Breaking News

မောင်လူရေး - အရည်အသွေး ၈ ခုနဲ့ နိုင်ငံရေးလမ်းမ


မောင်လူရေး - အရည်အသွေး ၈ ခုနဲ့ နိုင်ငံရေးလမ်းမ

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၂


သူတပါးကို အပြစ်လုံးလုံးတင်တဲ့ အာသာဖြေနိုင်ငံရေးလုပ်ငန်းနဲ့ ကိုယ့်ဘက်တော်သား ကိုယ့်အင်အားတွေကို မထီမဲ့မြင်ပြုတဲ့ ကိုယ့်သေတွင်းကိုယ်တူး နိုင်ငံရေးလုပ်ငန်း ဆိုတဲ့ အနုယောဂနိုင်ငံရေးလမ်းကြောင်းထဲ မဝင်ဘူးဆိုရင် ပြဿနာထုထည်ကို ကျကျနနမြင်ရမယ့် ပြဿနာရဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းသိရမယ့် အလယ်အလတ်လမ်းမပေါ်  ရောက်မယ်။

အဲဒီလမ်းကို လျှောက်ရင်တော့ မလိုလားအပ်တဲ့ စိတ်ရှုပ်ထွေးမှု၊ စိတ်ရှုပ်ထွေးစေမှု၊ စိတ်ဓာတ်အင်အားဖြုန်းတီးမှုတွေ မရှိတော့ဘူးတဲ့။ ပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို တိုးတိုးရှာဖွေနိုင်ပြီတဲ့။ တော်လှန်ရေးတခုလုံး အစအဆုံး ကျကျနန အတွင်း အပြင် နှံ့နှံ့စပ်စပ်မြင်နိုင်ပြီတဲ့။ အချင်းချင်း အပြစ်တင်တာတွေ၊ တဖွဲ့နဲ့တဖွဲ့မထီမဲ့မြင်ပြုတာတွေ၊ အသိအမှတ်မပြုတာတွေ၊ ချောက်ချတာတွေ၊ နေရာလိုချင်တာတွေ၊ နယ်မြေချဲ့ချင်တာတွေ၊ လူမျိုးရေး ဇမ်းတင်ချင်တာတွေ၊ ဇရပ်ပေါ်က ဂျပိုး တွေ့တုန်း ထိုးလိုက်အုံးမယ်ဆိုတဲ့ စိတ်တွေ၊ ရသမျှရန်ပုံငွေ ကိုယ်ပဲ ထင်သလို စီမံခန့်ခွဲချင်တာတွေ၊ တွေ့သမျှ ချေမှုန်းပစ်ချင်တာတွေ၊ အနိုင်အထက်ပြုချင်တာတွေ၊ ငါတို့ပဲ လုပ်နေရ ဒင်းတို့ကတော့ နေနိုင်လိုက်တာဆိုတဲ့ အတွေးသိမ်သိမ်တွေ၊ သင်းတို့က လှေဦးမှာ ထိုင်ရုံထိုင်နေတာ၊ လှော်တာမဟုတ်ဘူးလို့ ထင်နေတာတွေ၊ လုပ်ပိုင်ခွင့်တွေ မောင်ပိုင်စီးထားတာတွေ၊ နိုင်ငံရေး သဘောထားမမှန်တာတွေ၊ နိုင်ငံရေးအမြင်မရှင်းတာတွေ၊ ငါတို့လောက် ထောက်ခံမှု ရှိရဲ့လားဆိုတဲ့ မာန်တွေ၊ ငါတို့လို လက်နက်ရှိလို့လား ကျွမ်းကျင်မှုရှိလို့လား ဆိုတဲ့ ထန်တွေ၊ အရင်ကတော့ ဘာမှလုပ်ခဲ့တာ မဟုတ်ဘူး၊ ခုမှ..ဆိုတာတွေ၊ ငပေါ ငပိန်းထင်တာတွေ၊ ချေမိုးတာတွေ၊ တက်မလာနဲ့ တောက်ချလိုက်မယ် ဆိုတာတွေ၊ ယုံကြည်ချက် မခိုင်မာတာတွေ၊ တော်လှန်ရေးက အောင်ပါ့မလားဆိုတဲ့ သံသယတွေ ကင်းစင်သွားမယ်တဲ့။ 

တော်လှန်ရေးအောင်ပန်းဆင်နိုင်မယ့် အလယ်အလတ်လမ်း မဇ္ဈိမပဋိပဒါနိုင်ငံရေးလုပ်ငန်းလမ်းကြောင်းပေါ်ကို လျှောက်ဖို့ အရည်အသွေး ၈ ခုလိုတယ်။ ဒီဟာတွေက ဟိုအနုယောဂလမ်းနှစ်သွယ်မှာ မရှိဘူး။ ဘာတွေလဲဆိုတော့-

ရှင်းလင်းတဲ့ နိုင်ငံရေးအမြင် = သမ္မာဒိဋ္ဌိ၊ ‌

မွန်မြတ်တဲ့ နိုင်ငံရေးသဘောထား = သမ္မာသင်္ကပ္ပ၊

ဖြောင့်မှန်တဲ့ ဖေ့ဘွတ်နိုင်ငံရေး = သမ္မာဝါစာ၊ 

သင့်တဲ့ နည်းလမ်းနဲ့ တော်လှန်ခြင်း=သမ္မာကမ္မန္တ၊ 

ဓမ္မအတွက် အသက်ရှင်ခြင်း = သမ္မာအာဇီဝ၊ 

မအောင်မချင်း စဉ်ဆက်မပြတ် တော်လှန်ခြင်း = သမ္မာဝါယာမ၊ 

လက်ရှိအခြေအနေမှန်ကို မျက်ခြည်မပြတ်သိနေခြင် း= သမ္မာသတိ၊ 

တော်လှန်ရေးအင်အားစုအားလုံးကို တော်လှန်ရေးလမ်းကြောင်းပေါ်၌သာ တစုတစည်းတည်းတည်ရှိနေစေခြင်း = သမ္မာသမာဓိတို့ပါပဲ။ 


မောင်လူရေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar