင်အားကြီးလာတဲ့ တရုတ်နိုင်ငံက သူ့ကို အမေရိကန်ပြည်ထောင်စုလို တန်းတူထား ဆက်ဆံစေလိုတာပါ။
ရုရှားအပေါ် လူသိရှင်ကြား မဝေဖန်၊ ပိတ်ဆို့မှုတွေ မလုပ်၊ နယ်ပယ်စုံမှာ ဆက်ဆံရေးတွေ မလျှော့ချတဲ့ တရုတ်ဘက်က ယူကရိန်းနဲ့ အခုလိုအတန်ကြာမှာ လူသိရှင်ကြား တရားဝင်ဆက်ဆံရေးလမ်းကြောင်း ပြန်ဖွင့်ခဲ့ပြီး ကုလသမဂ္ဂပဋိညာဥ်ကို စွဲကိုင်ပြောဆိုပေးခဲ့ခြင်းဟာ လိုလားသလောက် မဟုတ်ပေမယ့် အနည်းဆုံးတော့ ယူကရိန်းအတွက် စိတ်ရှည်သည်းခံရကျိုး နပ်တယ်လို့ ဆိုရပါမယ်။
တကယ်တော့လည်း ယူကရိန်းအနေနဲ့ တရုတ်ဆီက သိပ်များများ မျှော်လင့်ထားပုံမရပါဘူး။ တရုတ်ဟာ သူ့အကျိုးစီးပွား ဘယ်တော့မှ အပျက်ခံမှာ မဟုတ်တာကို သဘောပေါက်ထားတဲ့အတွက် ရုရှားဘက်ကို လုံးလုံးလျားလျား တွန်းပို့လိုက်သလို ဖြစ်မသွားအောင်ပဲ၊ စကားလုံးများကို သတိထား သုံးနှုန်းခဲ့ကြတာပါ။ မျက်မှောက်အနေအထားနဲ့သာမကပါဘူး၊ အတိတ်ကို ပြန်လှည့်ကြည့်ရင်လည်း တရုတ်ခေါင်းဆောင်တွေဟာ သူ့နိုင်ငံအကျိုးအတွက်ဆိုရင် လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်တာကို သတိထားမိတဲ့အတွက် ဥပမာတခု ပြလိုပါတယ်။
မြန်မာပြည်သူတွေအတွက် ဂျပန်အထူးကိုယ်စားလှယ် ‘ဆာဆာကာဝါ’ကို မစိမ်းကြပါဘူး၊ သူ့ရဲ့ ဖခင် ‘ယိုအိချီ ဆာဆာကာဝါ’နဲ့ ပတ်သက်တဲ့ အကြောင်းလေးတခုကို ထည့်ရေးလိုပါတယ်။ WACL လို့ အမည်ရတဲ့ ချန်ကေရှိတ် အစိုးရအဖွဲ့ ကျောထောက်နောက်ခံပြုထားတဲ့ ‘World Anti-Communist League’အဖွဲ့ကို ၁၉၆၇ ခုနှစ်က ထိုင်ဝမ်နိုင်ငံမှာ ဖွဲ့စည်းခဲ့ပါတယ်။ ‘ဆာဆာကာဝါ’ (စီနီယာ)ဟာ WACL (ဂျပန်)ရဲ့ ဦးဆောင်သူတဦးဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်က ၅၁ နိုင်ငံ တက်ရောက်တဲ့ ၄ ကြိမ်မြောက် WACL ကွန်းဖရင့်ကို ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အချိန်တဝိုက်က WACL World Rally Executive Committeeရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဒီလို ကွန်မြူနစ်ဆန့်ကျင်ရေးမှာ ရှေ့တန်းကတက်တက်ကြွကြွ လှုပ်ရှားသူတဦးအပေါ် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက ဘယ်လို သဘောထားကြမလဲဆိုတာ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ ‘ဆာဆာကာဝါ’ (စီနီယာ) တရုတ်နိုင်ငံ သွားရောက်ခဲ့စဥ်က ဓာတ်ပုံကို သက်သေထူရပါလိမ့်မယ်။’တိန့်ရှောင်ဖိန်’ကို ဗဟိုမှာထားပြီး သူ့လက်ဝဲဘက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်ကြီး ၈ ဦး (Eight Elders)ထဲက တဦး အပါအဝင်ဖြစ်တဲ့ ‘ဝမ်းဂျန်’ (Wang Zhen)ကို မြင်ရပါတယ်။ ဒါက မထူးခြားပါဘူး၊ ဒါပေမဲ့ လက်ယာဘက်က ပုဂ္ဂိုလ်ကတော့ ထူးခြားပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူက ‘ဆာဆာကာဝါ’ (စီနီယာ) ဖြစ်လို့ပါပဲ။
အဲဒီအချိန်က တရုတ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစွာ လိုအပ်တဲ့အချိန်၊ အခုလိုမဟုတ်ဘဲ ဆင်းရဲစဥ်ကာလလို့ ပြောရမှာပါ။ ‘ဆာဆာကာဝါ’ (စီနီယာ)တို့လို ဂျပန်စီးပွားရေးလုပ်ငန်းရှင်၊ ဖွံ့ဖြိုးရေး စိတ်ဝင်စားသူများကို တရုတ်နိုင်ငံ လိုအပ်ပါတယ်။ နိပွန်ဖောင်ဒေးရှင်းရဲ့ ဂျပန်-တရုတ် ချစ်ကြည်ရေး ရန်ပုံငွေ အစီအစဥ်၊ ‘ယိုအိချီ ဆာဆာကာဝါ လူငယ်ခေါင်းဆောင် ရန်ပုံငွေ အစီအစဥ်’ အစရှိတဲ့ စီမံကိန်းများစွာက ဒီလို တွေ့ဆုံမှုများရဲ့ အသီးအပွင့်တွေလို့လည်း ဆိုနိုင်ပါလိမ့်မယ်။
ဒါ့ကြောင့် လက်တွေ့ကျပြီး သူတို့နိုင်ငံအတွက်လည်း အကျိုးမယုတ်တဲ့ ဆုံးဖြတ်ချက်များ ချလေ့ရှိတဲ့ တရုတ် ခေါင်းဆောင်တွေဟာ မြန်မာ့အရေးမှာ မြန်မာပြည်သူတွေနဲ့ နီးစပ်တဲ့ ဆုံးဖြတ်ချက်တွေ ချကောင်းချလာနိုင်ပါလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ လောလောလတ်လတ်မှာတော့ အရှေ့တံခါးပေါက်က တရားဝင်တွေ့ဆုံမှုတွေ ရုတ်ခြည်း ဖြစ်လာနိုင်ဦးမှာ မဟုတ်သေးပေမယ့် နောက်ဖေးတံခါးပေါက်ကနေ အရင်တွေ့ဆုံလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ရှိနှင့်ပြီးသားလားတော့ မသိ၊ အရေးပေးဆက်ဆံတာ သဘောကျတဲ့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရေးအရိပ် ကင်းလွတ်တဲ့ တရုတ်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (သို့) အရှေ့အာရှအထူးကိုယ်စားလှယ် အစရှိတဲ့ သူတို့ကို ရည်ရွယ်တဲ့ သံတမန်အဆင့်မျိုးနဲ့ စပြီးဆက်ဆံချင်စိတ်များ ရှိနေမလားလို့လည်း တွေးမိပါတယ်။ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိထားပြီးတဲ့နောက် တရုတ်လို ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး အိမ်နီးချင်းနိုင်ငံကို ဒီလိုချဥ်းကပ်ရခြင်းဟာ ဂုဏ်ငယ်သွားစရာ မရှိဘူးလို့လည်း ထင်ပါတယ်။
ခက်ခဲသောနိဂုံး
ဒီဆောင်းပါးရဲ့ နိဂုံးအဆုံးသတ်ကို ရည်ရွယ်ခြင်းပါ။ နိုင်ငံတကာအခင်းအကျင်းနဲ့ နွေဦးတော်လှန်ရေးအကြောင်း နိဂုံးအပိုင်း ရေးနေစဥ်မှာ ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေပြီး နိုင်ငံတကာက အနုတ်လက္ခဏာ မြင်လာနိုင်စေတဲ့၊ ပြည်သူများ ဝေဝါးသွားစေနိုင်တာများကို စိတ်မသက်မသာစရာ တွေ့မြင်နေရတဲ့ အတွက်ပါ။ တည်ဆောက်ဖို့ ခက်ခဲပြီး ဖြိုဖျက်ရန် အလွယ်ကူဆုံးမှာ ‘ယုံကြည်မှု’ ဆိုတဲ့အရာပဲ ဖြစ်ပါတယ်။ ‘ယုံကြည်မှု’ မရှိတော့ရင်ဖြင့် စည်းလုံးညီညွတ်မှုဆိုတာကို မျှော်လင့်လို့မရတော့ပါဘူး။
တကယ်တော့ နွေဦးတော်လှန်ရေးဟာ အကန့်အသတ်ရှိတဲ့ အရင်းအမြစ် ကိရိယာများကို အသုံးပြုပြီး နိုင်ငံရေး ကြိုးတန်းပေါ်မှာ ကြမ်းတမ်းတဲ့ ထိုးနှက်မှုများကြားက အတိမ်းအစောင်းမခံ လျှောက်လှမ်းနေရတာမျိုး ဖြစ်ပါ တယ်။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုက မရှိမဖြစ်လို့ ပြောလို့မရတော့ပေမယ့် ‘ရှိလျင် ပိုကောင်းသည်’ လို့ ပြော ရမယ့် အကန့်အသတ်နဲ့ လိုအပ်ချက်တရပ်အဖြစ် ဆက်ရှိနေပါသေးတယ်။ တရုတ်နိုင်ငံမှသာ မဟုတ်၊ အနောက်အုပ်စုရဲ့ အတိုးအဆုတ် အလျှော့အတင်း ရှေ့ခြေလှမ်းများဟာ မြန်မာပြည်သူများရဲ့ စုစည်းညီညွတ်မှုအပေါ် မူတည်နေတယ် ဆိုတာက ငြင်းပယ်လို့မရတဲ့ အချက်ပါ။
နွေဦးတော်လှန်ရေးကို အားနည်းသွားစေနိုင်တဲ့ ပြုမူပြောဆိုမှုများနဲ့ ပတ်သက်ပြီး ရေးသားခဲ့ဖူးတဲ့ ဆောင်းပါးကိုပဲ ပြန်ကိုးကားလိုပါတယ်။
Rating Sociological Group (Ukraine)ရဲ့ စစ်တမ်းများအရ ၂၀၂၀ ပြည့်နှစ် ဇွန်လကစပြီး ’ဇလဲန်းစကီး’အပေါ် လူထုထောက်ခံမှု ၄၀ ရာခိုင်နှုန်းအောက်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာတော့ ၃၁ ရာခိုင်နှုန်းမျှသာ ထောက်ခံခဲ့ကြပေမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ၉၁ ရာခိုင်နှုန်းအထိ ပြန်တက်လာခဲ့ခြင်းက အနောက်အုပ်စုရဲ့ ထောက်ခံမှု အခိုင်အမာ ရရှိစေတဲ့ အဓိကအချက်တချက် ဖြစ်တယ်ဆိုတဲ့အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ ယူကရိန်းပြည်သူတွေ ယုံကြည်မှုနည်းပါးပြီး အပြည့်အဝမထောက်ခံတဲ့ အားနည်းတဲ့ အစိုးရတရပ်ဆိုရင် အနောက်အုပ်စုအပါအဝင် နိုင်ငံတကာအနေနဲ့ အခုလို ပြတ်ပြတ်သားသား ထောက်ခံဖို့ ခက်ခဲပါလိမ့်မယ်။
ဦးဆောင်အဖွဲ့အစည်းနဲ့ ပြည်သူများအကြား ယုံကြည်မှုပျက် ပြားလာစေမိရင်တော့၊ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဦးဆောင်မှုပေးနေသူများကို မြန်မာပြည်သူများက စုစုစည်းစည်း အားပေးထောက်ခံမှု မရှိကြဘူးလို့ နိုင်ငံတကာက မြင်လာနိုင်ပြီး သူတို့ရဲ့ ပံ့ပိုးရပ်တည်ပေးမှုက လျော့ကျသွားနိုင်ပါတယ်။
မြန်မာ့အရေးမှာ ပိုဆိုးတဲ့အချက်က တရုတ်နိုင်ငံအနေနဲ့ အဲဒီလိုအခြေအနေမှာ သူ့အကျိုးစီးပွားအတွက် တဘက်ကို ပြတ်ပြတ်သားသား ရပ်လိုက်မှာ ဖြစ်တဲ့အတွက် ချိန်ခွင်ညှာ သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်။ တကယ်လို့ အနောက်အုပ်စုက ခြေတလှမ်းဆုတ်ပြီး၊ တရုတ်ကသာ ခြေတလှမ်းတိုးလာခဲ့ရင်တော့ နွေဦးတော်လှန်ရေးအနေနဲ့ အလုံးစုံ ပျက်စီးသွားမှာ မဟုတ်ပေမယ့်လည်း အခက်အခဲတွေ၊ ကြန့်ကြာမှုတွေနဲ့ ပိုရင်ဆိုင်ရနိုင်ပါတယ်။
မိမိတို့ရဲ့ စိတ်အလိုလိုက် ပြောဆိုမှုနေမှုများဟာ ‘နိုင်မှာလား’ ဆိုတဲ့ မေးခွန်းမေးသူနဲ့ ပြန်ဖြေဆိုပေးသူများရဲ့ နဂိုရှိရင်းစွဲ ယုံကြည်စိတ်ကို ဝေဝါးလှုပ်ခတ်သွားစေခဲ့တယ် ဆိုရင်တော့ မိမိတို့အပြုအမူဟာ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိနေသလဲ ဆိုတာကို ပြန်ဆန်းစစ်ကြရပါတော့မယ်။ နွေဦးတော်လှန်ရေးကို အမှန်တကယ် ယုံကြည်ထားတဲ့အပြင် အသက်ဘဝ ပေးဆပ်ခဲ့ကြသူများအပေါ် တန်ဖိုးထား လေးစားကြတယ် ဆိုရင်တော့ ပြန်သုံးသပ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ စကားအပြန်အလှန် အချေအတင် ပြောဆိုမှုတွေမှာလည်း အခု တွေ့မြင် ကြားသိနေရတာတွေမှာ ဘယ်တိုင်းရင်သား အဖွဲ့အစည်းများကိုမှ တရားဝင် ကိုယ်စားပြု ပြောဆိုဆွေးနွေးနေသူများ မဟုတ်ကြတာကို သတိချပ်ပြီး ထိရှလွယ်သော စကားလုံးများကို ဆင်ခြင်ပြောဆိုကြရပါမယ်။
ချုံ့ပြီးပြောရရင်ဖြင့် နွေဦးတော်လှန်ရေး စစဥ်ကတည်းက အားလုံးတဖွဖွ ပြောကြားနေကြတဲ့ စုစည်းညီညွတ်မှု ဆိုတာက ကိုယ့်ပြည်သူပြည်သား အချင်းချင်းကသာ သတိရှိရှိ အာရုံစူးစိုက်နေကြတာမဟုတ်ဘဲ နိုင်ငံတကာကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြတဲ့ အရာဖြစ်ကြောင်းကိုပါ။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar